ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ဥပ​​​​ဒေ၊နည်းဥပ​​​​ဒေ၊အမိန့်နှင့်ညွှန်ကြားချက်များ

နိဒါန်း

PDF

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော် ကတည်းကပေါ်ပေါက်ခဲ့သော အဖွဲ့အစည်းကြီးဖြစ်ပါသည်။ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲအပြီး ရန်ကုန်မြို့၌ မြို့ဝန်Town Magistrateက တာဝန်ယူအုပ်ချုပ်ခဲ့ပါသည်။ ရန်ကုန်သည် ဆိပ်ကမ်းမြို့ဖြစ်လာပြီး လျှင်မြန်စွာဖွံ့ဖြိုးခဲ့သည့်အတွက် ရန်ကုန်မြူနီစီပယ်ဥပဒေကို ၁၈၇၄ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ပြဌာန်းပြီး မြူနီစီပါယ်အဖွဲ့ကို ဖွဲ့စည်း၍ အုပ်ချုပ်ရေး စတင် ပြောင်းလဲခဲ့လေသည်။ မြန်မာနိုင်ငံတွင် ပြဌာန်းခဲ့သော မြူနီစီပါယ်ဥပဒေများ အနက် ပထမဦးဆုံး ဥပဒေဖြစ်ကြောင်း တွေ့ရှိရပါသည်။

ထို့နောက်ပိုပြီးပြည့်စုံစေရန် မြူနီစီပါယ်ဥပဒေကို ထပ်မံပြဌာန်းရန်လိုအပ်လာသဖြင့် ၁၈၈၄ ခုနှစ်အောက်တိုဘာလ ၃ ရက်နေ့တွင် ဥပဒေသစ်ကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းဥပဒေနှစ်ရပ်စလုံးသည် အင်္ဂလိပ်များ အုပ်ချုပ်စဉ်က ပြဌာန်းခဲ့သောဥပဒေများဖြစ်လေသည်။၁၈၉၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော မြူနီစီပါယ်ဥပဒေကို ပြဌာန်းခဲ့ပါသည်။ရန်ကုန်မြို့သည် လူဦးရေတိုးတက် များပြားလာခြင်း၊ စီးပွားရေးလုပ်ငန်းများ တိုးတက်ထွန်းကားလာခြင်းများကြောင့် ရန်ကုန်မြို့တော် မြူနီစီပါယ်ကော်မတီမှ ရန်ကုန်မြို့တော်မြူနီစီပါယ် အက်ဥပဒေကို သီးခြားပြဌာန်းပေးရန် ၁၉၁၁ ခုနှစ်တွင် အစိုးရထံ အဆိုပြုလွှာ စတင်တင်ခဲ့ပါသည်။ ၁၉၁၅ ခုနှစ်တွင် အစိုးရက ဥပဒေမူကြမ်းတစ်စောင်ကို ပြန်လည်ချပေးခဲ့ပြီး ကော်မတီက အဆင့်ဆင့် စီစစ်ပြုပြင်ရေးဆွဲခဲ့ကြရာမှ ၁၉၂၂ ခုနှစ်တွင် ရန်ကုန်မြူနီစီပါယ် အက်ဥပဒေကို ပြဌာန်းပေးခဲ့ပါသည်။ ရန်ကုန်မြူနီစီပါယ် အက်ဥပဒေသည် ၁၉၂၂ ခုနှစ်သြဂုတ်လ ၁ရက်နေ့မှစတင်၍ အာဏာသက်ရောက်ခဲ့လေသည်။

၁၉၂၂ ခုနှစ် ရန်ကုန်မြူနီစီပါယ် အက်ဥပဒေ ပြဌာန်းချက်များနှင့်အညီ စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်တွင် မြူနီစီပါယ် လုပ်ငန်းများနှင့် ပတ်သက်ပြီးဥပဒေအချို့ကို မြန်မာစာဖြင့် ပြဌာန်းပေးခဲ့သည်။ ရန်ကုန်မြူနီစီပါယ်ကော်မတီကို သတ်မှတ်ထားသော ဥပဒေများနှင့်အညီ ဖွဲ့စည်းပြီးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

၁၉၇၂ ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် တော်လှန်ရေးကောင်စီအစိုးရမှ ကြေညာချက် ထုတ်ပြန်၍ အုပ်ချုပ်ရေးတစ်ရပ်ဖြင့် ပြောင်းလဲခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ ၁၉၇၄ ခုနှစ် မတ်လ ၂၅ရက်နေ့တွင် ရန်ကုန်မြို့တော်မြူနီစီပါယ် ကော်မတီကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးအဖွဲ့ဟု ပြောင်းလဲသတ်မှတ်ခေါ်ဝေါ်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။ ၁၉၈၃ ခုနှစ်တွင် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ်မှ ရန်ကုန်မြို့တော်ကို မြို့တော်အင်္ဂါရပ် နှင့်ညီညွှတ်စေရေးအတွက် သီးခြားကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့ပါသည်။ ကော်မတီကို အဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြသော်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ ၁၉၂၂ ခုနှစ် ဥပဒေပါ ပြဌာန်းချက်များအတိုင်း ဆက်လက် အကောင်အထည် ဖော်ခဲ့ပါသည်။

ဤသို့ဖြင့် ခေတ်ကာလများအဆင့်ဆင့် ပြောင်းလဲလာသကဲ့သို့ ရန်ကုန်မြူနီစီပါယ် အဖွဲ့သည်လည်း အမည်အမျိုးမျိုး အသွင်အမျိုးမျိုးဖြင့် ပြောင်းလဲလာခဲ့ပါသည်။ အင်္ဂလိပ် အုပ်ချုပ်မှုအောက်မှ မြူနီစီပါယ်၊လွတ်လပ်ရေးရပြီးနောက် မြူနီစီပါယ်၊ အိမ်စောင့်အစိုးရ လက်ထက်မြူနီစီပါယ်၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်မြူနီစီပါယ်၊ ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး အဖွဲ့နှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းနိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၁/၉ဝ အရ ဖွဲ့စည်းခဲ့သည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအထိ အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ မြူနီစီပါယ်အဖွဲ့အစည်းအသီးသီးသည် ၁၉၂၂ ခုနှစ် မြူနီစီပါယ်အက်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းတာဝန်များအား ဆောင်ရွက်ခဲ့ကြပါသည်။ ပြောင်းလဲတိုးတက် လာသောအခြေအနေနှင့် ရန်ကုန်မြို့တော်ကြီးအား သန့်ရှင်းသာယာလှပသော ကမ္ဘာ့အဆင့်အတန်းမှီ မြို့တော်ဖြစ်စေရန် ရည်ရွယ်၍ ပြဌာန်းခဲ့ပြီးသော ဥပဒေများကို မှီငြမ်းကာ ပိုမို၍ လုပ်ငန်းများ သွက်လက်မြန်ဆန်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ ၃၃၊ ပုဒ်မ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၏ သဘောတူညီချက်ကို ရယူကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့
ဥပဒေအမှတ် ၁၁/၉၀
အမိန့်ကြော်ငြာစာအမှတ် (၄/၉၉) အမိန့်အမှတ် (၁/၉၅)
အမိန့်ကြော်ငြာစာအမှတ် (၅/၉၉) အမိန့်အမှတ် (၁/၉၆)
အမိန့်ကြော်ငြာစာအမှတ် (၆/၉၉) အမိန့်အမှတ် (၂/၉၆)
အမိန့်ကြော်ငြာစာအမှတ် (၇/၉၉) အမိန့်အမှတ် (၃/၉၆)
အမိန့်ကြော်ငြာစာအမှတ် (၈/၉၉) အမိန့်အမှတ် (၄/၉၆)
အမိန့်ကြော်ငြာစာအမှတ် (၉/၉၉) အမိန့်အမှတ် (၅/၉၆)
အမိန့်ကြော်ငြာစာအမှတ် (၁၀/၉၉) အမိန့်အမှတ် (၁/၉၇)
အမိန့်ကြော်ငြာစာအမှတ် (၁၁/၉၉) အမိန့်အမှတ် (၂/၉၇)
အမိန့်ကြော်ငြာစာအမှတ် (၁၂/၉၉) အမိန့်အမှတ် (၁/၉၉)
အမိန့်ကြော်ငြာစာအမှတ် (၁၃/၉၉) အမိန့်အမှတ် (၁/၂၀၀၂)
အမိန့်ကြော်ငြာစာအမှတ် (၁၄/၉၉) အမိန့်အမှတ် (၁/၂၀၀၃)
အမိန့်ကြော်ငြာစာအမှတ် (၁၅/၉၉) အမိန့်အမှတ် (၂/၂၀၀၃)
အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၀၁) အမိန့်အမှတ် (၁/၂၀၀၅)
အမိန့်အမှတ် (၁/၂၀၁၂)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ
(၂ဝ၁၁ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် ၁)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ

(နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၁/၉၀)

၁၃၅၂ခုနှစ် ကဆုန်လပြည့်ကျော် ၆ရက်

၁၉၉၀ ပြည့်နှစ် မေလ (၁၄)ရက်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အောက်ပါဥပဒေကို ပြဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်

၁။ ဤဥပဒေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ် သက်ရောက်စေရမည် -

(က) ကော်မတီ ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို ဆိုသည်။
(ခ) ရုံးအကြီးအကဲ ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံး၏ ဝန်ထမ်းအကြီးအကဲကို ဆိုသည်။

အခန်း(၂)

ဖွဲ့စည်းခြင်း

၃။ ရန်ကုန်မြို့တော်၏ စည်ပင်သာယာရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဌသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကို အဖွဲ့ဝင်အနည်းဆုံး ၇ ဦး၊ အများဆုံး ၁၅ ဦးဖြင့် ဖွဲ့စည်းရမည်။ လိုအပ်လျှင် အဖွဲ့ဝင်ဦးရေကို တိုးမြင့်နိုင်သည်။ယင်းသို့ဖွဲ့စည်းရာတွင် သင့်လျှော်သော နိုင်ငံသားများဖြင့် ဖွဲ့စည်း ရမည်။

၄။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဌသည် ပုဒ်မ ၃ အရ ကော်မတီကို ဖွဲ့စည်းရာတွင် ကော်မတီ၏ ဥက္ကဌ၊ (ဒုတိယဥက္ကဌ)နှင့် အတွင်းရေးမှူးတို့ကို တပါတည်း သတ်မှတ်ရမည်။

၅။ ကော်မတီ၏ ဥက္ကဌသည် ရန်ကုန်မြို့တော်ဝန်ဖြစ်သည် ။

၆။ ရုံးအကြီးအကဲသည် ကော်မတီ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သည်။

အခန်း(၃)

ကော်မတီ၏ လုပ်ငန်းတာဝန်များ

၇။ ကော်မတီသည် အောက်ပါလုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ မူချမှတ်ခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း သို့မဟုတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပြုရမည် -

(က) ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ မြို့သစ်များ တည်ထောင်ခြင်း၊

(ခ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြေများကို စီမံခန့်ခွဲခြင်း၊

(ဂ) ရန်ကုန်မြို့တော်တွင် သင့်တင့်လျောက်ပတ်စွာ အခြေချနေထိုင်သင့်သည့် လူဦးရေကိုသာနေထိုင်ခွင့်ပြုရန် သတ်မှတ်ခြင်း၊

(ဃ) အဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဖျက်သိမ်းခြင်း၊

(င) ကျူးကျော်အိမ်များ၊ ကျူးကျော်အဆောက်အုံများ၊ ကျူးကျော်ရပ်ကွက်များ ဖျက်သိမ်းခြင်း၊ ပြောင်းရွှေ့နေရာချထားခြင်း၊

(စ) လမ်းများဖောက်လုပ်ခြင်း၊ တံတားများတည်ဆောက်ခြင်း၊ ယင်းတို့ကို ပြင်ဆင် ထိန်းသိမ်းခြင်း၊

(ဆ) ယာဉ်နှင့် အနှေးယာဉ်များသွားလာခြင်း၊ ရပ်နားခြင်းတို့နှင့်စပ်လျဉ်း၍ စည်းကမ်းများသတ်မှတ်ခြင်း၊

(ဇ) ပန်းဥယျာဉ်၊ ပန်းခြံ၊ ကစားကွင်း၊ အပန်းဖြေနေရာများ တည်ဆောက်ခြင်း၊ပြုပြင် ထိန်းသိမ်းခြင်း၊

(စျ) လမ်းမီးပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ည) ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဋ) ရေလှောင်ကန်များ၊ ရေပိုက်လိုင်းများ တည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊

(ဌ) သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊

(ဍ) ပြည်သူ့ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်း

(ဎ) စျေးများတည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်း၊

(ဏ) လမ်းဘေးစျေးဆိုင်များနှင့်စပ်လျဉ်း၍ စည်းကမ်းများသတ်မှတ်ခြင်း၊

(တ) မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။

၈။ ကော်မတီသည် ပုဒ်မ ၇ ပါ လုပ်ငန်းတာဝန်များအပြင် ရန်ကုန်မြို့တော် မြူနီစီပါယ် အက်ဥပဒေ၊ နည်းဥပဒေများနှင့် စည်းကမ်းများအရ သတ်မှတ်ထားသည့် အခြားလုပ်ငန်း တာဝန်များကိုလည်း ဆောင်ရွက်ရမည်။

အခန်း(၄)

ကော်မတီ၏ လုပ်ပိုင်ခွင့်များ

၉။ ကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊

(ခ) ကော်မတီပိုင် ရန်ပုံငွေဖြင့် လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊

(ဂ) တည်ဆဲဥပဒေများနှင့်အညီ စည်ပင်သာယာရေးလုပ်ငန်းများနှင့် သက်ဆိုင်သော အခွန်အခနှင့် အခွန်အခနှုန်းထားများသတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊စည်းကြပ်ခြင်း နှင့် ကောက်ခံခြင်း၊

(ဃ) အဆောက်အအုံများ ငှားရမ်း၍ဖြစ်စေ၊ မြေများငှားရမ်း၍ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ရရှိသည့်နိုင်ငံခြားငွေကို စည်ပင်သာယာရေးလုပ်ငန်းများအတွက် သုံးစွဲခွင့်ရှိခြင်း၊

(င) ပြည်တွင်းပြည်ပအဖွဲ့အစည်းသို့မဟုတ်ပြည်တွင်းပြည်ပပုဂ္ဂိုလ်တို့နှင့်ဆက်သွယ်၍ စည်ပင်သာယာရေးကိုအထောက်အကူပြုသော လုပ်ငန်းများဆောင်ရွက်ခွင့်ရှိခြင်း၊

(စ) အစိုးရထံမှဖြစ်စေ၊ ပြည်ပအဖွဲ့အစည်းများထံမှဖြစ်စေ မိမိတာဝန်ဖြင့် ငွေချေး ယူပိုင် ခွင့် ရှိခြင်း ၊အထောက်အပံ့များ ရယူပိုင်ခွင့်ရှိခြင်း၊

(ဆ) လုပ်ငန်းများအလိုက်ဆပ်ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်ပိုင်ခွင့်ရှိခြင်း၊

(ဇ) စည်ပင်သာယာရေးလုပ်ငန်းများပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်ခေတ်မီတိုးတက်သည့် နည်းလမ်းများ၊ စနစ်များကို စီစဉ်ဆောင်ရွက်ခြင်း၊

(စျ) ရန်ကုန်မြို့တော်မြူနီစပါယ် အက်ဉပဒ၊နည်းဉပဒေများနှင့် စည်ကမ်းများအရ အပ်နှင်း ထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်း၊

(ည) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဌက အခါအားလျော်စွာအပ်နှင်း သည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်း။

၁ဝ။ တည်ဆဲရန်ကုန်စည်ပင်သာယာရေးအဖွဲ့အက်ဥပဒေ၊နိုင်ငံတော်ပြည်သူ့အိုးအိမ် ပြန်လည် ထူထောင်ရေးနှင့် မြို့ရွာစည်ပင်ရေးအဖွဲ့အက်ဥပဒေနှင့် အခြား တည်ဆဲဥပဒေတို့တွင်မည်သို့ပင် ပါရှိစေကာမူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အတွင်း မြို့ပြစီမံကိန်းရေးဆွဲ၍ အကောင်အထည်ဖော်ခြင်း၊ မြို့သစ်များတည်ထောင်ခြင်း၊ မြို့မြေများကို စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်များသည် ကော်မတီတွင်ရှိစေရမည်။

၁၁။ ကော်မတီသည် မိမိလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။


အခန်း(၅)

ဘဏ္ဏာရေး

၁၂။ ကော်မတီသည် မိမိရန်ပုံငွေဖြင့် ရပ်တည်ရမည်။ ထို့အပြင် မိမိ၏ဘ၀ရေးရကိစ္စ အဝဝကိုလည်း တာဝန်ယူရမည်။

၁၃။ ကော်မတီသည် မိမိရန်ပုံငွေကို သီးခြားဘဏ်စာရင်း ဖွင့်လှစ်ထားရှိ၍ စည်ပင်သာယာရေး လုပ်ငန်းများအတွက် သုံးစွဲပိုင်ခွင့်ရှိသည်။ လတ်တလော အသုံးပြုရန် မလိုအပ်သည့် ရန်ပုံငွေကို တိုးပွားအောင် သင့်လျော်သလို ဆောင်ရွက်နိုင်သည်။

၁၄။ ကော်မတီသည် ရရှိသောနိုင်ငံခြားငွေကို သီးခြားဘဏ်စာရင်း ဖွင့်လှစ်ထားရှိ၍ စည်ပင်သာယာရေး လုပ်ငန်းများအတွက် သုံးစွဲပိုင်ခွင့်ရှိသည်။

၁၅။ ကော်မတီသည် ရုံးအကြီးအကဲက ရေးဆွဲ တင်ပြလာသော နှစ်စဉ်ရသုံးမှန်ခြေ ငွေစာရင်း ကိုလည်းကောင်း၊ နှစ်စဉ်ဘဏ္ဏာရေးနှင့် စာရင်း စစ်ဆေးရေး လုပ်ငန်းများ ၏ အခြေအနေကို ဘဏ္ဏာရေးနှစ်ကုန်ပြီး ရက်ပေါင်း ၉ဝအတွင်း လည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဌထံသို့တင်ပြအစီရင်ခံရမည်။

