PDF

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာအမှတ်၊ ၃/၂၀၀၁

ရန်ကုန်မြို့၊ ၁၃၆၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်(၂၀၀၁ ခုနှစ်၊ မေလ ၇ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေများ ဟုခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေတွင် ပါရှိသည့် အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ထို့ပြင် အောက်ပါ စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) မြို့တော်နယ်နိမိတ်ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ကို ဆိုသည်။

(ခ) မြေခွန် မြေခ ဆိုသည်မှာ ဤနည်းဥပဒေများအရ စည်းကြပ်ကောက်ခံသော မြေခွန်နှင့် မြေငှား ရမ်းခ တို့ကိုဆိုသည်။

(ဂ) မြေငှားစာချုပ် ဆိုသည်မှာ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ နှစ်တိုနှစ်ရှည် ကာလသတ်မှတ်၍ အငှားချထားသည့် စာချုပ်ကိုဆိုသည်။

(ဃ) လိုင်စင် ဆိုသည်မှာ မြေနှင့်စပ်လျဉ်း၍ ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များ နှင့်အ ညီ မြေကို ယာယီအသုံးပြုခွင့်ပေးခြင်းကို ဆိုသည်။

(င) ပါမစ် ဆိုသည်မှာ မြေနှင့်စပ်လျဉ်း၍ ကော်မတီက သတ်မှတ်သည့်စည်းကမ်းချက်များ နှင့် အညီ လူနေအိမ် သို့မဟုတ်အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်ပြုခြင်းကို ဆိုသည်။

(စ) ဌာနမှူး ဆိုသည်မှာ ကော်မတီလက်အောက်ရှိ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနကို ကြီးကြပ် ကွပ်ကဲရသောအရာရှိကို ဆိုသည်။

အခန်း(၂)

မြေများကို စီမံခန့်ခွဲခြင်း

၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိအောက်ပါမြေများမှအပ ကော်မတီပိုင် မြေများ ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၊ ကော်မတီက တည်ဆဲဥပဒေ နှင့်အညီလဲွှပြောင်းရယူ ထားသော မြေများ၊ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ် ဖြင့်ဖြစ်စေ၊လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ ပုဂ္ဂလိက အားနေထိုင် အသုံးပြုခွင့် ပေးထားသော မြေများကို မြို့ပြစီမံကိန်းနှင့်အညီ စီမံခန့်ခွဲပိုင် ခွင့်ရှိသည်-

(က) နိုင်ငံတော်ပိုင်မြေ

(ခ) အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေ၊

(ဂ) အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေ၊

(ဃ) အခွန်လွတ် သာသနာ့မြေနှင့် အခွန်လွတ် ဗုဒ္ဓသိမ်မြေ၊

(င) လယ်ယာမြေ နှင့် မြေလွတ်မြေရိုင်း

၄။ ကော်မတီသည် နည်းဥပဒေ ၃ အရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကို အောက်ပါအတိုင်း စီမံခန့်ခွဲပိုင်ခွင့်ရှိသည်-

(က) မြို့ပြစီမံကိန်းနှင့်အညီ မြေအသုံးချခြင်းနှင့် စပ်လျဉ်း၍ စီမံချက် ချမှတ်ဆောင်ရွက်ခြင်း၊

(ခ) မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီမြို့ကွက်များဖော်ထုတ်၍ မြို့သစ်များ တည်ထောင်ခြင်း၊ မြို့မြေစာရင်း များ၊ မြို့နယ်၊ ရပ်ကွက်၊မြို့ကွက်မြေပုံများ ပြုစုထိန်းသိမ်းခြင်း၊

(ဂ) မြေငှားစာချုပ်များ၊လိုင်စင်များနှင့်ပါမစ်များ ထုတ်ပေးခြင်းနှင့် နေထိုင်အသုံးပြုခွင့်ပေးခြင်း။

(ဃ) မြေငှားစာချုပ်များ၊ လိုင်စင်များနှင့်ပါမစ်များကို သက်တမ်းသတ်မှတ်ခြင်း၊သက်တမ်း တိုးမြှင့်ပေးခြင်း၊ စည်းကမ်းဖောက်ဖျက်ပါက ဖျက်သိမ်းခြင်း၊