အခန်း(၆)

ဝန်ထမ်းဖွဲ့စည်းပုံ

၁၆။ ကော်မတီသည် လုပ်ငန်းတာဝန်များကို အခြေခံလျက် လိုအပ်သော ဝန်ထမ်းဖွဲ့စည်းပုံကို ရေးဆွဲအတည်ပြု ထားရှိရမည်။

၁၇။ ကော်မတီသည် ပုဒ်မ ၁၆အရ ဝန်ထမ်းဖွဲ့စည်းပုံကို ရေးဆွဲထားရှိရာတွင် စည်ပင်သာယာ ရေး လုပ်ငန်းများကိုအထောက်အကူပြုသည့် အောက်ဖော်ပြပါ ဝန်ထမ်းများကိုလည်း သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဖွဲ့စည်းပုံတွင် ထည့်သွင်းနိုင် သည် -

(က) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းတာဝန်ကို ဆောင်ရွက်သောဝန်ထမ်းများ

(ခ) မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းတာဝန်ကို ဆောင်ရွက်သောဝန်ထမ်းများ

(ဂ) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းသည့် လုပ်ငန်းတာဝန်ကို ဆောင်ရွက်သော စည်ပင်သာယာ ရေး ရဲတပ်ဖွဲ့ဝင်များနှင့် အခြားဝန်ထမ်းများ။

၁၈။ ကော်မတီသည် ဝန်ထမ်းများခန့်ထားရာတွင် -

(က) တည်ဆဲစည်းမျဉ်းများ၊ စည်းကမ်းများနှင့်အညီ ဖွဲ့စည်းပုံအတွင်း ခန့်ထားပိုင်ခွင့်ရှိသည်၊

(ခ) စည်ပင်သာယာရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည့်ဝန်ထမ်း များကိုသက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းလွဲပြောင်း ရယူခန့်ထားနိုင်သည်။

၁၉။ ကော်မတီသည် ဝန်ထမ်းများခန့်ထားရာတွင် နှစ်စဉ်ရရှိသော ဝင်ငွေ၏ ၃ဝ ရာခိုင်နှုန်း ထက် ကျော်လွန်၍ သုံးစွဲခြင်းမပြုရ။

၂ဝ။ ရုံးအကြီးအကဲက ဝန်ထမ်းများကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အလို့ငှာ ကော်မတီသည် ဝန်ထမ်းရေးရာလုပ်ပိုင်ခွင့်များကို ရုံးအကြီးအကဲအားလိုအပ်သလို လွှဲအပ်ဆောင်ရွက်စေရမည်။

အခန်း(၇)

ရန်ပုံငွေထိန်းသိမ်းခြင်း၊စာရင်းစစ်ဆေးခြင်း

၂၁။ ကော်မတီသည် ရုံးအကြီးအကဲက စာရင်းများကို နည်းလမ်းတကျ ထိန်းသိမ်း ထားရှိ နိုင်ရန် နှင့် စစ်ဆေးခြင်းပြုနိုင်ရန်အလို့ငှာ ငွေစာရင်း လုပ်ထုံးလုပ်နည်း များကို စာရင်းစစ်ချုပ်နှင့် ညှိနှိုင်းသတ်မှတ်ရမည်။ သတ်မှတ် ထားရှိသည့် ငွေစာရင်း လုပ်ထုံး လုပ်နည်းများနှင့်အညီ ငွေစာရင်းများပြုစုထားရှိစေရမည်။

၂၂။ ကော်မတီသည် ရုံးအကြီးအကဲက ထိန်းသိမ်းထားရှိသည့် စာရင်းများကို စာရင်းစစ်ချုပ်က တာဝန်ပေးအပ်ခြင်းခံရသူ၏ စစ်ဆေးခြင်းကိုခံယူစေရမည်။

အခန်း (၈)

အထွေထွေ

၂၃။ ကော်မတီသည် စည်ပင်သာယာရေးလုပ်ငန်းများကို မိမိသဘော အလျောက် ဆောင်ရွက်ခွင့် ရှိသည်။ သို့ရာတွင် မူဝါဒသဘောပါရှိသော လုပ်ငန်းများကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဥက္ကဌ၏သဘောတူညီချက် ရရှိပြီးမှ ဆောင်ရွက်ရမည်။

၂၄။ ကော်မတီသည် ကိုယ်ပိုင်အမည်၊ တံဆိပ်ဖြင့်ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက် မပြတ်ဆောင်ရွက် ပိုင်ခွင့် တရားစွဲ ဆိုနိုင်ခွင့်၊ တရားစွဲခံနိုင်ခွင့် ရှိစေရမည်။

၂၅။ ရန်ကုန်မြို့တော် မြူနီစီပါယ်အက်ဥပဒေ၊ နည်းဥပဒေများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်စသည်တို့နှင့်စပ်လျဉ်း၍ ဖောက်ဖျက်ကျူးလွန်သဖြင့် တရားစွဲဆိုသည့် စည်ပင်သာယာ ရေးမှုခင်းများကို မြန်မြန်ဆန်ဆန် စစ်ဆေးစီရင်နိုင်ရန် အလို့ငှါ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သင့်လျော်သည့်နေရာများတွင် တရားရုံးများဖွင့်လှစ်ထားရှိနိုင်ရေးအတွက် ကော်မတီသည် တရားရုံးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

၂၆။ ကော်မတီသည်ယခင်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့မဟုတ် အဖွဲ့ပိုင်ရန်ပုံငွေ များကိုလည်းကောင်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့မပြောင်း နိုင်သောပစ္စည်းများကို လည်းကောင်း၊ ဆောင်ရွက်ဆဲ လုပ်ငန်းများ ကိုလည်းကောင်း၊ ဆောင်ရွက်ပြီးလုပ်ငန်း များကိုလည်းကောင်း၊ ရပိုင်ခွင့်နှင့်ပေးရန် တာဝန်များကို လည်းကောင်း အသီးသီးဆက်ခံရမည်။

၂၇။ ကော်မတီသည် အောက်ဖော်ပြပါတည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းကမ်းများ အမိန့်များကို ဤဥပဒေ၏ ရည်ရွယ်ချက်၊ သဘောထားများနှင့် မဆန့်ကျင်သရွေ့ ကျင့်သုံးရမည်-

(က) စည်ပင်သာယာရေးဥပဒေနှင့် ယင်းဥပဒေအရ ထုတ်ပြန်ထားသောအမိန့်များ၊

(ခ) ရန်ကုန်မြို့တော်မြူနီစီပယ်အက်ဥပဒေများ၊ စည်းကမ်းများအမိန့်များ။

၂၈။ မည်သူမဆို ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန် ကြောင်းသို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ထောင်ဒဏ် ၁နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ် ၅ဝဝဝဝ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်ရမည်။

၂၉။ ပုဒ်မ ၂၈ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အဆိုပါနည်းဥပဒေကို ဆက်လက်၍ ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန်ပျက်ကွက်လျှင် ထိုသူကိုဆက်လက် ဖောက်ဖျက်ကျူးလွန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းပြုသည့်နေ့ အသီးသီး အတွက်တစ်နေ့လျှင် နည်းဆုံး ငွေဒဏ်ကျပ် ၂ဝဝမှ အများဆုံးငွေဒဏ်ကျပ် ၁ဝဝဝ အထိ ချမှတ်ရမည်။

၃ဝ။ မည်သူမဆို ဤဥပဒေနှင့်အညီ ကော်မတီက ထုတ်ပြန်သည့် အမိန့်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ၃လအထိဖြစ်စေ၊ ငွေဒဏ် ကျပ်၁ဝဝဝဝ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံး ဖြစ်စေချမှတ် ရမည်။

၃၁။ ပုဒ်မ ၃ဝ အရပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အဆိုပါအမိန့်ကို ဆက်လက်၍ ဖောက်ဖျက်ကျူးလွန် လျှင် သို့မဟုတ် လိုက်နာရန်ပျက်ကွက်လျှင် ထိုသူကို ဆက်လက်၍ ဖောက်ဖျက်ကျူးလွန်ခြင်း သို့မဟုတ်ပျက်ကွက်ခြင်းပြုသည့် နေ့အသီးသီးအတွက် တစ်နေ့လျှင် အနည်းဆုံးငွေဒဏ်ကျပ် ၁ဝဝ မှ အများဆုံးငွေဒဏ် ကျပ် ၅ဝဝ အထိချမှတ်ရမည်။

၃၂။ ရန်ကုန်မြို့တော်မြူနီစပါယ် အက်ဥပဒေတွင် ပြစ်မှု တစ်ရပ်ရပ်အတွက် ချမှတ်ရမည့် ပြစ်ဒဏ်ကို မည်သို့ပင် ပြဌာန်း သတ်မှတ်ထားစေကာမူ ယင်းပြစ်မှုသည် ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေများ သို့မဟုတ် အမိန့်တွင် အကျုံးဝင်သည့် ပြစ်မှုဖြစ်ပါက ဤဥပဒေအရ သတ်မှတ်ထားသည့်ပြစ်ဒဏ်ကိုသာ ချမှတ်ရမည်။

၃၃။ ဤဥပဒေပါ ပြဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် ကော်မတီသည် -

(က) လိုအပ်သောနည်းဥပဒေများကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဌ၏သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) လိုအပ်သောအမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ပုံ) သန်းရွှေ

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဌ

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာအမှတ် ၊၄/၉၉

ရန်ကုန်မြို့၊ ၁၃၆၁ ခုနှစ်၊ နတ်တော်လဆန်း ၁ဝ ရက်

(၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဌ၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဆိုင်ရာ နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ် သက်ရောက်စေရမည် -

(က) မြို့တော်နယ်နိမိတ် ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ကို ဆိုသည်။

(ခ) အစားအသောက် ဆိုသည်မှာ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသား၊ ငါး၊ ချက်ပြုတ်ပြုပြင် ရောင်းချသော အစားအစာ၊ အဖျော်ယမကာ၊ စည်သွတ်ဘူးနှင့်လူတို့စားသုံးသည့် အခြားအစားအစာ များကို ဆိုသည်။

(ဂ) ထိန်းချုပ်အစားအသောက်ဆိုသည်မှာ အမျိုးသားအစားအသောက် ဥပဒေအရ ထိန်းချုပ် အစားအသောက်အဖြစ် အခါအားလျော်စွာ သတ်မှတ်သည့် အစားအသောက်ကို ဆိုသည်။

(ဃ) ကူးစက်ရောဂါ ဆိုသည်မှာ လူတစ်ဦးမှ တစ်ဦးသို့လည်းကောင်း၊ တိရစ္ဆာန်မှ လူသို့ လည်းကောင်း ကူးစက်တတ်သော ရောဂါကို ဆိုသည်။

(င) အဓိကကူးစက်မြန်ရောဂါ ဆိုသည်မှာ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ သွေးလွန်တုပ်ကွေး ရောဂါနှင့် ခုခံအားကျဆင်းမှုရောဂါများကို ဆိုသည်။ ယင်းစကားရပ်တွင် ကျန်းမာရေးဝန်ကြီး ဌာနက
အမိန့်ကြော်ငြာစာထုတ်ပြန်၍ အဓိက ကူးစက်မြန် ရောဂါအဖြစ်သတ်မှတ်သည့် ကူးစက်ရောဂါများလည်း ပါဝင်သည်။

(စ) တိုင်ကြားရမည့် ကူးစက်ရောဂါ ဆိုသည်မှာ ရောဂါဖြစ်ပွားကြောင်း သိရှိပါက သက်ဆိုင်ရာသို့ ချက်ချင်းတိုင်ကြားရန် ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်သည့်
ကူးစက်ရောဂါကို ဆိုသည်။

အခန်း (၂)

အစားအသောက် ထုတ်လုပ်ခြင်း ရောင်းချခြင်းကို ကြီးကြပ်ခြင်း

၃။ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူစားသုံးရန်အတွက် ဥပဒေတစ်ရပ်ရပ်အရ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းက လိုင်စင်ထုတ်ပေးထားသော ထိန်းချုပ်အစားအသောက်မှအပ အခြားအစားအသောက်ထုတ်လုပ်ခြင်းလုပ်ငန်းကိုဖြစ်စေ၊ ကော်မတီက ကင်းလွတ်ခွင့်ပြုထားသော အစားအသောက်မှအပ အခြားအစားအသောက်ရောင်းချခြင်းလုပ်ငန်းကိုဖြစ်စေ လုပ်ကိုင်လိုသူသည် လုပ်ငန်းလိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။

၄။ ကော်မတီသည် နည်းဥပေဒ ၃ အရ အစားအသောက်ထုတ်လုပ်ခြင်း သို့မဟုတ် အစားအသောက် ရောင်းချခြင်းလုပ်ငန်းလိုင်စင်ခွင့်ပြုရန် လျှောက်ထားချက်ကို စိစစ်၍ အများပြည်သူတို့ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအသောက်များကို စားသုံးနိုင်ရန် စည်းကမ်းချက်များ သတ်မှတ်၍ လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်းသို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

၅။ လုပ်ငန်းလိုင်စင်ရရှိသူသည် -

(က) ကော်မတီက ထုတ်ပြန်ထားသော လုပ်ငန်းလိုင်စင် စည်းကမ်းချက်များကို လိုက်နာရမည်။

(ခ) ကော်မတီက သတ်မှတ်သော လုပ်ငန်းလိုင်စင်ကြေးကို ပေးဆောင်ရမည်။

၆။ ကော်မတီသည် -

(က) လုပ်ငန်းလိုင်စင်ရရှိသူ၏ အမည်ပြောင်းလဲပေးရန် လျှောက်ထားချက်ကို စိစစ်၍ သတ်မှတ်ထားသော လိုင်စင်အမည်ပြောင်းခ ရယူလျက် လုပ်ငန်းလိုင်စင် အမည်ကို ပြောင်းလဲပေးနိုင်သည်။

(ခ) စားသောက်ဆိုင်များကို အဆင့်သတ်မှတ်နိုင်သည်။

(ဂ) အစားအသောက်ထုတ်လုပ်ခြင်း၊ အစားအသောက်ရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက် များကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်။

၇။ အစားအသောက်ထုတ်လုပ်ခြင်း၊ အစားအသောက် ရောင်းချခြင်း လုပ်ငန်း လိုင်စင် ရရှိသူ သည် အောက်ပါကိစ္စရပ် တစ်ရပ်ရပ်အတွက် ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့လျှောက်ထားရမည် -

(က) တစ်နေရာမှ တစ်နေရာသို့ လုပ်ငန်းရွှေ့ပြောင်းခြင်း၊

(ခ) လုပ်ငန်းကို တစ်နှစ်ထက် မနည်းသော ကာလကြာအောင် ပိတ်ထားပြီးမှ အသစ်ပြန်လည် ဖွင့်လှစ်လုပ်ကိုင်ခြင်း၊

(ဂ) လုပ်ငန်းကို မူလအတိုင်းအတာထက် တိုးချဲ့လုပ်ဆောင်ခြင်း။

၈။ နည်းဥပဒေ ၇ အရ လျှောက်ထားသည့်ကိစ္စရပ်မှာ ကော်မတီက ရေးဆွဲလျာထားသော မြို့ပြစီမံကိန်းနှင့် လျော်ညီခြင်းမရှိကြောင်း တွေ့ရှိရလျှင်ဖြစ်စေ၊ ပတ်ဝန်းကျင်ရှိ လူအများကို ထိခိုက်ငြိုငြင်စေမှု ဖြစ်ပေါ်နိုင်သည်ဟု ထင်မြင်ယူဆလျှင်ဖြစ်စေ ကော်မတီသည် ဖော်ပြပါ လျှောက်ထားမှုကို ငြင်းပယ်နိုင်သည်။

အခန်း (၃)

ပြည်သူ့ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး

၉။ အစားအသောက်ထုတ်လုပ်သူသည် ယင်းအစားအသောက် ထုတ်လုပ်ရာမှ ပေါ်ထွက် လာသော အခိုးအငွေ့များ၊ အနံ့အသက်များကြောင့် ပတ်ဝန်းကျင် လေထုညစ့်ညမ်းမှု မဖြစ် စေရေးအတွက် ကော်မတီက ညွှန်ကြားသည့် အတိုင်း လိုက်နာဆောင်ရွက်ရမည်။

၁ဝ။ ကော်မတီက အခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသော အစား အသောက်အမျိုးအစားတစ်ရပ်ရပ်ကို မြို့တော်နယ်နိမိတ်အတွင်း ထုတ်လုပ်လိုသူသည် -

(က) ထုတ်လုပ်သော အစားအသောက်နမူနာကို ဓာတ်ခွဲပေးရန်သတ်မှတ်ထားသည့် စစ်ဆေးခပေးဆောင်ပြီး ကော်မတီ၏ ဓာတ်ခွဲအရာရှိထံ တင်ပြရမည်။

(ခ) ဓာတ်ခွဲအရာရှိက လူတို့စားသုံးရန် သင့်လျော်ကြောင်း လက်မှတ်ထုတ်ပေးသည့် အစားအသောက်ကိုသာ ထုတ်လုပ်ခွင့်ရှိသည်။

၁၁။ ကော်မတီသည်

(က) မြို့တော်နယ်နိမိတ်အတွင်း အစားအသောက်စစ်ဆေးရေးလုပ်ငန်းကို အမျိုးသား ဆေးဝါးဥပဒေအရ ဖွဲ့စည်းထားသော မြို့နယ်အစားအသောက်နှင့် ဆေးဝါးများ ကြီးကြပ်ကွပ်ကဲရေး ကော်မတီနှင့်
ညှိနှိုင်းဆောင်ရွက်ရမည်။

(ခ) အစားအသောက်စစ်ဆေးရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် အစားအသောက်ထုတ်လုပ်သည့် သို့မဟုတ် ရောင်းချသည့် အဆောက်အအုံအတွင်းသို့ လိုအပ်ပါက ရပ်ကွက်လူကြီးနှစ်ဦးနှင့်အတူ
ဝင်ရောက်ကြည့်ရှူစစ်ဆေးနိုင်သည်။

(ဂ) စစ်ဆေးတွေ့ရှိချက်အရ အရေးယူရန်လိုအပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူရမည်။

၁၂။ အောက်ပါနေရာများသည် အများပြည်သူတို့၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေရန် ခြင်များပေါက်ပွားရာနေရာဖြစ်ကြောင်း သို့မဟုတ် ရောဂါပြန့်ပွားရန် လက္ခဏာရှိသောနေရာဖြစ်ကြောင်း ကော်မတီကထင်မြင်ယူဆလျှင် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် ကော်မတီက ညွှန်ကြားသည့် အတိုင်းလိုက်နာဆောင်ရွက်ရမည်-

(က) ရေအိုင်၊ ရေမြောင်း၊ ရေကန်၊ ရေတွင်း၊ ကျောက်တွင်း၊ ရေစီးမြောင်း၊ ရေစီး ကြောင်း သို့မဟုတ် အောင်းစုနေသည့် ရေ၊

(ခ) အဆောက်အအုံအတွင်း အပြင်တွင်ရှိသော ရေစည် သို့မဟုတ် ရေသိုလှောင်နိုင်သည့် ပစ္စည်း၊

(ဂ) အဆောက်အအုံ၏ နယ်နိမိတ်အတွင်း ရေဝပ်သောနေရာ၊

(ဃ) အဆောက်အအုံ၏ နယ်နိမိတ်အတွင်း ခြုံနွယ်ပိတ်ပေါင်း။

၁၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မည်သည့်နေရာတွင်မဆို စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေးကြောင့်သော်လည်းကောင်း၊ မြေသြဇာ အသုံးပြုခြင်းကြောင့် သော်လည်းကောင်း၊ မြေပေါ်တွင်မြေဆွေးများ သိုလှောင်ထားရှိခြင်းကြောင့်သော်လည်းကောင်း၊ မြေပေါ်တွင် မြောင်း ဖောက်လုပ်ခြင်းကြောင့် သော်လည်းကောင်း ပတ်ဝန်းကျင်တွင်နေထိုင်သူများ၏ ကျန်းမာရေးကို ထိခိုက်နိုင်သည်ဟု ထင်မြင်ယူဆလျှင်ယင်းလုပ်ငန်းများကို တားမြစ်ခြင်း သို့မဟုတ် သက်ဆိုင်သူအား ကျန်းမာရေးနှင့် ညီညွတ်သည်အထိ ပြုပြင်ရန် ညွှန်ကြားခြင်း ပြုနိုင်သည်။

၁၄။ ကော်မတီသည် ပိုးမွှားအန္တရာယ် ကာကွယ်တားဆီးရေးနှင့် ကြွက်များ နှိမ်နင်း သုတ်သင်ရေး အတွက်ပုဂ္ဂလိကလုပ်ငန်းများတွင် အသုံးပြုသော ပိုးသတ်ဆေး၊ ပစ္စည်းများနှင့် နည်းလမ်းများအနေဖြင့် ပတ်ဝန်းကျင်ရှိ လူတို့၏ ကျန်းမာရေးကို အန္တရာယ်ပြုနိုင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကြပ်မတ်ခြင်း ပြုနိုင်သည်။

၁၅။ ကော်မတီသည် -

(က) ထုတ်လုပ်ရောင်းချနေသော အလှကုန်ပစ္စည်းမှာ သုံးစွဲသူ၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်နိုင်ခြင်း ရှိ မရှိ စစ်ဆေးနိုင်သည်။

(ခ) စစ်ဆေးတွေ့ရှိချက်အရ အရေးယူရန် လိုအပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူရမည်။

၁၆။ ကော်မတီသည် အများပြည်သူသုံး ရေကူးကန်၊ ရေချိုးခန်း၊ အိမ်သာနှင့် ကော်မတီက ခွင့်ပြုချက်ထုတ်ပေးထားသော တည်းခိုရိပ်သာများကို ကျန်းမာရေးနှင့် ညီညွတ်သည့်အခြေအနေရှိ မရှိ ဝင်ရောက်စစ်ဆေးပြီး လိုအပ်သည်များကို ညွှန်ကြားနိုင်သည်။

အခန်း(၄)

ကူးစက်ရောဂါများကြိုတင်ကာကွယ်ခြင်း

၁၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကူးစက်ရောဂါများ ကြိုတင် ကာကွယ်နိုင်ရန် အတွက်လည်းကောင်း၊ အဓိကကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါ ဖြစ်ပွားသည့်အခါတွင်လည်းကောင်း၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၃ နှင့် ၄ တို့အရ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ကျန်းမာရေးဦးစီးဌာနနှင့်လိုအပ်သလို ကူညီပူးပေါင်း ဆောင်ရွက်ရမည်။

၁၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ကူးစက်ရောဂါများ ကျရောက်စေတတ်သည့် ခြင်၊ကြွက်၊ ခြင်၊ ယင်နှင့်ရောဂါပိုးသယ်ဆောင်တတ်သည့် အခြားပိုးမွှား တိရစ္ဆာန်များကို သုတ်သင်ရှင်းလင်းနိုင်ရေးအတွက် အစီအမံများကို ဆောင်ရွက် ထားရမည်။

၁၉။ အစားအသောက်ထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်နေစဉ်တွင်ဖြစ်စေ၊ အစားအသောက် ရောင်းချသည့် လုပ်ငန်းလုပ်ကိုင်နေစဉ်တွင်ဖြစ်စေ ကူးစက်ရောဂါစွဲကပ်သူသည် -

(က) လုပ်ငန်းပိုင်ရှင်ဖြစ်လျှင် လုပ်ငန်းကို ကိုယ်တိုင်လုပ်ကိုင်ခြင်းမပြုဘဲ ဆေးကုသမှုကို ခံယူရမည်။

(ခ) လုပ်သားဖြစ်လျှင် လုပ်ငန်းရှင်သည် ထိုလုပ်သားကို လုပ်ငန်းတွင် လုပ်ကိုင် ခွင့်မပြုဘဲဆေးကုသမှုကို ခံယူစေရမည်။

အခန်း(၅)

အဓိကကူးစက်မြန်ရောဂါ နှင့် တိုင်ကြားရမည့် ကူးစက်ရောဂါ ကာကွယ်ခြင်းနှင့်နှိမ်နင်းခြင်း

၂ဝ။ တိုင်းရင်းဆေးဆရာများ၊ ကျန်းမာရေးမှူးများ၊ ဆရာဝန်များသည် မြို့တော်နယ်နိမိတ် အတွင်းဆေးကုသရာ၌ အဓိကကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါ ဖြစ်ပွားသည်ကို တွေ့ရှိလျှင် သက်ဆိုင်ရာ ကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံသို့ တိုင်ကြားရမည့်အပြင် သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး သို့မဟုတ် ကော်မတီ၏ ကျန်းမာရေးဌာနသို့လည်း ချက်ချင်းအသိပေးအကြောင်းကြားရမည်။

၂၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အဓိကကူးစက်မြန်ရောဂါနှင့် တိုင်ကြားရမည့် ကူးစက်ရောဂါဖြစ်ပွား ပေါ်ပေါက်နိုင်သည့် ရေနှင့်ရေကန်များရှိရေကို မသုံးစွဲရန် တားမြစ်ရမည်။ လိုအပ်လျှင် ကျန်းမာရေးဦးစီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။

၂၂။ မြို့တော်နယ်နိမိတ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ၊ ဘော်ဒါဆောင် ပိုင်ရှင်သို့မဟုတ် စီမံအုပ်ချုပ်သူသည် မိမိအဆောက်အအုံ၌ နေထိုင်သူတွင် အဓိကကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါဖြစ်ပွားနေသည်ကို တွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး သို့မဟုတ် ကော်မတီ၏ ကျန်းမာရေးဌာနသို့ တိုင်ကြားပြီး သက်ဆိုင်ရာလူနာအား ကူးစက်ရောဂါကုဆေးရုံသို့ ချက်ချင်းပို့ရမည်။

၂၃။ မြို့တော်နယ်နိမိတ်အတွင်း အိုးအိမ်အတည်တကျမရှိသူ တစ်ဦးတစ်ယောက်တွင် အဓိက ကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါဖြစ်ပွားနေသည်ကို တွေ့ရှိသူသည် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး သို့မဟုတ် ကော်မတီ၏ ကျန်းမာရေးဌာနသို့ အကြောင်းကြားရမည်။ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး သို့မဟုတ် ကော်မတီ၏ ကျန်းမာရေးဌာနသည် အကြောင်းကြားချက်ကို လက်ခံရရှိသည့်အခါ သက်ဆိုင်ရာလူနာအား ကူးစက်ရောဂါကုဆေးရုံသို့ အမြန်ဆုံးပို့အပ်ရန် ဆောင်ရွက်ရမည်။

၂၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အဓိကကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါဖြစ်ပွားသည့်အခါ ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ(က)အရ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကော်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကျန်းမာရေးဦးစီးဌာနနှင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရမည်။

၂၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကျောင်းတွင်ဖြစ်စေ၊ အများပြည်သူဆိုင်ရာ နေရာတစ်ခုခုတွင် ဖြစ်စေ အဓိကကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါဖြစ်ပွားသည့်အခါ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၁၄ အရ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် လိုအပ်သလိုညှိနှိုင်းဆောင်ရွက်ရမည်။

၂၆။ ကော်မတီသည် အဓိကကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါဖြင့် သေဆုံး သည့် အလောင်းကို သဂြိုလ်ရမည့်အချိန်ကာလ သတ်မှတ်ရမည်။

အခန်း (၆)

စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်ချမှတ်ခြင်း

၂၇။ ကော်မတီသည် လုပ်ငန်းလိုင်စင်စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်သော လုပ်ငန်းလိုင်စင်ရရှိသူအား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည် -

(က) ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊

(ခ) လုပ်ငန်းလိုင်စင်ကို ယာယီရပ်ဆိုင်းခြင်း၊

(ဂ) လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်ခြင်း။

၂၈။ လုပ်ငန်းလိုင်စင် ယာယီရပ်ဆိုင်းခြင်းခံရသူ သို့မဟုတ် လုပ်ငန်းလိုင်စင် ပယ်ဖျက်ခြင်းခံရသူသည် လုပ်ငန်းလိုင်စင်ပြန်လည်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ အကျိုးအကြောင်း ဖော်ပြလျက် ကော်မတီသို့လျှောက်ထားနိုင်သည်။

၂၉။ ကော်မတီသည် နည်းဥပဒေ ၂၈အရ လျှောက်ထားချက်ကို စိစစ်၍ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင် ကို ပြန်လည်ထုတ်ပေးနိုင်သည်။

အခန်း(၇)

တားမြစ်ချက်များ

၃ဝ။ မည်သူမျှ ကော်မတီကထုတ်ပေးထားသော လုပ်ငန်းလိုင်စင်မရှိဘဲ ဥပဒေတစ်ရပ်ရပ်အရ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းက လိုင်စင်ထုတ်ပေးထားသော ထိန်းချုပ်အစားအသောက်မှအပ အခြားအစားအသောက်ထုတ်လုပ်ခြင်းလုပ်ငန်းကို ဖြစ်စေ၊ ကော်မတီက ကင်းလွတ်ခွင့်ပြုထားသော အစားအသောက်မှအပ အခြားအစားအသောက် ရောင်းချခြင်းလုပ်ငန်းကိုဖြစ်စေ လုပ်ကိုင်ခြင်းမပြုရ။

၃၁။ မည်သူမျှ ကော်မတီက အခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသော အစားအသောက်အမျိုးအစားကို ဓာတ်ခွဲအရာရှိက လူတို့စားသုံးရန် သင့်လျော်ကြောင်း ထုတ်ပေးထားသောလက်မှတ်မရရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ထုတ်လုပ်ခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။

၃၂။ မည်သူမျှ ရောဂါစွဲကပ်သည့် တိရစ္ဆာန်အသားကိုဖြစ်စေ၊ လေ သို့မဟုတ် ရေမှုတ်သွင်းထားသောအသားကိုဖြစ်စေ ရောင်းချခြင်း သို့မဟုတ် ရောင်းချရန် ခင်းကျင်းခြင်း မပြုရ။

၃၃။ မည်သူမျှ ကော်မတီကသတ်မှတ်ထားသော စည်းကမ်းချက်များနှင့်ညီညွတ်ခြင်းမရှိသည့် အစားအသောက်ကို ရောင်းချခြင်း မပြုရ။

၃၄။ မည်သူမျှ အများပြည်သူတို့အား ကျန်းမာရေးကို ထိခိုက်စေမည့်၊ အများပြည်သူတို့အား ဘေးအန္တရာယ် ဖြစ်စေမည့် သို့မဟုတ် ဖြစ်စေရန်အကြောင်းရှိသည့် လုပ်ငန်းတစ်ခုခုကို မိမိနေအိမ်၊ မိမိအဆောက်အအုံသို့မဟုတ် မိမိပိုက်နက်အတွင်း လုပ်ကိုင်ခြင်းမပြုရ။

၃၅။ မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူတို့အား ကျန်းမာရေးကို ထိခိုက်စေမည့်၊အများပြည်သူတို့အား ဘေးအန္တရာယ်ဖြစ်စေမည့် သို့မဟုတ် ဖြစ်ရေန် အကြောင်းရှိသည်ဟု ကော်မတီကသတ်မှတ်ထားသော ပစ္စည်းများကို မိမိနေအိမ်၊ မိမိအဆောက်အအုံ သို့မဟုတ် မိမိပိုင်နက်အတွင်း သိုလှောင်ထားခြင်းမပြုရ။

၃၆။ အစားအသောက်ထုတ်လုပ်ခြင်း သို့မဟုတ် အစားအသောက် ရောင်းချခြင်း လုပ်ငန်းလိုင်စင်ရရှိသူ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အောက်ပါကိစ္စရပ်တစ်ရပ်ရပ်ကို လုပ်ကိုင်ခြင်း မပြုရ-

(က) တစ်နေရာမှ တစ်နေရာသို့ လုပ်ငန်းရွှေ့ပြောင်းခြင်း၊

(ခ) လုပ်ငန်းကို တစ်နှစ်ထက်မနည်းသောကာလကြာအောင် ပိတ်ထားပြီးမှ အသစ်ပြန်လည် ဖွင့်လှစ်ခြင်း၊

(ဂ) လုပ်ငန်းကို မူလအတိုင်းအတာထက် တိုးချဲ့လုပ်ဆောင်ခြင်း။

၃၇။ မည်သူမျှ ကူးစက်ရောဂါဖြစ်ပွားစေနိုင်သဖြင့် ကော်မတီက ပိတ်ပင်ထားသော အစားအသောက်ကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ရောင်းချခြင်း မပြုရ။

၃၈။ မည်သူမျှ ကူးစက်ရောဂါဖြစ်ပွားသူကို အစားအသောက်ထုတ်လုပ်သော၊ သိုလှောင်သော သို့မဟုတ် ရောင်းချသောနေရာသို့ ဝင်ရောက်စေခြင်း၊ အလုပ်လုပ်ကိုင်စေခြင်း မပြုရ။

၃၉။ မည်သူမျှ ကော်မတီက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ညီညွှတ်ခြင်းမရှိဘဲ အများပြည်သူသုံး ရေကူးကန်၊ ရေချိုးခန်း၊ အိမ်သာ သို့မဟုတ် တည်းခိုခန်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ။

၄ဝ။ မည်သူမျှ ဤနည်းဥပဒေများအရ ကော်မတီကထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်ခြင်း မရှိစေရ။

၄၁။ မည်သူမဆို ဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။


အခန်း(၈)

အထွေထွေ

၄၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း နေထိုင်သူတို့အား လူနေအိမ်နှင့် အဆောက်အအုံတို့ကိုကျန်းမာရေးနှင့်ညီညွှတ်စွာ ပြင်ဆင်ထားရှိ နေထိုင်အသုံးပြုရန် ညွွှန်ကြား နိုင်သည်။

၄၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း နေ့ကြီးရက်ကြီးများတွင်ဖြစ်စေ၊ နိုင်ငံတော်မှ ကြီးမှူးကျင်းပသည့် ပွဲလမ်းသဘင်များတွင်ဖြစ်စေ၊ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအရ ကျင်းပသည့် ပွဲလမ်းသဘင်များ သို့မဟုတ် ပျော်ပွဲရွှင်ပွဲများတွင်ဖြစ်စေ အများပြည်သူ ကျန်းမာရေး အတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်ထားခြင်း ရှိ မရှိ၊ ကြည့်ရှုစစ်ဆေးခြင်း၊ ယင်းသို့ ဆောင်ရွက်ထားခြင်းမရှိပါကလိုအပ်သလို ညွှန်ကြားခြင်း ပြုနိုင်သည်။

၄၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားလျှင် အများပြည်သူကျန်းမာရေးအတွက် အရေးပေါ်ဆောင်ရွက်နိုင်ရန် လိုအပ်သော လုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ထားရှိရမည်။ ယင်းသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

၄၅။ ကော်မတီသည် ဤနည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းတာဝန်များကို မိမိလက်အောက်ရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွှဲအပ် ဆောင်ရွက် စေနိုင်သည်။

၄၆။ ကော်မတီသည် ဤနည်းဥပဒေများပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်လိုအပ်သော အမိန့်နှင့်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာအမှတ် ၊၅/၉၉

ရန်ကုန်မြို့၊ ၁၃၆၁ ခုနှစ်၊ နတ်တော်လဆန်း ၁ဝ ရက်

(၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၏ သဘောတူညီချက်ဖြင့် အောက်ပါ နည်းဥပဒေ များကို ထုတ်ပြန် လိုက်သည်။

အခန်း (၁)

အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်

၁။ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဘဏ္ဍာရေးဆိုင်ရာ နည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -

(က) မြို့တော်နယ်နိမိတ် ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ကို ဆိုသည်။

(ခ) ပစ္စည်းဆိုရာတွင် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများ ပါဝင်သည်။