(င) မြေများကိုလဲလှယ်ခြင်း၊မြေပိုင်ဆိုင်ခွင့်အမည် လွှဲပြောင်းခြင်း၊ မြေတိုင်းတာခြင်း၊ ခွဲစိတ် ခွင့်ပြုခြင်း၊သက်သေခံမြေပုံမြေရာဇဝင် ထုတ်ပေးခြင်း၊ မြေတန်းဖိုးဖြတ်ခြင်းနှင့် အခြား နည်းဖြင့် စီမံခန့်ခွဲခြင်း။

(စ) မြေခွန်မြေခစည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ကြွေးကျန်ကောက်ခံခြင်း၊မြေခွန်မြေခ ကင်း လွတ်ခွင့်ပြု ခြင်း၊ သက်သာခွင့်ပြုခြင်း၊ပြန်လည်သတ်မှတ် စည်းကြပ်ခြင်း၊ စာရင်းမှ ပယ် ဖျက်ခြင်းနှင့် အခွန်ပိုငွေ ပြန်အမ်းခြင်း။

(ဆ) တရားမဝင် ကျူးကျော်ခြင်း၊မပြုနိုင်ရန်တားမြစ်ခြင်းနှင့် တရားမဝင်ကျူးကျော်သည့် အဆောက် အအုံများ၊ တရားမ၀င်ကျူးကျော်သူများကိုဖယ်ရှားခြင်း၊တရားစွဲဆိုခြင်း၊

(ဇ) ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၃(ခ)ပါ ပြဌာန်းချက် အရ ‘လယ်ယာမြေ’ဟူသော စကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊

(စျ) မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော ပုဂ္ဂလိကပိုင်မြေမှ အဆောက်အအုံကို ဖယ်ရှားခြင်း၊

(ည) သက်ဆိုင်ရာ ဝန်ကြီးဌာနက မြို့ပြစီမံကိန်းနှင့်အညီ တည်ထောင်ပြီးသောမြို့သစ်များ၊စီမံ ကိန်းဇုန်များ၊ အိမ်ရာစီမံကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ လွှဲပြောင်းရယူပြီး ဤနည်းဥပဒေ များနှင့်အညီ စီမံခန့်ခွဲခြင်း၊

(ဋ) လူနေရပ်ကွက်များ၊ မြို့တွင်းမြို့ပြင်ရှိ အဆောက်အအုံများ၊ စက်ရုံ အလုပ်ရုံများ၊ ဌာန ဆိုင်ရာ အဆောက်အအုံများ မီးလောင် ပျက်စီးသွားပါက ယင်းမီးလောင်မြေများကို မြို့ပြဖွံ့ဖြိုးမှုနှင့် လိုက်လျောညီထွေမှုရှိစေရန် စနစ်တကျစီမံခန့်ခွဲခြင်း၊ ယင်းကဲ့သို့ စီမံခန့်ခွဲနိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

(ဌ) မြစ်ချောင်းကမ်းပါးပြိုခြင်း၊ ရေတိုက်စားခြင်းစသည့် သဘာဝဘေးအန္တရာယ် တစ်ခုခု ကြောင့် ပျက်စီးသွား၍ ပေါ်ပေါက်လာသော မြေများကို စီမံခန့်ခွဲခြင်းနှင့် စနစ်တကျ နေရာချထားရန် ဆောင်ရွက်ခြင်း၊

(ဍ) အသုံးပြုခွင့်မရှိသော ပိတ်သိမ်းပြီးဖြစ်သည့် သုဿန်မြေများကို မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း နှင့်အညီ စီမံခန့်ခွဲခြင်း၊

၅။ ကော်မတီသည်-

(က) နည်းဥပဒေ ၃၅ နှင့်အညီ အများပြည်သူအကျိုးအတွက် သိမ်းယူထားသော သို့မဟုတ် ဝယ်ယူထား သော မြေနှင့်အဆောက်အအုံများကို မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့်အညီ လိုအပ် သလို စီမံခန့်ခွဲနိုင်သည်။