(ဂ) ဆုံးရှုံးမှုဆိုရာတွင် ငွေ သို့မဟုတ် ပစ္စည်းလျော့နည်းခြင်း၊ လေလွင့်ဖိတ်စင်ခြင်း၊ ပျောက်ဆုံး ခြင်း၊ အလွဲသုံးစားပြုခြင်းနှင့် တောင်းခံမရခြင်းတို့ ပါဝင်သည်။

(ဃ) ဌာနမှူး ဆိုသည်မှာ ကော်မတီ၏ လုပ်ငန်းဆိုင်ရာ ဌာနတစ်ခုခုကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ပေးအပ်ထားသော အရာရှိတစ်ဦးဦးကို ဆိုသည်။

(င) အုပ်ချုပ်ရေးမှူး ဆိုသည်မှာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအား တာဝန်ယူ ကြီးကြပ်ကွပ်ကဲသူကို ဆိုသည်။

(စ) ကော်လိတ္တော်အရာရှိ ဆိုသည်မှာ မပြေကျန်ငွေများကို အရကောက်ခံရန် ကော်မတီက လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသူတစ်ဦးဦးကို ဆိုသည်။

အခန်း (၂)

ရသုံးမှန်းခြေစာရင်း

၃။ ကော်မတီသည် မိမိ၏လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိရန်ပုံငွေဖြင့် ရပ်တည်နိုင်ရန်နှင့် ငွေကြေးဆိုင်ရာ ထိန်းချုပ်ကွပ်ကဲမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ ရုံးအကြီးအကဲအား နှစ်စဉ်ရသုံးမှန်းခြေ ငွေစာရင်းကို ရေးဆွဲတင်ပြစေရမည်။

၄။ ကော်မတီသည် ရုံးအကြီးအကဲက ရေးဆွဲတင်ပြသော ရသုံးမှန်းခြေငွေစာရင်းကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်မစမီ စိစစ်၍ -

(က) သာမန်အသုံးစရိတ်ဖြစ်ပါက အတည်ပြုနိုင်သည် သို့မဟုတ် ပြန်လည်ရေးဆွဲစေနိုင်သည်။

(ခ) ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် စပ်လျဉ်းသည် ငွေလုံးငွေရင်း အသုံးစရိတ်ဖြစ်ပါက မူလ လျာထားငွေနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်၍ အတည်ပြုနိုင်သည်။

၅။ ကော်မတီသည် နှစ်တို၊ နှစ်ရှည်နှင့် အထူးစီမံကိန်းများအနက် ရသုံးမှန်းခြေ ငွေစာရင်းရေးဆွဲပြီးမှ လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။ နှစ်ရှည် ရင်းနှီးမြုပ်နှံရမည့် နိုင်ငံတော်မူဝါဒသဘော ပါရှိသော လုပ်ငန်းများကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၏ သဘောတူညီချက် ရရှိပြီးမှ ဆောင်ရွက်ရမည်။

၆။ ရုံးအကြီးကဲသည် ကော်မတီကအတည်ပြုထားပြီးဖြစ်သော ရသုံးမှန်းခြေငွေစာရင်းအရ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရမည်။ ယင်းသို့ ကြီးကြပ်ကွပ်ကဲရာတွင်

(က) ကော်မတီ၏ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များ အောင်မြင်စေရန် မိမိပိုင် ဘဏ္ဍာငွေအပေါ် ရပ်တည်၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

(ခ) လစဉ်အရအသုံးစာရင်းများကို အချိန်မှန် စုစည်းပေါင်းချုပ်၍ လုပ်ငန်းအခြေအနေများကို မျက်ခြည်မပြတ် သုံးသပ်ရမည်။

(ဂ) စီမံကိန်း၏ မူလရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ မရှိကို ကော်မတီသို့ သုံးလတစ်ကြိမ် တင်ပြရမည်။

၇။ ကော်မတီသည် ရုံးအကြီးအကဲက ထိန်းသိမ်းထားရှိသည့် နှစ်စဉ်ရသုံးမှန်းခြေ ငွေစာရင်း၊ နှစ်တို၊နှစ်ရှည် နှင့် အထူးစီမံကိန်းများဆိုင်ရာ ငွေစာရင်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၂ အရ စာရင်းစစ်ချုပ်က တာဝန်ပေးအပ်ခြင်းခံရသူ၏ စစ်ဆေးခြင်းကို ခံယူစေရမည်။

၈။ ကော်မတီသည် မိမိအတည်ပြုထားပြီးဖြစ်သော နှစ်စဉ်ရသုံးမှန်းခြေငွေစာရင်း၊ နှစ်တို၊ နှစ်ရှည်နှင့်အထူးစီမံကိန်းများနှင့် စပ်လျဉ်းသည့် ရသုံးမှန်းခြေ ငွေစာရင်းများကိုလည်းကောင်း၊ လုပ်ငန်းတိုးတက်မှုအခြေအနေကို လည်းကောင်း၊ စာရင်းစစ်ဆေးချက် အစီရင်ခံစာနှင့် လိုက်နာဆောင်ရွက်မှုအခြေအနေကို လည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၁၅နှင့်အညီ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌထံ တင်ပြအစီရင်ခံရမည်။

အခန်း(၃)

ရန်ပုံငွေ

၉။ ကော်မတီသည် မိမိရန်ပုံငွေများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘဏ်တွင်စာရင်းဖွင့်လှစ်၍ အပ်နှံထားရှိရမည်။

၁ဝ။ ကော်မတီသည် ငွေထုတ်သူအရာရှိများကို သတ်မှတ်ရမည်။

၁၁။ ကော်မတီသည် လတ်တလောအသုံးပြုရန် မလိုအပ်သော ရန်ပုံငွေများကို တိုးပွားစေရန်အလို့ငှာ ဘဏ်တွင် ငွေစုစာရင်းဖွင့်လှစ်ခြင်း၊ အစိုးငွေတိုက်လက်မှတ်ဝယ်ယူခြင်း၊ စီးပွားရေး လုပ်ငန်း တစ်ရပ်ရပ်တွင် ရင်းနှီးမြုပ်နှံခြင်း၊ လုပ်ငန်းအဖွဲ့အစည်းတစ်ရပ်ရပ်ကို ငွေထုတ်ချေးခြင်းများကို ဆောင်ရွက်ခွင့်ရှိသည်။

အခန်း(၄)

ရငွေများ

၁၂။ ကော်မတီသည် အောက်ပါရငွေများကို ပြည်တွင်းသုံးငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားငွေဖြင့်ဖြစ်စေ လက်ခံနိုင်ခွင့်ရှိသည်-

(က) ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပါ ပြဌာန်းချက်များအရဖြစ်စေ၊ အခြားတည်ဆဲ ဥပဒေပါပြဌာန်းချက်များအရဖြစ်စေ ရရှိသည့်ငွေများ။

(ခ ) ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော ပစ္စည်းများကို ရောင်းချ၍ ရရှိသည့်ငွေများနှင့် အငှားချ ထားသည့်အတွက် ရရှိသည့်ငှားရမ်းခများ။

(ဂ) အစိုးရဌာန၊ အဖွဲ့အစည်းများထံမှဖြစ်စေ၊ ပြင်ပပုဂ္ဂိုလ်များထံမှဖြစ်စေ ထောက်ပံ့ငွေအဖြစ် သော်လည်းကောင်း၊ လှူဒါန်းငွေ အဖြစ်သော်လည်းကောင်း၊ အပ်နှံငွေ အဖြစ်သော်လည်း ကောင်း၊
ချေးယူငွေအဖြစ်သော်လည်းကောင်း ရရှိသည့်ငွေများ။

(ဃ) ကော်မတီက လုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်မှ ရရှိသည့်ငွေများ။

၁၃။ ကော်မတီသည် ရငွေများကို ကော်မတီ၏စာရင်းသို့ အပြည့်အဝ ပေးသွင်းစေရမည်။ ထို့ပြင် တောင်းခံ ၍မရနိုင်သောငွေများနှင့် ယင်းတို့ကို တောင်းခံရာတွင် သုံးစွဲခဲ့ရသော ကုန်ကျစရိတ်များကို ဤနည်း ဥပဒေများ အခန်း(ဂ)ပါ ပြြာန်းချက်များနှင့်အညီစာရင်းမှ ပယ်ဖျက်နိုင်သည်။

၁၄။ ကော်မတီသည် မိမိရရန်ရှိငွေများနှင့် စပ်လျဉ်း၍ အလွဲသုံးစားမှုနှင့် လိမ်လည်မှုများ မပေါ်ပေါက်စေရန် ရုံးအကြီးအကဲအား စာရင်းထိန်းသိမ်းထားရှိခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စာရင်းစစ်ဆေးခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ရရန်ရှိငွေကောက်ခံခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် စေရမည်။

၁၅။ ရရန်ရှိငွေ ကောက်ခံခြင်းဆိုင်ရာလုပ်ငန်းကို ကြီးကြပ်ရန် ကော်မတီက တာဝန်ပေး အပ်ခြင်း ခံရသော ဌာနမှူး သို့မဟုတ် အရာရှိသည် -

(က) မိမိလက်အောက် ဝန်ထမ်းအားလုံး၏ ဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲရမည်။

(ခ) ရရန်ရှိငွေများကောက်ခံရန် ပျက်ကွက်မှု၊ ချန်လှပ်မှု၊ အလွဲသုံးစားမှု၊ ဆုံးရှုံးမှုမရှိစေရန် အထူးဂရုပြု ဆောင်ရွက်ရမည်။

(ဂ) ရရန်ရှိငွေကောက်ခံခြင်းနှင့် စာရင်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

အခန်း (၅)

အသုံးစရိတ်များ

၁၆။ ကော်မတီသည် မိမိ၏လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ကုန်ကျမည့် အသုံးစရိတ်များကို မိမိရန်ပုံငွေမှ ကျခံသုံးစွဲရမည်။

၁၇။ ကော်မတီသည် ပြန်လည်ပေးဆပ်ရန်ရှိသည့် ချေးငွေအရပ်ရပ်ကို ပြန်လည်ပေးဆပ်ရန်အတွက် မိမိရန်ပုံငွေမှ ထုတ်ယူသုံးစွဲခွင့်ရှိသည်။

၁၈။ ကော်မတီသည် အသုံးစရိတ်ငွေများကို သုံးစွဲရန်အတွက် ခွင့်ပြုမိန့်ချမှတ်ရာတွင်-

(က) သုံးစွဲသည့်ငွေသည် သက်ဆိုင်ရာဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရမည်။

(ခ) အသုံးစရိတ်သုံးစွဲရန်အတွက် ရသုံးမှန်းခြေငွေစာရင်းတွင် လုံလောက်သော ရန်ပုံငွေ လျာထားချက်ရှိပြီး ဖြစ်ရမည်။

၁၉။ ကော်မတီသည် မိမိရန်ပုံငွေကို သုံးစွဲရာတွင်-

(က) အမှန်တကယ် လိုအပ်သည်ထက် ပိုမိုမသုံးစွဲရန် သတိပြုချင့်ချိန် ဝေဖန်နိုင်သော သာမန် ပုဂ္ဂိုလ်တစ်ဦးက မိမိပိုင်ငွေများကို သုံးစွဲရာ၌ ချင့်ချိန်သကဲ့သို့ စိစစ်သုံးစွဲရမည်။

(ခ) မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့တော်သူ မြို့တော်သားများ၏ အကျိုးစီးပွားအတွက် အမှန်တကယ်လိုအပ်ချက် ဖြစ်ရမည်။ သို့ရာတွင် နိုင်ငံတော်အကျိုးအတွက် အမှန်သုံးစွဲရန် လိုအပ်ပါက မြို့တော်နယ်နိမိတ်
ပြင်ပရှိ လုပ်ငန်းများအတွက် သုံးစွဲနိုင်သည်။

(ဂ) အသုံးစရိတ်များကို ရသုံးမှန်းခြေငွေစာရင်းတွင် သတ်မှတ်လျာ ထားခွင့်ပြုသည့် ဘောင်အတွင်း၌သာ သုံးစွဲရမည်။

၂ဝ။ ကော်မတီသည် ကိစ္စတစ်စုံတစ်ရာကြောင့် မူလလျာထားခွင့်ပြုငွေထက် ပိုမိုသုံးစွဲရန် လိုအပ်ပါက-

(က) သာမန်အသုံးစရိတ် ခေါင်းစဉ်တစ်ခုမှ အခြားသာမန်အသုံးစရိတ် ခေါင်းစဉ်တစ်ခုသို့ လွှဲပြောင်းသုံးစွဲနိုင်သည်။

(ခ) နှစ်ရှည်ရင်းနှီးမြုပ်နှံရမည့် လုပ်ငန်းများမှအပ အခြားလုပ်ငန်းများအတွက်ဖြစ်လျှင် ဖြည့်စွက် ရန်ပုံငွေကို သုံးစွဲနိုင်သည်။

(ဂ) နည်းဥပဒေ ၅ အရ နှစ်ရှည်ရင်းနှီးမြုပ်နှံရမည့် နိုင်ငံတော်မူဝါဒသဘောပါရှိသော လုပ်ငန်းများဖြစ်လျှင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကြ၏ သဘောတူညီချက် ရရှိပြီးမှသာ ဖြည့်စွက်
ရန်ပုံငွေကို သုံးစွဲနိုင်သည်။

၂၁။ ကော်မတီသည် ရသုံးမှန်းခြေငွေစာရင်းတွင် ငွေလုံးငွေရင်း အသုံးစရိတ်အတွက် လိုငွေ ဖြစ်ပေါ်ပါက ချေးငွေရယူခြင်းဖြင့် ဆောင်ရွက်နိုင်ခွင့်ရှိသည်။

အခန်း (၆)

ဆောင်ငွေနှင့်ကြိုတင်ထုတ်ပေးငွေများ

၂၂။ ကော်မတီသည် လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် လက်ငင်းငွေသား ပေးချေရမည့် အသုံးစရိတ်များအတွက် ဌာနမှူး သို့မဟုတ် အုပ်ချုပ်ရေးမှူးများအား အမြဲတမ်းဆောင်ငွေ သို့မဟုတ် ယာယီ ဆောင်ငွေကို ကိုင်ဆောင်ခွင့်ပြုနိုင်သည်။ ယင်းသို့ ကိုင်ဆောင်ခွင့်ပြုရာတွင် လုပ်ငန်းများ ချောမောပြေပြစ်စွာ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ပမာဏကို သတ်မှတ်ပေးရမည်။

၂၃။ ကော်မတီသည် မိမိခွင့်ပြုထားသော အမြဲတမ်းဆောင်ငွေ သို့မဟုတ် ယာယီဆောင်ငွေ ပမာဏကို အခါအားလျော်စွာ တိုးမြင့်ခြင်း သို့မဟုတ် လျော့ချခြင်း ပြုနိုင်သည်။

၂၄။ အမြဲတမ်းဆောင်ငွေ သို့မဟုတ် ယာယီဆောင်ငွေ ကိုင်ဆောင်ခွင့်ရသူသည် မိမိကိုင်ဆောင်ခွင့်ရသည့် ငွေ၏ လုံခြုံမှုကို တာဝန်ယူရမည်။

၂၅။ အမြဲတမ်းဆောင်ငွေ ကိုင်ဆောင်ခွင့်ရသူသည် -

(က) နေ့စဉ်သုံးစွဲရသော အသုံးစရိတ်များကို အမြဲတမ်းဆောင်ငွေမှ ကျခံသုံးစွဲ၍ ငွေစာရင်းထိန်းသိမ်းရေးဆိုင်ရာ နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။

(ခ) နှစ်စဉ် မတ်လ ၃၁ ရက်နေ့တွင် မိမိကိုယ်တိုင် ကိုင်ဆောင်သောငွေများ မိမိလက်ဝယ် မှန်ကန်တိကျစွာရှိကြောင်း ဝန်ခံချက်ကို ဤကိစ္စအလို့ငှာ သတ်မှတ်ထားသည့်ပုံစံတွင် ဖြည့်သွင်း လက်မှတ်ရေးထိုး၍
ဘတ်ဂျက်နှင့် ငွေစာရင်းဌာန၊ ဌာနမှူးထံသို့ ပေးပို့ရမည်။

၂၆။ ကော်မတီသည် ဝန်ထမ်းအုပ်ချုပ်မှုစရိတ်အတွက်ဖြစ်စေ၊ လုပ်ငန်းဆောင်ရွက်မှုအတွက်ဖြစ်စေ ကြိုတင်ငွေများကို ထုတ်ပေးခွင့်ရှိသည်။

အခန်း (၇)

အာမခံငွေများ

၂၇။ ကော်မတီသည် -

(က) ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်နှင့်သော်လည်းကောင်း၊ ပြည်တွင်း ပြည်ပစီးပွားရေးလုပ်ငန်းရှင်များနှင့်သော်လည်းကောင်း လုပ်ငန်းတစ်စုံတစ်ရာကိုလုပ်ကိုင်သည့် အခါ
လုပ်ငန်းအမျိုးအစားအလိုက် ပဋိညာဉ်စာချုပ်ကို ဥပဒေနှင့်အညီ ချုပ်ဆိုရမည်။

(ခ) စာချုပ်ချုပ်ဆိုသည့် လုပ်ငန်းတန်ဖိုးမှာ ကျပ်တစ်သန်းနှင့်အထက်ဖြစ်လျှင် မမျှော်လင့်သော ဆုံးရှုံးမှုများကာမိစေရန် သက်ဆိုင်ရာတာဝန်ရှိသူထံမှ လုံလောက်သော အာမခံကို တောင်းခံရမည်။

၂၈။ ကော်မတီသည် မိမိပိုင်ငွေနှင့် ပစ္စည်းများကို တာဝန်အရ နေ့စဉ်ကိုင်တွယ် သုံးစွဲရသည့် ဝန်ထမ်းများအား ၎င်းတို့ကိုင်တွယ်သုံးစွဲရသည့် ငွေကြေးပမာဏကို အခြေခံ၍ လုံလောက်သော သမာဓိအာမခံထားရှိစေပြီး ခံဝန်ချုပ် ချုပ်စေရမည်။

အခန်း (၈)

ကော်မတီပိုင်ငွေနှင့်ပစ္စည်းဆုံးရှုံးမှုများကို စာရင်းမှပယ်ဖျက်ခြင်း

၂၉။ ဌာမှူး သို့မဟုတ် အုပ်ချုပ်ရေးမှူးသည် ကော်မတီပိုင်ငွေ သို့မဟုတ် ပစ္စည်းဆုံးရှုံးမှုဖြစ်လျှင် ယင်းသို့ ဆုံးရှုံးမှုဖြစ်ပေါ်သည့် အကြောင်းချင်းရာနှင့် ဆုံးရှုံးသည့်ငွေ သို့မဟုတ် ပစ္စည်းပမာဏကို အမြန်ဆုံး စုံစမ်း၍ ရုံးအကြီးအကဲထံ အစီရင်ခံ တင်ပြရမည်။

၃ဝ။ ရုံးအကြီးအကဲသည် -

(က) ဌာနမှူး သို့မဟုတ် အုပ်ချုပ်ရေးမှူးက နည်းဥပဒေ ၂၉ အရ အစီရင်ခံတင်ပြချက်နှင့် စပ်လျဉ်း၍ စစ်ဆေးတင်ပြရန် သင့်လျော်သည့် ဝန်ထမ်းများ ပါဝင်သည်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို
ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။

(ခ) နည်းဥပဒေခွဲ(က)အရ ဖွဲ့စည်းရာတွင် ဆုံးရှုံးမှုဖြစ်ပေါ်သည့် ဌာနမှ ဝန်ထမ်းများကို ထည့်သွင်းဖွဲ့စည်းခြင်း မပြုရ။

၃၁။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် -

(က) ကော်မတီပိုင် ငွေ သို့မဟုတ် ပစ္စည်းဆုံးရှုံးမှုဖြစ်ရခြင်းမှာ သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်သည်ဟု ထင်ရှားစွာတွေ့ရှိလျှင် အဖွဲ့၏ သဘောထားမှတ်ချက်ဖော်ပြပြီး အစီရင်ခံစာကို ရုံးအကြီးအကဲထံ တင်ပြရမည်။

(ခ) သက်ဆိုင်ရာဝန်ထမ်း၏ ပေါ့လျော့မှု သို့မဟုတ် မရိုးသားမှုကြောင့် ဆုံးရှုံးမှုဖြစ်သည်ဟု ထင်ရှားစွာ တွေ့ရှိလျှင် ဆုံးရှုံးသည့်ငွေ သို့မဟုတ် ပစ္စည်းကို ပြန်လည်ရရှိရန် မည်သို့ဆောင်ရွက်သင့်ကြောင်း သဘောထားမှတ်ချက်ဖော်ပြပြီး အစီရင်ခံစာကို ရုံးအကြီးအကဲထံတင်ပြရမည်။

၃၂။ ရုံးအကြီးအကဲသည် နည်းဥပဒေ ၃၁ အရ တင်ပြလာသည့် အစီရင်ခံစာကို စိစစ်ပြီး အောက်ပါအတိုင်းဆောင်ရွက်နိုင်သည် -

(က) အစီရင်ခံစာကို အတည်ပြုခြင်း သို့မဟုတ် ပြင်ဆင်ခြင်း၊

(ခ) လိုအပ်ပါက ပြန်လည်စစ်ဆေးရန်ညွှန်ကြားခြင်း၊

(ဂ) ကော်မတီပိုင်ငွေ သို့မဟုတ် ပစ္စည်းဆုံးရှုံးခြင်းနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ထပ်မံဖွဲ့စည်းစစ်ဆေးစေခြင်း။

၃၃။ ရုံးအကြီးအကဲသည် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရ ကော်မတီပိုင် ငွေ သို့မဟုတ် ပစ္စည်းဆုံးရှုံးမှုဖြစ်ရခြင်းမှာ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်သည်ဟု စိစစ်တွေ့ရှိလျှင် သတ်မှတ် ချက်နှင့်အညီ စာရင်းမှ ပယ်ဖျက်နိုင်ရေးကို ဆက်လက်ဆောင်ရွက်ရမည်။

၃၄။ ရုံးအကြီးအကဲသည် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအရ ကော်မတီပိုင် ငွေ သို့မဟုတ် ပစ္စည်း ဆုံးရှုံးမှု ဖြစ်ရခြင်းမှာ သက်ဆိုင်ရာဝန်ထမ်း၏ ပေါ့လျော့မှု သို့မဟုတ် မရိုးသားမှုကြောင့် ဖြစ်သည်ဟု စိစစ်တွေ့ရှိလျှင် -

(က) ပြစ်မှုကြောင်းအရ အရေးယူထိုက်သောကိစ္စဖြစ်ပါက တာဝန်ရှိသူကို တည်ဆဲ ဥပဒေနှင့် အညီအရေးယူ ဆောင်ရွက်ရမည်။

(ခ) ဆုံးရှုံးမှုများအတွက် ကောက်ခံမှုဖွင့်လှစ်ရန် ကော်လိတ္တော် အရာရှိထံ အကြောင်းကြားရမည်။

၃၅။ ရုံးအကြီးအကဲသည် ကော်လိတ္တော် အရာရှိက ကောက်ခံမရနိုင်ကြောင်း တင်ပြလာသည့် ဆုံးရှုံးမှုများကို သတ်မှတ်ချက်နှင့်အညီ စာရင်းမှပယ်ဖျက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည်။

၃၆။ ကော်မတီ၊ ရုံးအကြီးအကဲနှင့် ဌာနမှူးများသည် နည်းဥပဒေ ၃၃၊ နည်းဥပဒေ ၃၅ အရ ဆုံးရှုံးမှုအတွက် စာရင်းမှပယ်ဖျက်ခြင်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်မဆန့်ကျင်စေဘဲ ကော်မတီက အခါအားလျော်စွာ သတ်မှတ်ချက်များနှင့်အညီ စာရင်းမှ ပယ်ဖျက်ရမည်။

၃၇။ ရုံးအကြီးအကဲ သို့မဟုတ် ဌာနမှူးသည် ဆုံးရှုံးမှုအတွက် စာရင်းမှပယ်ဖျက်ရန် အလို့ငှါ ကော်မတီ၏အတည်ပြုချက်ရရှိမှသာ စာရင်းမှ ပယ်ဖျက်သည့် အမိန့်ချမှတ်ရမည်။

၃၈။ ကော်မတီသည် ကော်မတီပိုင်ငွေ ကျပ်ငါးသိန်းအထက် သို့မဟုတ် ကော်မတီပိုင် ပစ္စည်းတန်ဖိုးကျပ်ဆယ်သိန်းအထက် ဆုံးရှုံးမှုများကို စာရင်းမှပယ်ဖျက်ရန် အမိန့်ချမှတ်ခြင်းမပြုမီ စာရင်းစစ်ချုပ်၏ သဘောထား မှတ်ချက်ရယူရမည်။ စာရင်းစစ်ချုပ်က ကန့်ကွက်ရန် မရှိကြောင်း ပြန်ကြားချက်ရရှိမှသာ စာရင်းမှ ပယ်ဖျက်ရမည်။

၃၉။ ကော်မတီသည် နည်းဥပဒေ ၃၈ အရ စာရင်းမှပယ်ဖျက်သည့် အမိန့်မှအပ စာရင်းမှ ပယ်ဖျက်သည့်အခြားအမိန့်တစ်ရပ်ရပ်ကို မိမိ၏ပြန်လည်စိစစ်တွေ့ရှိချက်အပေါ် ပြန်လည်သုံးသပ်၍ လိုအပ်သလို ပြင်ဆင် အမိန့်ချမှတ်နိုင်သည်။

အခန်း(၉)

ရရန်ရှိငွေများကောက်ခံခြင်း

၄ဝ။ ကော်မတီက တာဝန်ပေးအပ်ခြင်း ခံရသည့် စည်ပင်သာယာဝန်ထမ်းသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ ၊ နည်းဥပဒေများနှင့်အညီ ကောက်ခံရမည့်အခွန်အခနှင့် မပြေ ကျန်ငွေများကိုဖြစ်စေ၊ ကော်မတီကရရန်ရှိသည့် အခြားငွေကြေးတစ်စုံတစ်ရာကိုဖြစ်စေ၊ ကော်မတီပိုင်ငွေ သို့မဟုတ် ပစ္စည်းဆုံရှုံးမှု တန်ဖိုးကိုဖြစ်စေရရှိရန် ကောက်ခံရမည်။

၄၁။ ကော်မတီသည် နည်းဥပဒေ ၄ဝ အရ ကောက်ခံသော်လည်း ကောက်ခံမရရှိသည့် မပြေကျန်ငွေများ ရှိလျှင် ကော်လိတ္တော် အရာရှိ၏လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံရမည်။

၄၂။ ကော်မတီသည် မပြေကျန်ငွေများကို အရကောက်ခံနိုင်ရန်ဌာနမှူး သို့မဟုတ် ပြန်တမ်းဝင်အရာရှိ အဆင့်ထက် မနိမ့်သူ အရာရှိတစ်ဦးဦးအား ကော်လိတ္တော်အရာရှိ၏လုပ်ပိုင်ခွင့်များကို အပ်နှင်း နိုင်သည်။

အခန်း(၁ဝ)

အထွေထွေ

၄၃။ ကော်မတီသည် မိမိ၏လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သောအောက်ပါဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စာရင်းစစ်ချုပ်ရုံးနှင့် ညှိနှိုင်း ရေးဆွဲ ထုတ်ပြန်ရမည်-

(က) ငွေစာရင်းထိန်းသိမ်းထားရှိခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊

(ခ ) စာရင်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊

(ဂ ) ရရန်ရှိငွေကောက်ခံခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊

(ဃ) ပစ္စည်းစာရင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊

(င ) လုပ်ငန်းအပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊

(စ ) ချေးငွေများဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊

(ဆ) အစိုးရ၏သီးခြားထောက်ပံ့ငွေများဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊

(ဇ ) အာမခံငွေများဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊

(စျ ) အထူးစီမံကိန်းများ အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊

(ည) ရန်ပုံငွေဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ။

၄၄။ ကော်မတီသည် ဤနည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသောလုပ်ငန်း တာဝန်များကို မိမိ လက်အောက်ရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွှဲအပ် ဆောင်ရွက် စေနိုင်သည်။

၄၅။ ကော်မတီသည် ဤနည်းဥပဒေများပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်လိုအပ်သော အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်နိုင်သည်။

အမိန့်အရ

(ပုံ) ကို လေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာအမှတ် ၊၆/၉၉

ရန်ကုန်မြို့၊ ၁၃၆၁ ခုနှစ်၊ နတ်တော်လဆန်း ၁ဝ ရက်

(၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၏ သဘောတူညီချက်ဖြင့် အောက်ပါ နည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေပေးရေးနှင့် သန့်ရှင်းမှုလုပ်ငန်း ဆိုင်ရာနည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ် သက်ရောက်စေရမည် -

(က) မြို့တော်နယ်နိမိတ် ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ကို ဆိုသည်၊

(ခ) ရေပေးရေးလုပ်ငန်းဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း နေထိုင်သောအများပြည်သူ အသုံးပြုရန်ရေလှောင်ကန်၊ စမ်းချောင်း၊ ရေမြောင်း၊ အင်း၊ အိုင်၊ မြစ်၊ ချောင်းများနှင့်မြေအောက်ရေတို့ကို ရေလွှဲ၊
ရေပို့ပိုက်မကြီးများ၊ ရေပို့ပိုက်အမျိုးမျိုး၊ စက်ကရိယာများနှင့်ရေယူအဆောက်အအုံများကို အသုံးပြု၍ပေးပို့ဖြန့်ဝေသောလုပ်ငန်းကို ဆိုသည်၊

(ဂ ) ရေပေးရေးစနစ်ဆိုသည်မှာ ကော်မတီပိုင်ရေကို ရေပို့ပိုက်မများဖြင့်ဖြစ်စေ၊အခြားနည်း တစ်မျိုးမျိုးဖြင့်ဖြစ်စေ ဖြန့်ဝေပေးပို့သောစနစ်ကိုဆိုသည်၊

(ဃ) တရားမဝင်ရေဆက်သွယ်ခြင်းဆိုသည်မှာ ကော်မတီ၏ခွင့်ပြုချက်မရရှိပဲ ရေပေးရေးလုပ်ငန်းမှ ရေကို မိမိ၏အဆောက်အအုံ၊ အဝန်းအဝိုင်း မည်သည့်နေရာသို့ မဆို တိုက်ရိုက်ဖြစ်စေ၊ ဆင့်ပွားဖြစ်စေ
သွယ်ယူသုံးစွဲခြင်း၊ လျှပ်စစ် သို့မဟုတ် စွမ်းအင်တစ်မျိုးမျိုးကိုသုံး၍ရေစုပ်စက် တပ်ဆင်သုံးစွဲခြင်း၊ လက်နှိပ်တုံကင် တပ်ဆင် သုံးစွဲခြင်းနှင့် မူလခွင့်ပြုချက်ထက် ကျော်လွန်ဆောင်ရွက်ခြင်းကိုဆိုသည်၊

(င) ရေသွယ်ပိုက်ဆိုသည်မှာ ကော်မတီပိုင်ရေပိုက်တစ်ခုခုမှ ရေသုံးစွဲသူ၏ပိုင်နက်အတွင်းသို့ စုပေါင်း၍ဖြစ်စေ၊ တစ်ဦးခြင်းဖြစ်စေ ဆက်သွယ်ထားသည့်ရေပိုက်ကို ဆိုသည်၊

(စ) လိုင်စင်ရပိုက်ဆက်သူဆိုသည်မှာ ရေနှင့်သန့်ရှင်းမှုလုပ်ငန်းဆောင်ရွက်နိုင်ရန် လုပ်ငန်း ကျွမ်းကျင်အပေါ်အခြေခံပြီး ကော်မတီက လိုင်စင်ထုတ်ပေးထားသူကို ဆိုသည်၊

(ဆ) ရေဖိုးရေခဆိုသည်မှာ ကော်မတီပိုင်ရေကို ရယူသုံးစွဲသူများထံမှအခါအားလျော်စွာ သတ်မှတ်သောနှုန်းထားဖြင့်သော်လည်းကောင်း၊ ရေမီတာဖြင့်သော်လည်းကောင်း၊ ပုတ်ပြတ်နှုန်းထားဖြင့်သော်လည်း ကောင်း
ကောက်ခံသည့် အခကြေးငွေကိုဆိုသည်၊

(ဇ) ပိုက်လိုင်းနယ်နိမိတ်ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း မြို့တော်ရေပေးရေး လုပ်ငန်းရေပို့ ပိုက်မကြီးများ၏ အလယ်အူကြောင်းမှဘေးဝဲယာတစ်ဖက်တစ်ချက် ၂၅ပေထိ နေရာကို ဆိုသည်၊

(စျ) အညစ်အကြေးဆိုသည်မှာ မိလ္လာကို ဆိုသည်။ ယင်းစကားရပ်တွင် အိမ်သာ၊ ကျင်ငယ်စွန့်ရန် နေရာ၊ ရေပုပ်ရေစစ်ကန်၊ ရေပုပ်တွင်း၊ ရေချိုးကန်၊ ပန်းခြံ၊ စိုက်ခင်း သို့မဟုတ် အဆောက်အအုံမှ
စွန့်ထုတ်သောအများပြည်သူကို အန္တရာယ်ပြုနိုင်သည့် အရာများလည်း ပါဝင် သည်၊

(ည) မိလ္လာရည်ကြည်ဆိုသည်မှာ အညစ်အကြေးရေများကို သန့်စင်မှုစနစ် တစ်မျိုးမျိုးဖြင့် သန့်စင် ပြီးနောက် ကော်မတီက သတ်မှတ်အတည်ပြုထားသော စံချိန်စံညွှန်းများနှင့် အညီ ထွက်ရှိလာသည့် အရည်ကြည်ကို
ဆိုသည်။

အခန်း(၂)

ရေပေးရေးလုပ်ငန်းများ

၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း နေထိုင်သူများသောက်သုံးရန် သင့်တော်သည့်ရေကိုလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက်ရမည်။

၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း၌ဖြစ်စေ၊ ပြင်ပ၌ဖြစ်စေ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်-

(က) မြို့တော်အတွက် ရေပေးရန် လိုအပ်သောရေလှောင်ကန်များ၊ စက်ရေတွင်းများ၊ ပိုက်လိုင်းများ ရေပေးရေးလုပ်ငန်းများကိုတည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊

(ခ ) ရေပေးရေးလုပ်ငန်းအတွက်လိုအပ်သည့်မြေယာများ၊ လုပ်ငန်းသုံးပစ္စည်းများ သို့မဟုတ် စက်ပစ္စည်းများကို သက်ဆိုင်ရာပိုင်ရှင်နှင့်စေ့စပ်ညှိနှိုင်းပြီး ဝယ်ယူခြင်း သို့မဟုတ် ငှားရမ်းရယူခြင်း။

၅။ ကော်မတီသည်ရေအရင်းအမြစ်ရရှိရေးနှင့်ရေပေးရေးလုပ်ငန်းများကိုသတ်မှတ်ချက်များနှင့်အညီ ကန်ထရိုက် စနစ်ဖြင့်ဖြစ်စေ၊ လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်သည်။

၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ရေပေးရေးလုပ်ငန်းများကို စစ်ဆေးခြင်း၊ ပြင်ဆင်ခြင်းသို့မဟုတ် တည်ဆောက်ခြင်းများကို ပြုလုပ်နိုင်ရန်အလို့ငှာ မည်သည့်နေရာတွင်မဆို ပိုင်ရှင်၏ပစ္စည်းကိုမထိခိုက်စေပဲ ဖြတ်သန်းဝင်ရောက်ခွင့် သို့မဟုတ် စက်ပစ္စည်းကိရိယာများကို ယူဆောင်ချ ထားခွင့်ရှိသည်။

၇။ ကော်မတီသည် အောက်ဖော်ပြပါလုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်နိုင်သည်-

(က) လိုအပ်ပါက မည်သည့်လမ်း သို့မဟုတ် လမ်းဖောက်လုပ်ရန်ရည်ရွယ်သည့်နေရာကိုမဆို ဖြတ်သန်းဖောက်ထွင်း၍ဖြစ်စေ၊ ၄င်းအောက်ကဖြစ်စေ၊ ၄င်းအပေါ်ကဖြစ်စေ ရေပေးရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