(ခ) နည်းဥပဒေ ၃၆၊ ၃၇၊ ၃၈ နှင့် ၃၉ တို့နှင့်အညီ လွှဲပြောင်းရယူထားသောမြေများကို မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့် အညီ လိုအပ်သလို စီမံခန့်ခွဲနိုင်သည်။

၆။ ကော်မတီသည် နည်းဥပဒေ ၄ နှင့် ၅ တို့အရ ကော်မတီ၏မြေများ စီမံခန့်ခွဲပိုင်ခွင့်ကို သတ်မှတ် ချက်များနှင့် အညီဆောင်ရွက်ရန် ရုံးအကြီးအကဲနှင့် ဌာနမှူးတို့အား လွှဲအပ်တာဝန်ပေးနိုင်သည်။

၇။ ကော်မတီသည် ဤနည်းဥပဒေများပါ ပြဌာန်းချက်များနှင့်အညီ မြေစီမံခန့်ခွဲမှုနှင့် မြေခွန်မြေခ အရပ်ရပ် ကောက်ခံမှုဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ကော်လိတ္တော်အရာရှိ၊ မြေခွန် တော်အရာရှိ၊ မြေအရာရှိ နှင့် နယ်နိမိတ်သတ်မှတ်ရေး အရာရှိများအဖြစ် သင့်လျော်သည့်ဝန်ထမ်းအား တာဝန်ပေးအပ်၍ ဆောင်ရွက်စေ နိုင်သည်။

အခန်း(၃)

မြို့ပြစီမံကိန်းများရေးဆွဲခြင်း

၈။ ကော်မတီသည် မြို့တော်နယ်နိမိတ် အတွက်ဖြစ်စေ၊ တိုးချဲ့ရန်ရည်ရွယ် သည့်နယ်မြေအတွက်ဖြစ်စေ ရေးဆွဲထားသော မြို့ပြစီမံကိန်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဉက္ကဌ ထံသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။

၉။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ မြို့တော်၏မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းတစ်ရပ်ကို အသေးစိတ်ရေးဆွဲ အကောင်အထည် ဖော်ခြင်း၊ ပြန်လည်သုံးသပ်၍ ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်နိုင်သည်။

၁၀။ ကော်မတီသည် မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီ မြို့ကွက်များဖော်ထုတ်၍ မြို့သစ်များ တည်ထောင်နိုင်သည်။

၁၁။ ကော်မတီသည် မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်ခြင်းမရှိသည့် နေရာများကို စနစ်တကျ မြို့ကွက်ရိုက်ခြင်း၊ ပြန်လည်နေရာချ ထားခြင်းတို့ကို ပြုလုပ်နိုင်သည်။

၁၂။ ကော်မတီသည် ကျူးကျော်ရပ်ကွက်များအား ရှင်းလင်းဖယ်ရှားပြီး စနစ်တကျပြန်လည်နေရာ ချထားခြင်း၊ ပြောင်းရွှေ့ နေရာချထားခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

၁၃။ ကော်မတီသည် မြို့ပြပြန်လည်တည်ဆောက်ရေး၊ မြို့ပြပြန်လည်သစ်လွင်ရေးနှင့် မြို့ပြဒီဇိုင်းပုံ ရေးဆွဲခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။

၁၄။ ကော်မတီသည် မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းတို့အတွက် ပြည် တွင်း ပြည်ပ အဖွဲ့အစည်း များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။

အခန်း(၄)

မြို့ပြစီမံကိန်းနှင့်အညီ မြေအသုံးချခြင်း

၁၅။ ကော်မတီသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၏ သဘောတူညီ ချက်ဖြင့် မြေယာ မူဝါဒများ ရေးဆွဲခြင်းနှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များရေးဆွဲခြင်းတို့ကို ပြုလုပ်နိုင်သည်။