(ခ ) လိုအပ်ပါက မည်သည့်မြေ သို့မဟုတ် အဆောက်အအုံကိုမဆို ဖြတ်သန်းဖောက်ထွင်း၍ဖြစ်စေ၊ ၄င်းအောက်ကဖြစ်စေ၊ ၄င်းအပေါ်ကဖြစ်စေ ရေပိုက်များကို ဖောက်လုပ်ချထားခြင်း၊

(ဂ) နည်းဥပဒေခွဲ (ခ)အရ ဆောင်ရွက်ခြင်းမပြုမီ သက်ဆိုင်ရာအဆောက်အအုံပိုင်ရှင် သို့မဟုတ်အသုံးပြုသူအားကြိုတင်အသိပေးခြင်း၊အစိုးရဌာန၊ အဖွဲ့အစည်းပိုင်အဆောက်အအုံဖြစ်ပါက သက်ဆိုင်ရာအစိုးရ
ဌာန၊အဖွဲ့အစည်းနှင့်ကြိုတင်ညှိနှိုင်းခြင်း၊

၈။ ကော်မတီပိုင် ရေပေးရေးစနစ်မှ ရေရယူသုံးစွဲနေသောအိမ်ရှင်က ယင်းပိုင်အဆောက်အအုံတွင် အငှားနေထိုင်သူ သို့မဟုတ် တစ်နည်းနည်းဖြင့်အသုံးပြုသူအား ယင်းပိုင်ရေပိုက်မှတစ်ဆင့် ဆက်သွယ် သုံးစွဲခွင့်ပြုရန် အကြောင်းမဲ့ပျက်ကွက်ခြင်း၊ ငြင်းဆန်ခြင်းပြုလျှင်ဖြစ်စေ၊ ရေကိုလုံလောက်အောင် ပေးဝေခြင်းမပြုလျှင်ဖြစ်စေ၊ အဆိုပါအချက်များကိုဖော်ပြ၍ အငှားနေထိုင်သူ သို့မဟုတ် တစ်နည်းနည်းဖြင့် အသုံးပြုသူသည် သီးခြားရေဆက်သွယ်ခွင့်ပြုရန် ကော်မတီသို့ လျှောက်ထား နိုင်သည်။ ထိုသို့လျှောက်ထားလာလျှင် ကော်မတီသည် ခွင့်ပြုသင့်သည်ဟုယူဆပါက သတ်မှတ်သည့် ဝန်ဆောင်မှုစရိတ်ကို ပေးသွင်းစေ၍ ရေသွယ်ပိုက်မှ သီးခြား ရေဆက်သွယ် သုံးစွဲ ခွင့်ပြုနိုင်သည်။

၉။ ကော်မတီသည် ရေသုံးစွဲခွင့်ရရှိသူက ရေသိုလှောင်ရန်အတွက် ရေကန် ထားရှိရန် နေရာလုံလောက်စွာရှိသဖြင့် တစ်နေ့တာ သုံးစွဲရမည့် ရေပမာဏကိုဖော်ပြလျက် အရန်ရေကန် တည်ဆောက်ခွင့် လျှောက်ထားလျှင် ခွင့်ပြုနိုင်သည်။

၁ဝ။ ကော်မတီသည် မိမိပိုင်ရေပိုက်မှ ရေသုံးစွဲသူ၏နေအိမ်သို့ ရေဆက်သွယ်ခြင်းပြုလုပ်ရာ၌ ထိုလုပ်ငန်းတွင်အသုံးပြုသည့်ပစ္စည်းများ၏ အရွယ်အစား၊ အမျိုးအစားတို့ကို သတ်မှတ်နိုင်သည်။

၁၁။ ကော်မတီသည်-

(က) ကော်မတီသည် မိမိပိုင်ရေပိုက်မှ ရေသုံးစွဲသူအား ရေဆက်သွယ်ရေးလုပ်ငန်းများကိုဆောင် ရွက်ရာတွင် လိုင်စင်ရပိုက်ဆက်သူဖြင့်သာ ဆောင်ရွက်ခွင့်ပြုရမည်။

(ခ)ရေဆက်သွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် မည်သည့်ပိုက်ဆက်သူကိုမဆို စစ်ဆေးနိုင်သည်။

၁၂။ ကော်တီသည် ရေဆက်သွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍လိုအပ်ပါကရပ်ကွက်လူကြီး နှစ်ဦးနှင့်အတူ မည်သည့်နေအိမ်အတွင်းသို့မဆို ဝင်ရောက်စစ်ဆေးနိုင်သည်။

၁၃။ ကော်မတီသည် ရေသုံးစွဲသူက ကျသင့်သောရေဖိုးရေခကို ပေးဆောင်ရန်ပျက်ကွက်လျှင်ဖြစ်စေ၊ ကော်မတီက ထုတ်ပြန်ထားသော ရေသုံးစွဲခြင်းဆိုင်ရာ ညွှန်ကြားချက် တစ်စုံတစ်ရာကို မလိုက်နာလျှင် ဖြစ်စေ၊ ရေဆက်သွယ်ထားခြင်းကို ဖြတ်တောက်နိုင်သည်။

၁၄။ နည်းဥပဒေ ၁၃ အရ ရေဖြတ်တောက်ခြင်းခံရသူသည် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပြီးစီးပါက ရေပြန်လည်ဆက်သွယ်ခွင့်ပေးရန် ကော်မတီသို့လျှောက်ထားနိုင်သည်။ ထိုသို့ လျှောက်ထား လာလျှင် ကော်မတီသည် လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီး သတ်မှတ်ထားသည့်ဒဏ်ကြေးငွေ ပေးဆောင်စေလျှက် ရေပြန်လည်ဆက်သွယ်ခွင့်ပြုနိုင်သည်။

၁၅။ အဆောက်အအုံပိုင်ရှင် သို့မဟုတ် အသုံးပြုသူသည် ရေဆက်သွယ်ရာတွင်အသုံးပြုသော ရေသွယ်ပိုက်နှင့် ယင်းပိုက်တွင် တပ်ဆင်ထားသောပစ္စည်းများကို မပျက်စီးစေရန် တာဝန်ယူ စောင့်ရှောက်ရမည်။ ပျက်စီးမှု ဖြစ်ပေါ်ပါက ကော်မတီက သတ်မှတ်ညွှန်ကြားသည့်အတိုင်း ပြင်ဆင်ဆောင်ရွက်ရမည်။

၁၆။ အောက်ပါကိစ္စရပ်တစ်ခုခုကို ပြုလုပ်လိုသူသည် ခွင့်ပြုချက်ရရှိရန် သတ်မှတ်ချက်များအညီ ကော်မတီသို့ လျှောက်ထားရမည်-

(က) ကော်မတီပိုင်ရေပိုက်ကိုဖောက်၍ မိမိနေအိမ်အတွင်းသို့ တိုက်ရိုက်ရေဆက်သွယ်ရယူခြင်း၊

(ခ) ကော်မတီက ခွင့်ပြုထားသော ရေသွယ်ပိုက်မှ ဆင့်ပွား ပိုက်ဆက်ဖြင့် တပ်ဆင် ဆက်သွယ်ခြင်း၊

(ဂ ) ကော်မတီကခွင့်ပြုထားသော ရေသွယ်ပိုက်မှ ရေပိုမိုရရှိရန် လျှပ်စစ် သို့မဟုတ် စွမ်းအင်တစ် မျိုးမျိုးကိုသုံး၍ဖြစ်စေ၊ လက်နှိပ်တုံကင်သုံး၍ဖြစ်စေ ရေကိုစုပ်ယူသုံးစွဲခြင်း၊

(ဃ)ကော်မတီ၏ခွင့်ပြုချက်ဖြင့် မူလတပ်ဆင်ထားသော ရေနှင့်သန့်ရှင်းမှုဆိုင်ရာ ပစ္စည်း များထက် ပိုမို၍ ဖြည့်စွက်ပြောင်းလဲတပ်ဆင်ခြင်း သို့မဟုတ် တိုးချဲ့တပ်ဆင်ခြင်း။

၁၇။ ကော်မတီသည် နည်းဥပဒေ ၁၆ အရ လျှောက်ထားချက်ကိုစိစစ်ပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။ ခွင့်ပြုချက် ထုတ်ပေးရန် ဆုံးဖြတ်ပါက သတ်မှတ် ထားသည့် ဝန်ဆောင်မှုစရိတ်ကို လျှောက်ထား သူထံမှ ကောက်ခံရမည်။

၁၈။ ကော်မတီသည် အစိုးရဌာနအဖွဲ့အစည်းကဖြစ်စေ၊ လူအများကစုပေါင်း၍ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ယင်းတို့၏ ကုန်ကျစရိတ်ဖြင့် ကော်မတီပိုင်ရေပိုက်မှသွယ်ယူထားသော ရေသွယ်ပိုက်ကို ပြင်ဆင်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ စီမံခန့်ခွဲခြင်းပြုရန် လျှောက်ထားလာပါက ခွင့်ပြုနိုင်သည်။

၁၉။ ကော်မတီပိုင် ရေပေးရေးလုပ်ငန်းများကိုဆောင်ရွက်ရာ၌ တစ်ဦးတစ်ယောက်သောသူ၏ ပစ္စည်းနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လျှင် နစ်နာသူသည် လျှော်ကြေးရရန် ခိုင်လုံသောအထောက်အထားဖြင့် ကော်မတီသို့ တင်ပြ တောင်းဆိုနိုင်သည်။ ထိုသို့တင်ပြ တောင်းဆိုသည့်အကြောင်းအချက်မှာ မှန်ကန် သင့်မြတ်သည်ဟု ကော်မတီကလက်ခံယူဆလျှင် ကော်မတီသည်ထိုက်သင့်သော လျော်ကြေးငွေကို နစ်နာသူအားပေးရမည်။

၂ဝ။ မြို့တော်၏နယ်နိမိတ်ပြင်ပမှဆက်သွယ်သည့် ရေပို့ပိုက်မကြီး သို့မဟုတ်မြို့တွင်းပင် မရေပိုက် ပေါ်တွင် လမ်း၊ မီးရထားသံလမ်း၊ တံတား သို့မဟုတ် အဆောက်အအုံဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် တိုးချဲ့ခြင်းပြုလုပ်လိုသော အစိုးရဌာနအဖွဲ့အစည်းကဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ ကော်မတီနှင့် ကြိုတင်ညှိနှိုင်းရမည်။

၂၁။ ကော်မတီသည် အမျိုးသားသောက်သုံးရေ စံချိန်စံညွှွှန်း အတည်ပြု မပြဌာန်းမီ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အခါအားလျော်စွာအတည်ပြုပြဌာန်းထားသော သောက်သုံးရေစံချိန်စံညွှန်းကို သုံးစွဲရမည်။

၂၂။ ကော်မတီသည်-

(က) မိမိပိုင်ရေပေးရေးလုပ်ငန်းမှရေကို သုံးစွဲသူများထံမှ ရေဖိုးရေခကိုကောက်ယူနိုင်သည်။

(ခ ) ရေကိုတန်ဖိုးသတ်မှတ်၍ ရောင်းချနိုင်သည်။

(ဂ) မိမိပိုင်ရေပေးရေးလုပ်ငန်းမှရေကို ဆောက်လုပ်ရေး လုပ်ငန်းနှင့် အခြားလုပ်ငန်း များကသုံးစွဲလျှင် ရေဖိုးရေခကောက်ခံရယူနိုင်သည်။

၂၃။ ကော်မတီသည် မိမိပိုင်ရေပေးရေးလုပ်ငန်းမှရေကို သုံးစွဲသော အောက်ပါတို့ထံမှ ရေဖိုးရေခနှင့် ဝန်ဆောင်မှုစရိတ်များကို နိုင်ငံခြားငွေဖြင့် ကောက်ခံရယူနိုင်သည်-

(က) နိုင်ငံခြားငွေဖြင့်ငှားရမ်းခယူ၍အငှားချထားသောလူနေအိမ်၊အခန်းနှင့်အဆောက် အအုံများ၊

(ခ) နိုင်ငံခြားငွေဖြင့်အခကြေးငွေရယူသော ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနှင့်တည်းခိုရိပ်သာများ၊

(ဂ ) ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဖြင့် လုပ်ကိုင်လျှက်ရှိသောလုပ်ငန်းများ။

အခန်း(၃)

သန့်ရှင်းမှုလုပ်ငန်းများ

၂၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ သက်ဆိုင်ရာအစိုးရဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(က) အညစ်အကြေးစွန့်ထုတ်မှု လုပ်ငန်းစနစ်များနှင့် အညစ်အကြေး သန့်စင်မှုလုပ်ငန်း စနစ်များကို စီမံဆောင်ရွက်ခြင်း၊

(ခ ) အညစ်အကြေးစွန့်ထုတ်မှုလုပ်ငန်းများအတွက် အဆောက်အအုံ၊ မြေယာ သို့မဟုတ် စက် ပစ္စည်းများကိုဝယ်ယူခြင်း သို့မဟုတ် ငှားရမ်းခြင်း၊

(ဂ ) အညစ်အကြေးစွန့်ထုတ်မှုလုပ်ငန်း စည်းကမ်းချက်သတ်မှတ်၍ ဆောင်ရွက်ခွင့်ပြုခြင်း။

၂၅။ ကော်မတီသည်

(က) အဆောက်အအုံပိုင်ရှင် သို့မဟုတ် အသုံးပြုသူက တာဝန်ယူ တည်ဆောက်မည့် မိလ္လာနှင့်စွန့်ပစ် မှုစနစ်ကို စိစစ်ခွင့်ပြုနိုင်သည်။

(ခ) မိလ္လာစွန့်ပစ်သည့်စနစ်ရှိသည့် နယ်မြေအတွင်း လူဦးရေ ၂၅ဝ နှင့်အထက် စုပေါင်းနေထိုင် အသုံးပြုသည့် အဆောက်အအုံကြီးများမှလည်းကောင်း၊ ကော်မတီက လူအများစုပေါင်းနေထိုင် အသုံးပြုသည်ဟု
သတ်မှတ်ထားသော အဆောက်အအုံများမှလည်းကောင်း ထွက်ရှိလာသောမိလ္လာ ကို ကော်မတီပိုင်မိလ္လာစနစ်အတွင်းသို့ စွန့်ပစ်ထည့်သွင်းခြင်းနှင့်ပတ်သက်၍ စီမံခန့်ခွဲ ဆုံးဖြတ်နိုင်သည်။

(ဂ ) မိလ္လာပြွန်စနစ်မရှိသည့်နယ်မြေတွင် တစ်ဦးချင်း သို့မဟုတ် လူအများက စုပေါင်းအသုံးပြုသည့် မိလ္လာကန်မှ ထွက်ရှိလာသော မိလ္လာရေကြည်ကိုသာ ကော်မတီကသတ်မှတ်ပေးသည့်ရေမြောင်း၊ မြစ်၊ ချောင်း၊ အင်း၊
အိုင် သို့မဟုတ် ကန်သို့ တစ်ဆင့်စွန့်ပစ်ရန် သတ်မှတ်နိုင်သည်။

(ဃ) မိလ္လာရေကြည်၏စံချိန်စံညွှန်းကို အခါအားလျော်စွာသတ်မှတ်နိုင်သည်။

(င) နည်းဥပဒေခွဲ(ဂ)အရ မိလ္လာရေကြည်စွန့်ပစ်လိုသူများက ယင်းတို့၏ မိလ္လာရေကြည်မှာ ကော်မတီကသတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့်ကိုက်ညီကြောင်းအထောက်အထားများနှင့်လျှောက်ထား
လာလျှင်လိုအပ်သလိုစစ်ဆေးပြီး စွန့်ပစ် ခွင့်ပြုနိုင်သည်။

(စ) အဆာက်အအုံအဝန်းအဝိုင်းမှ ထွက်ရှိသော မိလ္လာကို ကော်မတီကသတ်မှတ်ထားသည့် ဝန်ဆောင်မှု စရိတ်ပေးသွင်းစေပြီး ကော်မတီပိုင် မိလ္လာပြွန် စနစ်သို့ ဆက်သွယ် စွန့်ပစ် ခွင့်ပြုနိုင်သည်။

၂၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ အညစ်အကြေး စွန့်ထုတ်မှု လုပ်ငန်းစနစ်များနှင့် အညစ်အကြေးသန့်စင်မှုလုပ်ငန်းစနစ်များ စီမံဆောင်ရွက် ပေးရသည့်အတွက် အဆောက်ပိုင်ရှင် သို့မဟုတ် အသုံးပြုသူထံမှ သတ်မှတ်သည့်အခကြေးငွေကို ကောက်ခံနိုင်သည်။

၂၇။ ကော်မတီသည် မိလ္လာကန်တည်ဆောက်အသုံးပြုလိုသူက ၄င်းပိုင်မြေဧရိယာအတွင်း လုံလောက်သော မြေကွက်လပ်မရှိသည့်အတွက် ကော်မတီပိုင်နောက်ဖေးလမ်းကြားတွင် မိလ္လာကန် တည်ဆောက် ခွင့်ပြုရန်လျှောက်ထားလာလျှင် မြေငှားရမ်းခ သို့မဟုတ် ကျူးကျော်ခွန်ပေးသွင်းစေပြီး သတ်မှတ်ချက်များနှင့်အညီ ဆောက်လုပ်ခွင့်ပြုနိုင်သည်။

၂၈။ ကော်မတီသည် မြို့တော်နယ်နမိတ်အတွင်း ဒေသအလိုက်အသုံးပြုရမည့် မိလ္လာပြွန်နှင့် မိလ္လာစွန့်ပစ်သည့် စနစ်ကိုသတ်မှတ်နိုင်သည်။