၁၆။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ လိုအပ်ပါက မြေအသုံးချမှုများကို သတ်မှတ်ခြင်းနှင့် ပြုပြင်ပြောင်းလဲ ခြင်းတို့ကို ပြုလုပ်နိုင်သည်။

၁၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုက သော်လည်း ကောင်း၊ ပုဂ္ဂလိကအဖွဲ့ အစည်းတစ်ခုခုကသော်လည်းကောင်း၊ မြို့ပြဆိုင်ရာဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကော်မတီက ရေးဆွဲထားသည့် မြို့တော်၏မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့် လိုက်လျော ညီထွေမှု ရှိ မရှိ စီစစ်ရမည်။

၁၈။ အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းသည် မြို့တော်နယ်နိမိတ်အတွင်း မြေအသုံးချလိုပါက ကော်မတီနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ရမည်။

၁၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း စီမံကိန်းဇုန်များကို မြို့တော်၏ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီ ရေးဆွဲသတ်မှတ်နိုင်သည်။

၂၀။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ ဖော်ထုတ်ပြီးသော အိမ်ရာမြေကွက်များကို အသေးစိတ် တိုင်းတာ၍ မြို့ကွက်မြေပုံ၊ မြို့မြေစာရင်းနှင့် ကွန်ပျူတာမှတ်တမ်းတို့တွင် မှတ်တမ်းတင်ထားရမည်။

၂၁။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ မြေအသုံးချခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဆုံး အဖြတ်ပေးနိုင်သည်။

အခန်း(၅)

မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် ဖျက်သိမ်းခြင်း

၂၂။ ကော်မတီသည် လူနေထိုင်ရန်အတွက် အဆောက်အအုံများဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ရန် သို့မဟုတ် အခြားလုပ်ငန်းများဆောင်ရွက်ရန် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးနိုင်သည်။

၂၃။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့်ပါမစ်များကို ထုတ်ပေးရာတွင် မြေယာမူဝါဒ နှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များကို ထိခိုက်နိုင်သည့် ကိစ္စရပ်များမှအပ အထူးကိစ္စရပ်များ၌ လို အပ်သော အချက်အလက်များ ပြည့်စုံမှုမရှိသော်လည်း လျှော့ပေါ့သတ်မှတ်၍ ထုတ်ပေးနိုင်သည်။

၂၄။ ကော်မတီသည် အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် မြေငှားအသစ်ချထား၍ မြေငှားရမ်းခွင့်ရရှိ သည့် ပုဂ္ဂိုလ်အား မြေငှားစာချုပ်ကို ထုတ်ပေးနိုင်သည်-

(က) တစ်ဦးချင်းစနစ်

(ခ) တင်ဒါစနစ်

(ဂ) လေလံစနစ်

၂၅။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များ၏ သက်တမ်းကိုသတ်မှတ်ခြင်း၊ ပြင်ဆင် ခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

၂၆။ (က) ကော်မတီသည် မြေငှားစာချုပ် စည်းကမ်းများ၊ လိုင်စင်စည်းကမ်းများနှင့် ပါမစ် စည်း ကမ်းများကိုသတ်မှတ်နိုင်သည်။

(ခ) နည်းဥပဒေခွဲ(က)အရ သတ်မှတ်ထားသော စည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်ကို ဖျက်သိမ်း၍ လိုအပ်သလို စီမံခန့်ခွဲနိုင် သည်။ ယင်းသို့ ဖျက်သိမ်းခြင်းခံရပါက ပေးသွင်းထားသောငွေကို ပြန်လည်တောင်း ခံပိုင်ခွင့် မရှိစေရ။

၂၇။ ကော်မတီသည် သာသနာရေးဆိုင်ရာ ကိစ္စရပ်များအတွက် အခွန်လွတ် သာသနာ့မြေဂရန်နှင့် အခွန်လွတ် ဗဒ္ဓသိမ်မြေဂရန်များကို ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ထုတ်ပေးနိုင်သည်။

၂၈။ ကော်မတီသည် မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးနိုင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။