၂၉။ ကော်မတီသည် အဆောက်အအုံအဝန်းအဝိုင်းမှ ထွက်ရှိသော အညစ်အကြေးနှင့် ရေသိုးများကိုကော်မတီက ဖောက်လုပ်ထားသော သီးခြားရေမြောင်း သို့မဟုတ် သတ်မှတ်ထားသော သီးခြားနေရာသို့ စနစ်တကျစီးဝင်စေရေး အတွက် အဆောက်အအုံတွင် ရေမြောင်းဖောက်လုပ်ရန် သို့မဟုတ် ပိုက်တပ်ဆင်ထားရှိရန် အဆောက်အအုံပိုင်ရှင် သို့မဟုတ် အသုံးပြုသူအား ညွှန်ကြား နိုင်သည်။

၃ဝ။ ကော်မတီသည် အသစ်ပြန်လည်တည်ဆောက်ထားသော အဆောက်အအုံနှင့်အသုံးပြုနေသော မိလ္လာပြွန် သို့မဟုတ် မိလ္လာစွန်ပစ်သည့် စနစ်မှာ လိုက်လျောညီထွေ မရှိကြောင်း စစ်ဆေးတွေ့ရှိပါက လိုအပ်သလို ပြန်လည်တည်ဆောက်ရန် အဆောက်အအုံပိုင်ရှင် သို့မဟုတ် အသုံးပြုသူအား ညွှန်ကြားနိုင်သည်။

၃၁။ ကော်မတီသည် မိလ္လာပြွန် နှင့် မိလ္လာစွန်ပစ်သည့် စနစ်ကို အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်းများ လိုအပ်သလိုဆောင်ရွက်စေရန် သက်ဆိုင်သူအားညွှန်ကြားနိုင်သည်။

၃၂။ ကော်မတီသည် အဆောက်အအုံတစ်ခုခုတွင် အသုံးပြုနေသောမိလ္လာကန် သို့မဟုတ် မိလ္လာ စွန့်ပစ်မှုစနစ်နှင့်စပ်လျဉ်း၍ သတ်မှတ်စံချိန်စံညွှန်းနှင့်ညီညွတ်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိလျှင် အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်းများ လိုအပ်သလိုဆောင်ရွက်စေရန် အဆောက်အအုံပိုင်ရှင် အသုံးပြုသူအား ညွှန်ကြားနိုင်သည်။

အခန်း(၄)

တားမြစ်ချက်များ

၃၃။ မည်သူမျှ တရားမဝင် ရေဆက်သွယ်ခြင်းမပြုရ။

၃၄။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိပဲ အောက်ပါပြုလုပ်မှုတစ်ခုခုကို လုပ်ကိုင်ခြင်းမပြုရ-

(က) ကော်မတီပိုင်ရေပိုက်ကို ဖောက်ခြင်း၊ ရေပိုက်ကိုဖောက်၍ မိမိနေအိမ်အတွင်းသို့ ရေကိုဆက်သွယ်ရယူခြင်း၊

(ခ) ကော်မတီကခွင့်ပြုထားသော ရေသွယ်ပိုက်မှဆင့်ပွား ပိုက်ဆက်ဖြင့် တပ်ဆင် ဆက်သွယ်ခြင်း၊

(ဂ ) ကော်မတီကခွင့်ပြုထားသော ရေသွယ်ပိုက်မှ ရေကိုပိုမိုရရှိရန် လျှပ်စစ် သို့မဟုတ် စွမ်းအင် တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လက်နှိပ်တုံကင်အသုံးပြု၍ဖြစ်စေ ရေကိုရယူသုံးစွဲခြင်း၊

(ဃ) ကော်မတီ၏ခွင့်ပြုချက်ဖြင့် မူလတပ်ဆင်ထားသောရေနှင့်သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းအမျိုးအစား၊ အရွယ်အစားနှင့်အရေအတွက်တို့ကိုဖြည့်စွက်ပြောင်းလဲတပ်ဆင်ခြင်း သို့မဟုတ် တိုးချဲ့တပ်ဆင်ခြင်း။

၃၅။ မည်သူမျှ ကော်မတီကတပ်ဆင်ထားသော ရေမီတာကိုတရားမဝင်ပြုပြင်ခြင်း၊ ဖျက်ဆီးခြင်း၊ ဖြုတ်သိမ်းခြင်း၊ တစ်နည်းနည်းဖြင့်ပြောင်းလဲတပ်ဆင်ခြင်း သို့မဟုတ် တပ်ဆင်ထားသောရေမီတာကို အသုံးမပြုပဲရေဆက်သွယ်ခြင်းမပြုရ။

၃၆။ မည်သူမျှ ကော်မတီကတပ်ဆင်ထားသောရေမီတာကို ပျက်ဆီးစေခြင်း၊ နှောင့်နှေးစေခြင်း၊ လွယ်ကူစွာဖတ်မရအောင်ပြုလုပ်ခြင်းမပြုရ။

၃၇။ မည်သူမျှ အောက်ပါပြုလုပ်မှုတစ်ခုခုကိုမပြုလုပ်ရ-

(က) ကော်မတီကဆောင်ရွက်သည့်ရေပေးရေးလုပ်ငန်းမှရေကို ညစ်ညမ်းစေခြင်း၊

(ခ) ကော်မတီကဆောင်ရွက်သည့်ရေပေးရေးလုပ်ငန်းမှရေကို ဖြုန်းတီးခြင်း သို့မဟုတ်ကော်မတီ၏ ခွင့်ပြုချက်မရှိပဲ အိမ်ဥပစာပြင်ပသို့ တစ်ဆင့်ဖြန့်ဝေပေးခြင်း သို့မဟုတ် ရောင်းစားခြင်း၊

(ဂ) ကော်မတီကဆောင်ရွက်သည့်ရေပေးရေးလုပ်ငန်းပိုင်မြေသို့မဟုတ်၄င်း၏အစိတ်အ ပိုင်းပေါ်တွင်ပစ္စည်းများစုပုံခြင်း၊ မြေကိုတူးဆွခြင်း သို့မဟုတ် မြေတွင်မြုပ်နှံခြင်း၊

(ဃ) ကော်မတီပိုင်ရေလှောင်ကန်အတွင်းသို့ တိရိစ္ဆာန်ကိုဝင်ရောက်စေခြင်း သို့မဟုတ် ရေလှောင်ကန်မှသတ်မှတ်ထားသောအကွာအဝေးနေရာအတွင်း ရေဆေးကြောခြင်း သို့မဟုတ် ရေချိုးပေးခြင်း၊

(င ) ကော်မတီပိုင်ရေလှောင်ကန်အတွင်းသို့ ရေညစ်ညမ်းမှုကိုဖြစ်စေသော သို့မဟုတ် ရေ၏အရည်အသွေးကို ကျဆင်းစေသော မည်သည့်ပစ္စည်းကိုမဆိုပစ်ချခြင်း သို့မဟုတ် မျှောချခြင်း၊

(စ) ကော်မတီပိုင်ရေလှောင်ကန်တွင် ရေကူးခြင်း၊ ရေချိုးခြင်း၊ အဝတ်လျှော်ဖွတ်ခြင်း၊ ငါးဖမ်းခြင်း နှင့်ရေလှောင်ကန်မှ သတ်မှတ်ထားသောအကွာအဝေးအတွင်း ရေချိုးခြင်း သို့မဟုတ် အဝတ်လျှော်ဖွတ်ခြင်း၊

(ဆ) ကော်မတီပိုင်ရေလှောင်ကန်၏သတ်မှတ် နယ်နိမိတ်အတွင်း သစ်တောများကို ထိခိုက်ပျက်စီးစေနိုင်သော ပြုလုပ်မှုတစ်ခုခုကိုပြုလုပ်ခြင်း။

၃၈။ မည်သူမျှ ကော်မတီ၏ရေပေးရေးလုပ်ငန်းအတွက် ထိန်းသိမ်းထားရှိသော ရေကန်၊ ရေလှောင်ကန်၏ကန်ပေါင် သို့မဟုတ် ဝင်းခြံနယ်မြေ၊ ပိုက်လိုင်းနယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိပဲ တောခုတ်ခြင်း၊ စိုက်ခင်းများနှင့်ဥယျာဉ်များပြုလုပ်ခြင်း၊ ကျောက်ထုတ်ခြင်း၊ အုတ်ဖုတ်ခြင်း၊ ဆိုင်ခန်းများတည်ဆောက်ခြင်း၊ အဆောက်အအုံဆောက်လုပ်ခြင်း၊ ကန်ပေါင်များ၊ ဝင်းခြံများ၊ ရေပိုက်များနှင့် ဆက်စပ်ပစ္စည်း များကိုရွှေ့ပြောင်းပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်းမပြုရ။

၃၉။ မည်သူမျှ ကော်မတီပိုင် ရေပိုက်များတွင် တပ်ဆင်ထားရှိသော ရေတံခါးကို ကော်မတီ၏ ခွင့်ပြုချက်မရှိပဲ ဖွင့်ခြင်း၊ ပိတ်ခြင်း၊ အတိုးအလျှော့ပြုလုပ်ခြင်း၊ အသစ်တပ်ဆင်ခြင်း၊ ရှိပြီးရေတံခါးအား ဖြုတ်သိမ်းခြင်း သို့မဟုတ် နေရာရွှေ့ပြောင်းခြင်းမပြုရ။

၄ဝ။ မည်သူမျှမြို့တော်နယ်နိမိတ်ပြင်ပမှ ဆက်သွယ်သည့်ရေပို့ပိုက်မကြီး သို့မဟုတ် မြို့တွင်းပင်မရေပိုက်များပေါ်တွင် လမ်း၊ မီးရထားသံလမ်း၊ တံတား သို့မဟုတ် အဆောက်အအုံကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်းမပြုရ။

၄၁။ မည်သူမျှကန်တော်ကြီး၊ အင်းယားကန်၊ ကော်မတီပိုင်ရေကန်များအတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ လှေလှော်ခြင်း၊ ရေကူးခြင်း၊ ငါးဖမ်းခြင်း၊ အဝတ်လျှော်ဖွတ်ခြင်း၊ ရေချိုးခြင်း၊ မြေတူးခြင်း၊ မော်တော်ကားရေဆေးခြင်းမပြုရ။

၄၂။ မည်သူမျှမိမိနေထိုင်သော ခြံ၊ မြေ၊ အဆောက်အအုံရှိမိလ္လာပိုက်၊ ရေသိုးပိုက်များအတွင်းမှအများ ပြည်သူကိုအန္တရာယ်ဖြစ်စေနိုင်သော သို့မဟုတ် ငြိုငြင်စေမှုကိုဖြစ်စေသောအရာ၊ အညစ်အကြေး သို့မဟုတ် အနံ့ဆိုးထွက်သောအရာကို စီးထွက်စေခြင်း၊ စိမ့်ထွက်စေခြင်း သို့မဟုတ် စွန့်ပစ်ခြင်းမပြုရ။

၄၃။ မည်သူမျှမိမိ၏အဆောက်အအုံအဝန်းအဝိုင်းမှထွက်ရှိသော အညစ်အကြေး သို့မဟုတ် ရေသိုးကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင် မိလ္လာပြွန်စနစ်သို့ဆက်သွယ်စွန့်ပစ်ခြင်းမပြုရ။

၄၄။ မည်သူမျှ ဤနည်းဥပဒေများအရ ကော်မတီကထုတ်ပြန်သည့်အမိန့်နှင့်ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ခြင်းမရှိစေရ။

၄၅။ မည်သူမဆို ဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အခန်း(၅)

အထွေထွေ

၄၆။ ကော်မတီသည် ဤနည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသောလုပ်ငန်းတာဝန်များကို မိမိလက်အောက်ရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွှဲအပ်ဆောင်ရွက်စေ နိုင်သည်။

၄၇။ ကော်မတီသည် ဤနည်းဥပဒေများပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သော အမိန့်နှင်ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာအမှတ် ၊၇/၉၉

ရန်ကုန်မြို့၊ ၁၃၆၁ ခုနှစ်၊ နတ်တော်လပြည့်

(၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ၃၃၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)

အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စျေးများဆိုင်ရာ နည်းဥပဒေများ ဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -

(က) မြို့တော်နယ်နမိတ်ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နမိတ်ကို ဆိုလိုသည်။

(ခ) စည်ပင်သာယာစျေးဆိုသည်မှာ မြို့တော်နယ်နမိတ်အတွင်း ကော်မတီကဖွင့်လှစ်ထားသော စျေးကိုဆိုလိုသည်။

(ဂ) ဆိုင်ငှားဆိုသည်မှာ စျေးအတွင်းရှိဆိုင်ခန်းတွင်သတ်မှတ်သည့် ကုန်ပစ္စည်း ရောင်းချ နိုင်ရန် ကော်မတီက အငှားချထားခြင်းခံရသူကို ဆိုသည်။

(ဃ) ဆိုင်ခွန်ဆိုင်ခ ဆိုသည်မှာ ကော်မတီက ဆိုင်ငန်းအားအငှားချထားပေးခြင်းအတွက် ဆိုင်ငှားခ ကော်မတီသို့ပေးဆောင်ရမည့်အခကြေးငွေကို ဆိုသည်။

(င) အကူစျေးသည် ဆိုသည်မှာ ဆိုင်ငှားခ ၄င်း၏ကိုယ်စားဖြစ်စေ၊ ကူညီရောင်းချရန်ဖြစ်စေ ကော်မတီတွင် မှတ်ပုံတင်၍ခေါ်ယူထားသည်ကို ဆိုသည်။

(စ) အိမ်မွေးတိရစ္ဆာန် ဆိုသည်မှာ ခွေး၊ကြောင်၊ယုန်၊ပူး၊ငှက်အ မျိုးမျိုး၊ မျောက် တွားသွား သတ္တဝါနှင့် ရွှေငါး အမျိုးမျိုးကို ဆိုသည်။ ယင်းစကားရပ်တွင် ကော်မတီက အိမ်မွေးတိစ္ဆာန် အဖြစ်အခါ အားလျှော်စွာ
သတ်မှတ်သည့်တိရိစ္ဆာန်လည်းပါဝင်သည်။

(ဆ) မော်တော်ယာဉ် ဆိုသည်မှာ လောင်စာဆီ အမျိုးမျိုး သို့မဟုတ် စွမ်းအင်တစ်မျိုးမျိုးကို အသုံး ပြု၍ မြေပေါ်တွင်ရွေ့လျားသွားလာနိုင်သည့်ယာဉ်နှင့်ယန္တရားများကိုဆိုသည်။

(ဇ) မော်တော်ယာဉ်ရပ်နားခ ဆိုသည်မှာ စည်ပင်သာယာ စျေးနယ်နမိတ်အတွင်း ရပ်နားထားခြင်း အတွက် ကော်မတီက မော်တော်ယာဉ်အမျိုးအစားအလိုက် သတ်မှတ် ကောက်ခံသော အခကြေးငွေကိုဆိုသည်။

အခန်း(၂)

စည်ပင်သာယာစျေးလုပ်ငန်းများကိုကြီးကြပ်ခြင်း

၃။ ကော်မတီသည်မြို့တော်နယ်နိမိတ်အတွင်း စည်ပင်သာယာစျေးလုပ်ငန်းဆောင်ရွက်ရန် အလို့ငှာ စျေးသစ် ဆောက်လုပ်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ပြုပြင်တိုးချဲ့ခြင်း၊ ပိတ်သိမ်းခြင်းနှင့် ဆိုင်ခန်း အငှားချထားခြင်း တို့ကို ဆောင်ရွက်နိုင်သည်။

၄။ ကော်မတီသည် စည်ပင်သာယာစျေး အတွင်းရှိ ဆိုင်ခန်းကို အများပြည်သူ အကျိုးငှာပြန်လည်အသုံးပြုရန် လိုအပ်သည့်အခါဆိုင်ငှားထံမှ ပြန်လည်ရယူနိုင်သည်။

၅။ ကော်မတီသည်မိမိအငှားချထားသော ဆိုင်ခန်းတွင် အကူစျေးသည်အားရောင်းချစေနိုင်သည်။

၆။ ကော်မတီသည်ဆိုင်ငှားခ မိမိအားအငှားချထားသော ဆိုင်ခန်းကို တစ်ဆင့်ငှားရမ်းခြင်း၊ တစ်နည်းနည်းဖြင့်လွှဲပြောင်းခြင်း၊ မေတ္တာဖြင့်ပေးကမ်းခြင်း၊ မူလဆိုင်ငှားကွယ်လွန်သဖြင့် မိသားစုဝင်အား လွှဲပြောင်းခြင်းတို့နှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့်စည်းကမ်းများနှင့်အညီ ဆောင်ရွက် ခွင့်ပြုနိုင်သည်။

၇။ ကော်မတီသည် နည်းဥပဒေ ၆ အရ လွှဲပြောင်းရရှိသူထံမှ သတ်မှတ်ထားသည့်မှတ်ပုံတင်ကြေးနှင့် အခြားသတ်မှတ်ထားသည့် အခကြေးငွေများကို ကောက်ခံပြီးယင်းဆိုင်ခန်းကို အမည်ပြောင်း၍ မှတ်ပုံတင်ပေးနိုင်သည်။

၈။ ကော်မတီသည် စည်ပင်သာယာစျေးတွင်ရှိသည့်ဆိုင်ခန်းများအတွက် ဆိုင်ခန်း၊ ငှားရမ်းခ၊ မှတ်ပုံတင်ခ၊ဆိုင်ခွန်ဆိုင်ခများကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်းပြုနိုင်သည်။

၉။ ကော်မတီသည် အငှားချထားသောဆိုင်ခန်းအတွက် ဆိုင်ခန်းငှားရမ်းခ၊ မှတ်ပုံတင်ခနှင့်ဆိုင်ခွန်ဆိုင်ခများကိုသတ်မှတ်ထားသည့်အတိုင်းဆိုင်ငှားခမပျက်မကွက်ပေးဆောင်စေ ရန် ကြီးကြပ်ဆောင်ရွက်ရမည်။

၁ဝ။ကော်မတီသည် နည်းဥပဒေ ၈ အရ သတ်မှတ်သည့်ဆိုင်ခန်းငှားရမ်းခ၊ မှတ်ပုံတင်ခနှင့်ဆိုင်ခွန်ဆိုင်ခ များ ကို ကောက်ခံရန် စည်ပင်သာယာဝန်ထမ်းတစ်ဦးဦးအား တာဝန်ပေးအပ်နိုင်သည်။