၂၉။ မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးရာတွင် သတ်မှတ်သည့်ကာလ အတွင်း မြေငှား စာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ် ရရှိသည့် ပုဂ္ဂိုလ်က ငွေပေးသွင်းရန် ပျက်ကွက်ပါက ကော်မတီသည် မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ် ချထားခြင်းကို ဖျက်သိမ်းနိုင်သည်။

အခန်း(၆)

မြေခွန် မြေခ စည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ကင်းလွတ်ခွင့်ပြုခြင်းနှင့် သက်သာခွင့်ပြုခြင်း

၃၀။ ကော်မတီသည် နည်းဥပဒေ ၃ အရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၏ မြေခွန်မြေခများကို တည်ဆဲဥပဒေများ နှင့်အညီ စည်းကြပ်ကောက်ခံရမည်။

၃၁။ ကော်မတီသည် စည်းကြပ်ကောက်ခံမည့် မြေခွန် မြေခ အမျိုးအစားနှင့်နှုန်းထားများကို အခါ အားလျော် စွာ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်သည်။

၃၂။ ကော်မတီသည် ရရန်ရှိသော မြေခွန်မြေခကြွေးကျန်များကို မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ အရ တောင်းခံနိုင်သည်။

၃၃။ မြို့တော်နယ်နိမိတ်အတွင်း လွှဲပြောင်းသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတန်းဖိုးအပေါ်တွင် မြန်မာနိုင်ငံ တံဆိပ်ခေါင်းခွန် အက်ဥပဒေအရ ရရှိသည့်ငွေ၏ ၂ရာခိုင်နှုန်းကို ကော်မတီသည် ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနထံမှ တောင်းခံရယူရမည်။

၃၄။ ကော်မတီသည် မြေငှားစာချုပ်၊ လိုင်စင် သို့မဟုတ် ပါမစ်အတွက် ရရန်ရှိသည့် မြေခွန်မြေခများ ကို ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုနိုင်သည်။

အခန်း(၇)

မြေသိမ်းယူခြင်း၊ မြေဝယ်ယူခြင်းနှင့် မြေလွှဲပြောင်းရယူခြင်း

၃၅။ ကော်မတီသည် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော ပုဂ္ဂလိက ပိုင်မြေ နှင့် အဆောက်အအုံများကို အများပြည်သူအကျိုးအတွက် တည်ဆဲဥပဒေများနှင့်အညီ လျော်ကြေးပေး၍ မြေသိမ်းယူခြင်း သို့မဟုတ် သင့်လျော်သောတန်ဖိုးပေး၍ဝယ်ယူခြင်း ပြုနိုင်သည်။

၃၆။ ကော်မတီသည် မြို့ပြစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကပိုင်မြေကို အများ ပြည်သူအကျိုး အတွက် လွှဲပြောင်းရယူရန်လိုအပ်ပါက မြေသိမ်းယူခြင်းနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်းခံရသော သက်ဆိုင်ရာဝန်ကြီးဌာနက တည်ဆဲဥပဒေများနှင့်အညီ မြေသိမ်းယူရေးနှင့် သိမ်းယူပြီးသော မြေကိုလွှဲပြောင်းရယူရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်သည်။

၃၇။ ကော်မတီသည် သက်ဆိုင်ရာ၀န်ကြီးဌာနက မြို့ပြစီမံကိန်းနှင့်အညီ တည်ထောင်ပြီးသော မြို့သစ်များ၊စီမံကိန်းဇုန်များ၊အိမ်ရာစီမံကိန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ လွှဲပြောင်း ရယူပြီး ဤနည်းဥပဒေများ နှင့်အညီ စီမံခန့်ခွဲနိုင်သည်။

၃၈။ ကော်မတီသည် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်း ပိုင်မြေကိုလွှဲ ပြောင်းရယူရန်လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းနှင့် ညှိနှိုင်းပြီး လွှဲပြောင်း ရယူနိုင်သည်။

၃၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းတည်ရှိသော စားကျက်မြေများကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်းပြီး လွဲပြောင်းရယူနိုင်သည်။

အခန်း(၈)

မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို စီမံခန့်ခွဲခြင်း

၄၀။ ကော်မတီသည် ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ်ဖြင့် ဖြစ်စေ၊လိုင်စင်ဖြင့်ဖြစ်စေ ပါမစ်ဖြင့်ဖြစ်စေ ပုဂ္ဂလိကအား နေထိုင်အသုံးပြုခွင့် ပေးထားသောမြေနှင့်မြေပေါ်ရှိ မရွှေ့မပြောင်း နိုင်သော ပစ္စည်းများမှအပ မိမိစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနှင့်မြေပေါ်ရှိ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်နိုင်သည်။

၄၁။ ကော်မတီသည် ဤနည်းဥပဒေများ၏ အခန်း(၇)ပါ ပြဌာန်းချက်များနှင့်အညီ သိမ်းယူထား သော မြေများ၊ ဝယ်ယူထားသောမြေများနှင့် လွှဲပြောင်းရယူထားသော မြေများကို ဤနည်းဥပဒေများ နှင့်အညီ စီမံခန့်ခွဲခွင့်ရှိသည်။

အခန်း(၉)

မှတ်တမ်းများ၊ ပုံစံများ သတ်မှတ်ခြင်း ထိန်းသိမ်းထားရှိခြင်းနှင့် မိတ္တူကူးယူခြင်း

၄၂။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့် မြို့တော်၏မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းများ မြေစီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍-

(က) ကွန်ပျူတာမှတ်တမ်းများ ထားရှိရမည်။

(ခ) လိုအပ်သည့်မှတ်တမ်းများ၊စာအုပ်စာတမ်းများ၊စာရင်းဇယားများ၊ပုံစံများကို သတ်မှတ်ထား ရှိရ မည်။

(ဂ) ကွန်ပျူတာမှတ်တမ်းများ၊အခြားလိုအပ်သည့်မှတ်တမ်းများ၊စာအုပ်စာတမ်းများနှင့် စာရင်းဇယားများ ကို စနစ်တကျထိန်းသိမ်းထားရှိရမည်။

၄၃။ ကော်မတီသည် မြေစာရင်းမှတ်တမ်းများကို သတ်မှတ်ချက်များနှင့်အညီ အများပြည်သူအား ကြည့်ရှုခွင့် ပေးခြင်း၊မိတ္တူကူးယူခွင့်ပြုခြင်း၊မိတ္တူကူးခ သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

အခန်း(၁၀)

မြေတိုင်းတာခြင်း

၄၄။ ကော်မတီသည် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ လိုအပ်ချက်အရဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦး ၏လျှောက် ထားချက်အရဖြစ်စေ မြေတိုင်းတာပြီး အတည်ပြုမြေတိုင်းမြေပုံကို ထုတ်ပေးနိုင်သည်။

၄၅။ ကော်မတီ၏ခွင့်ပြုချက်အရ ဆောင်ရွက်သောမြေတိုင်းတာရေးအဖွဲ့သည် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိ သော မြေနှင့် ကော်မတီက မြေငှားစာချုပ်၊လိုင်စင်၊ပါမစ်ထုတ်ပေးထားသော မြေအတွင်းသို့ သတ်မှတ်ချက်များ နှင့်အညီ ဝင်ရောက် တိုင်းတာခွင့်ရှိသည်။

၄၆။ မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြေတိုင်းတာရေးဆောင်ရွက်သည့် မြေတိုင်းတာရေး အဖွဲ့၀င် တစ်ဦးဦးအား ဟန့်တားနှောင့်ယှက်ခြင်း မပြုရ။

အခန်း(၁၁)

တရားမ၀င် ကျူးကျော်သည့် အဆောက်အအုံများနှင့် ကျူးကျော်သူများအား ဖယ်ရှားခြင်း

၄၇။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ လိုအပ်ပါက ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိ သည့် မြေများပေါ်တွင် တရားမဝင် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဖယ်ရှားခြင်း၊ တရားမဝင် ကျူးကျော်ခြင်းမပြုနိုင်ရန် တားမြစ်ခြင်းနှင့် တရားမဝင် ကျူးကျော်သူများအား ဖယ်ရှားခြင်း တို့ကိုပြုလုပ်နိုင်သည်။

၄၈။ ကော်မတီသည် မြို့ပြစီမံကိန်းဆောင်ရွက်ရန်လွှဲပြောင်းရယူထားသော မြေများပေါ်ရှိ တရားမဝင် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများနှင့် တရားမဝင်ကျူးကျော်သူများအား ဖယ်ရှားနိုင်သည်။

အခန်း(၁၂)

အယူခံခြင်း

၄၉။ ဤနည်းဥပဒေများအရ ချမှတ်သော အမိန့်နှင့်စပ်လျဉ်း၍ မကျေနပ်သူသည် အောက်ပါအတိုင်း အယူခံဝင် နိုင်သည်-

(က) ဌာနမှူးက ချမှတ်သောအမိန့်ကို ရုံးအကြီးအကဲထံသို့ အမိန့်ချမှတ်ကြောင်း အကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း။

(ခ) ရုံးအကြီးအကဲက ချမှတ်သော အမိန့်ကို ကော်မတီထံသို့ အမိန့်ချမှတ်ကြောင်း အကြောင်းကြား စာ ရရှိသည့်နေ့မှ ရက်ပေါင်း ၆၀ အတွင်း။

၅၀။ ကော်မတီက ချမှတ်သောအမိန့်သည် အပြီးအပြတ် ဖြစ်စေရမည်။

အခန်း(၁၃)

အထွေထွေ

၅၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သင့်တင့်လျောက်ပတ်စွာ အခြေချနေထိုင်သင့်သည့် လူဦးရေကို သတ်မှတ်ပြီး လိုအပ်သော အစီအစဉ်များချမှတ် ဆောင်ရွက်နိုင်သည်။

၅၂။ ကော်မတီသည် မြို့တော်၏ မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းနှင့် လိုက်လျောညီထွေမှုရှိစေရန် မြို့တော်နယ်နိမိတ်ကို အခါအားလျော်စွာပြင်ဆင်တိုးချဲ့သတ်မှတ်နိုင်သည်။

၅၃။ဤနည်းဥပဒေများပါပြဌာန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လိုအပ်သည့်အကူအညီများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများထံ တောင်းခံနိုင်သည်။

၅၄။ ကော်မတီသည် ဤနည်းဥပဒေများအရဆောင်ရွက်ရန်ရှိသော လုပ်ပိုင်ခွင့်နှင့်လုပ်ငန်း တာဝန် များကို ရုံးအကြီးအကဲနှင့် ဌာနမှူးတို့အားဖြစ်စေ၊မိမိလက်အောက်ရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းအားဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

၅၅။ ရုံးအကြီးအကဲနှင့် ဌာနမှူးတို့သည် ဤနည်းဥပဒေများအရ မိမိတို့အား ပေးအပ်ထားသော လုပ်ငန်း တာဝန်များကို သင့်လျော်သည့်ဝန်ထမ်းများအား လွှဲအပ်၍ ဆောင်ရွက်စေနိုင်သည်။

၅၆။ ကော်မတီသည် ဤနည်းဥပဒေများပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သော အမိန့်နှင့် ညွှန်ကြား ချက်များကို ထုတ်ပြန်နိုင်သည်။

အမိန့်အရ

(ပုံ)ကိုလေး ဉက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

၂၃-၁-၂ဝ၁ရ ရက်စွဲပါ ကော်မတီဝင်များအစည်းအဝေးမှတ်တမ်း (၃/၂ဝ၁၇) ဆုံးဖြတ်ချက်အပိုဒ်-၆။ (က/၄၂)အရယာယီအတည်ပြုထားသည့်မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာအမှတ်၊ /၂ဝ၁၇

ရန်ကုန်မြို့၊ ခုနှစ်၊ လ ရက်

(၂ဝ၁၇ ခုနှစ်၊ လ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၈၅ ၊ ပုဒ်မခွဲ(ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် ကိုကျင့်သုံး၍ အောက်ပါလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်လိုက်သည်။