၁၁။ကော်မတီသည်အဆောက်အအုံအမျိုးအစား၊အကျယ်အဝန်းနှင့်ရောင်းဝယ်ဖောက်ကားမှုအခြေအနေ ပေါ်မူတည်၍ စည်ပင်သာယာစျေးများကို အဆင့်ခွဲခြားသတ်မှတ်နိုင်သည်။

၁၂။ ကော်မတီသည်သတ်မှတ်ထားသည့်စည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သောဆိုင်ငှား သို့မဟုတ် အကူစျေးသည်အား အောက်ပါစီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ကိုချမှတ်နိုင်သည်-

(က) ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊

(ခ ) ဆိုင်ခန်းကို ယာယီပိတ်သိမ်းခြင်း၊

(ဂ ) ဆိုင်ခန်းကို ပြန်လည်သိမ်းယူခြင်း။

၁၃။ ကော်မတီသည် နည်းဥပဒေ ၁၂၊ နည်းဥပဒေခွဲ (က)အရ ဒဏ်ကြေးငွေ တပ်ရိုက်နိုင်ရန် စည်ပင်သာယာစျေးအဆင့် အလိုက် တပ်ရိုက်မည့်ဒဏ်ကြေးငွေကို သတ်မှတ်ခြင်း၊ ပြင်ဆင် သတ်မှတ် ခြင်းပြုနိုင်သည်။

၁၄။ ကော်မတီသည် နည်းဥပဒေ ၁၂ ၊နည်းဥပဒေခွဲ(က)အရ တစ်နှစ်အတွင်းဒဏ်ကြေးငွေအနည်းဆုံး ၃ ကြိမ် တပ်ရိုက်ခြင်းခံရသည့်ဆိုင်ငှားတစ်ဦး၏ ဆိုင်ခန်းကို ယာယီပိတ်သိမ်း နိုင်သည်။

၁၅။ ကော်မတီသည်ဆိုင်ငှားခယာယီပိတ်သိမ်းခြင်းခံရသည့်ဆိုင်ခန်းကို ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရန်လျှောက်ထားလာလျှင် စည်ပင်သာယာစျေးစည်းကမ်းကိုနောက်ထပ်မကျူးလွန်ပါဟူ၍ ဝန်ခံဂတိပြုစေပြီးလျှင် ယာယီ ပိတ်သိမ်းခြင်းခံရသည့်ကာလအတွက် ဆိုင်ခွန်ဆိုင်ခများကို အကြေအလည်ပေးဆောင်ပါက ဆိုင်ခန်းကိုပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်သည်။

၁၆။ ကော်မတီသည် နည်းဥပဒေ ၁၅ အရ ဆိုင်ခန်းပြန်လည်ဖွင့်လှစ်ခွင့်ပြုပြီးနောက် သတ်မှတ်ထားသည့်စည်ပင်သာယာစျေးစည်းကမ်းတစ်ရပ်ရပ်ကိုဆိုင်ငှားကထပ်မံဖောက်ဖျက်ကျူးလွန်လျှင် ယင်းဆိုင်ခန်းကို ပြန်လည်သိမ်းယူနိုင်သည်။

၁၇။ ကော်မတီက လွဲအပ်တာဝန်ပေးသည့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကနည်းဥပဒေ ၁၂ အရ စီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ချမှတ်ခြင်းဖြစ်လျှင် ထိုပြစ်ဒဏ်ကို မကျေနပ်သူ သည်သတ်မှတ်ချက်များနှင့်အညီ ရက်ပေါင်း(၃ဝ)အတွင်း ကော်မတီသို့ အယူခံပိုင်ခွင့်ရှိသည်။

၈။ ကော်မတီကကျန်းမာရေးဌာနသည်စည်ပင်သာယာစျေးအတွင်းခင်းကျင်းရောင်းချခြင်း နှင့်စပ်လျဉ်း၍ ကျန်းမာရေး နှင့်ညီညွတ်မှုရှိမရှိ ဝင်ရောက်စစ်ဆေးနိုင်သည်။

၁၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိစည်ပင်သာယာစျေးအသီးသီးတွင် သန့်ရှင်းရေး၊လုံခြုံရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေးတို့ကိုဆောင်ရွက်ရန် စည်ပင်သာယာဝန်ထမ်း တစ်ဦး ဦးအား တာဝန်ပေးအပ်နိုင်သည်။

၂ဝ။ ကော်မတီသည် ဆိုင်ငှားခဖြစ်စေ၊ အကူစျေးသည်ခဖြစ်စေ ဤကိစ္စအလို့ငှာသတ်မှတ်ထားသည့် ပြစ်မှုတစ်ရပ်ရပ်ကိုဖောက်ဖျက်ကျူးလွန်သဖြင့် တရားရုံး၏ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ဆိုင်ငှားထံမှယင်းဆိုင်ခန်းကို ပြန်လည်သိမ်းယူနိုင်သည်။

၂၁။ ကော်မတီသည်စည်ပင်သာယာစျေးများတွင်အစိုးရကအသိအမှတ်ပြုထားသည့် စံချိန်ကိုက်အလေး၊တင်း၊တောင်း၊ ချိန်ခွင် အတိုင်းအတာများအသုံးပြုစေရန်ကြီးကြပ်ဆောင်ရွက်ရမည်။

၂၂။ ဆိုင်ငှား သို့မဟုတ် အကူစျေးသည် သည် စည်ပင်သာယာစျေးများအတွင်း လျှပ်စစ်ဓါတ်အားနှင့်ရေဆက်သွယ် အသုံးပြုလိုပါက ကော်မတီ၏ခွင့်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ရမည်။

၂၃။ ကော်မတီသည် စည်ပင်သာယာစျေးနယ်နိမိတ်အတွင်း ရပ်နားမည့်မော်တော်ယာဉ်အမျိုးအစားအလိုက် မော်တော်ယာဉ်ရပ်နားခကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်။

အခန်း(၃)

တားမြစ်ချက်များ

၂၄။ မည်သူမျှ စည်ပင်သာယာစျေးနယ်နိမိတ်အတွင်း ယာယီ သို့မဟုတ် အမြဲတမ်းအဆောက်အအုံကိုကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းမပြုရ။

၂၅။ မည်သူမျှ လူတို့စားသုံးရန်မသင့်သောအသား၊ ငါး၊ ဖား၊ ပုဇွန်၊ ခရု၊ ဂဏန်း၊ ဘဲ၊ ကြက်၊ ငှက်၊ဟင်းသီးဟင်းရွက်အသီးအနှံ စသည့်အစားအသောက်တို့ကို စည်ပင်သာယာ စျေးနယ်နိမိတ် အတွင်း ရောင်းချခြင်း မပြုရ။

၂၆။ မည်သူမျှ စည်ပင်သာယာစျေးအတွင်းသို့ အိမ်မွေးတိရိစ္ဆာန်များကို ယူဆောင်လာခြင်းမပြုရ။

၂၇။ မည်သူမျှကော်မတီ၏ခွင့်ပြုချက်မရှိဘဲစည်ပင်သာယာစျေးအတွင်းကော်မတီကသတ်မှတ်ထားသော နေရာမှ အပအခြားနေရာများတွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး သို့မဟုတ် သုံးဘီးစက်ဘီးကို ယူဆောင်ခြင်း၊ မောင်းနှင်စီးနင်းခြင်းမပြုရ။

၂၈။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာစျေးနယ်နိမိတ်အတွင်းတွင်သော်လည်းကောင်း၊ စည်ပင်သာယာစျေးရုံအတွင်းတွင်သော်လည်းကောင်း၊ ဆိုင်ဥပစာအတွင်း တွင် သော်လည်းကောင်း ညအိပ်ညနေ နေထိုင်ခြင်း၊ မီးဖိုခြင်း၊ အမှိုက်မီးရှို့ခြင်း၊ ချက်ပြုတ်ကြော်လှော်ခြင်း၊ ရေချိုးခြင်း၊အဝတ်လျှော်ခြင်းမပြုလုပ်ရ။

၂၉။ မည်သူမျှကော်မတီ၏ခွင့်ပြုချက်မရှိဘဲစည်ပင်သာယာစျေးအတွင်းလျှပ်စစ်ဓါတ်အားနှင့်ရေဆက်သွယ် အသုံး မပြုရ။

၃ဝ။ မည်သူမျှကော်မတီ၏ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာစျေးအတွင်းသတ်မှတ်ထားသည့် လျှပ်စစ်ဓါတ်အားထက်ပိုမို သုံးစွဲခြင်းမပြုရ။

၃၁။ မည်သူမျှ စည်ပင်သာယာစျေးအတွင်း အများပြည်သူကို အနှောင့်အယှက်ဖြစ်စေသော ပြုလုပ်မှုတစ်ခုခုကို မပြုလုပ်ရ။

၃၂။ မည်သူမျှ စည်ပင်သာယာစျေးအတွင်း ကော်မတီကသတ်မှတ်ပေးထားသော နေရာတွင်မှအပအခြားနေရာတွင် အစားအစာအလို့ငှာ တိရိစ္ဆာန်များကို သတ်ခြင်း၊ အမွေးနှုတ်ခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်အတွက် ပြင်ဆင်ခြင်းမပြုရ။

၃၃။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာစျေးအတွင်း အလှူငွေနှင့်အခြားရန်ပုံငွေများကောက်ခံခြင်း၊ ဖျော်ဖြေပွဲများပြုလုပ်ခြင်း၊ မျက်လှည့်ပြခြင်း၊ ဟောပြောခြင်း၊ တရားပွဲများ၊ နတ်ပွဲများ၊ အခြားပွဲများကျင်းပခြင်းမပြုရ။

၃၄။ မည်သူမဆို ဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အခန်း(၄)

အထွေထွေ

၃၅။ ကော်မတီသည် ဤနည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းတာဝန်များကို မိမိလက်အောက်ရှိ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွဲအပ် ဆောင်ရွက် စေနိုင်သည်။

၃၆။ ကော်မတီသည် ဤနည်းဥပဒေများပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သောအမိန့်နှင့်ညွန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

အမိန့်အရ

(ပုံ) ကို လေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ

အမိန့်ကြော်ငြာစာအမှတ်၊၊ ၈/၉၉

ရန်ကုန်မြို့၊ ၁၃၆၁ ခုနှစ်၊၊ နတ်တော်လပြည့့််နေ့

(၁၉၉၉ ခုနစ်၊၊ ဒီဇင်ဘာလ ၂၂ ရက် )

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ၃၃၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဆိုင်ရာ နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -

(က) မြို့တော်နယ်နိမိတ် ဆို သည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ကို ဆိုသည်၊

(ခ) ပန်းဥယျာဉ်ဆိုသည်မှာ အများပြည် သူတို့စိတ်ချမ်းမြေ့စွာ အနားယူအ ပန်း ဖြေနိင်ရန်ဝင်း ခြံများကာရံသတ်မှတ်ပြီး အရိပ်ရအပင်များ၊ နှစ်ရှည်စားသုံးသီးပင်များ ၊ ပန်းမန်များ ၊ နားနေဆောင်များ ၊
အားကစားကွင်းများဖြင့် မြို့တော်၏ဂုဏ်အင်္ဂါနှင့်အညီ လှပစွာစိုက်ပျိုးတည်ထောင်ထားသာ နေရာကိုဆိုသည်။

(ဂ) ရှု ခင်းနေရာ ဆိုသည်မှာ အများပြည်သူ အ ပန်း ဖြေရန်အ တွက်လည်းကောင်း၊ရှုစဖွယ်ဖြစ်စေရန် အတွက် လည်းကောင်း ၊ မြို့တော်လှပစေ ရန်အတွက်လည်းကောင်း ပြုပြင်တည်ဆောက် ထားသောနေရာကို
ဆိုသည်။

(ဃ) ပျိုးခြံ ဆိုသည်မှာ အရိပ်ရအပင်များ ၊ သစ်ပင်များ ၊ ပန်းအလှပင်များ ၊ မြက်ပင်များ ပြုစုပျိုးထောင် ထုတ်လုပ်သော နေရာကို ဆိုသည်။

(င ) ကွက်လပ်မြေနေရာ ဆိုသည်မှာ လမ်း ဘေး ၊ လမ်း ဆုံ ၊ လမ်း ထောင့် ၊ ရေကန် ပေါင် စသည်တို့အနီးရှိ ကွက်လပ်မြေ နေရာများကို ဆိုသည်။

(စ) အားကစားကွင်း ဆို သည်မှာ ကော်မတီက ဖြစ်စေ ၊ အများပြည်သူက ဖြစ်စေ ၊ အားကစားနည်းတစ်မျိုးမျိုးအတွက် တည်ဆောက်ထားသောနေရာနှင့် ကလေးသူငယ်များ ၊ လူငယ်လူရွယ်များ လွတ်လပ်ပျော်ရွင်စွာ
ကစားနိုင်ရန် လိုအပ်သည့်ပစ္စည်းများ တပ်ဆင်တည်ဆောက်ထားသောနေရာကို ဆိုသည်။

အခန်း(၂)

ပန်းဥယျာဉ်များ

၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူတို့စိတ်ချမ်းမြေ့စွာ အနားယူအပန်းဖြေနိုင်ရန် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(က) တည်ဆောက်ပြီး ပန်းဥယျာဉ်များ ၊ ရှုခင်းနေရာများနှင့် ကွက်လပ်မြေနေရာများအား ထိန်းသိမ်းခြင်း၊

(ခ ) ပန်းဥယျာဉ်များ ၊ ရှုခင်းနေရာများနှင့် ကွက်လပ်မြေနေရာအသစ်များအား တိုးချဲ့တည်ဆောက်ခြင်း ၊ သတ်မှတ်ထိန်းသိမ်းခြင်း ၊

(ဂ ) မလိုအပ်သည့် ပန်းဥယျာဉ်များ ၊ ရှုခင်းနေရာများနှင့် ကွက်လပ်မြေနေရာများအား ဖျက်သိမ်းခြင်း။

၄။ ကော်မတီသည် ကော်မတီပိုင် ပန်းဥယျာဉ်များနှင့် ရှုခင်းနေရာများတွင် ပြပွဲပြိုင်ပွဲများ ၊ ပျော်ပွဲရွင်ပွဲများ၊ပွဲလမ်းသဘင်များ ခင်းကျင်းပြသရန် သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုနိုင်သည်။

၅။ ကော်မတီသည် ကော်မတီပိုင် ပန်းဥယျာဉ်များ ၊ ရှုခင်းနေရာများအား အသုံးပြုခ ၊ ဝင်ကြေးနှင့်ထိုနေရာများရှိ အဆောက်အအုံများ ၊ နားနေဆောင်များ ၊ အပန်းဖြေပစ္စည်းများ ၊ သစ်ပင်ပန်းမန်များ အား ငှားရမ်းအသုံးပြုခများနှင့် အခြားလိုအပ်သော အခွန်၊ အခများကို စည်းကြပ်ခြင်း ၊ ပြင်ဆင်စည်းကြပ်ခြင်း ၊ သတ်မှတ်ခြင်း၊ပြင်ဆင်သတ်မှတ်ခြင်းများ ပြုနိုင်သည်။

၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း-

(က ) ကော်မတီပိုင်ပျိုးခြံများ တည်ထောင်နိုင်သည် ၊ ပျိုးပင်များ ပျိုးထောင်၍ ရောင်းချနိုင်သည်။

(ခ ) စီးပွားရေးအလို့ငှာ ပျိုးခြံတည်ထောင်လိုသူများ ၊ ပျိုးပင်အရောင်းဆိုင်ဖွင့်လိုသူများအားသတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုနိုင်သည်။

၇။ ကော်မတီသည်မြို့တော်စိမ်းလန်းစိုပြေ သာယာလှပရေးအတွက် သစ်သီးဝလံ ၊ သစ်ပင်ပန်းမန်စိုက်ပျိုးရေးဆိုင်ရာ ပြပွဲပြိုင်ပွဲများ ၊ ပညာပေး ဟောပြောပွဲများကျင်းပခြင်း ၊ သစ်ပင်ပန်းမန်စိုက်ပျိုး ရေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မြို့တော်စိမ်းလန်းစိုပြေ သာယာလှပရေးအတွက်သင့်လျော်သည့် နေရာများတွင် လမ်းလယ်ကျွန်း ၊ မြက်ခင်းအဝိုင်း ၊ ကြိဂံမြက်ခင်း ၊ လမ်းလယ် ပန်းခုံ နှင့်ပန်းအိုးတို့ကို စီမံပြု လုပ် ထားရှိနိုင်သည်။

အခန်း(၃)

အားကစားကွင်းများ

၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူ ကျန်းမာကြံ့ခိုင်ပျော်ရွင်စေရေးအတွက်သင့်လျော်သော နေရများတွင် အားကစား ကွင်းများ ၊ အားကစားရုံ များတည် ဆောက်နိုင် သည်။

၁ဝ။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူ ကျန်းမာကြံ့ခိုင်ပျော်ရွင်စေရန် အားကစားပြိုင်ပွဲများကို ကျင်းပနိုင်သည်။

၁၁။ ကော်မတီသည် အားကစားကွင်းများ ၊ အားကစားရုံများတည်ဆောက်ခြင်း၊ အားကစားပြိုင်ပွဲများကျင်းပ ခြင်းတို့အတွက် အစိုးရဌာန ၊ အဖွဲ့အစည်းများ ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များထံမှ အလှူငွေများ ၊ ထောက်ပံ့ငွေများ ၊ ပစ္စည်းများနှင့် အခကြေးငွေ များကို လက်ခံရယူ၍ သတ်မှတ်ထားသည့်စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲနိုင်သည်။

၁၂။ ကော်မတီသည် အစိုးရဌာန ၊ အဖွဲ့အစည်းများ ၊ အစိုးရမဟုတ်သောအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များထံမှ အားကစားကွင်းများ ၊ အားကစားရုံများ၊ အားကစားပစ္စည်းများကို လွဲပြောင်းရယူ၍ သော်လည်းကောင်း ၊ငှားရမ်းရယူ၍ သော်လည်းကောင်း အသုံးပြုနိုင်သည်။

၁၃။ ကော်မတီသည် ကော်မတီပိုင် အားကစားကွင်းများ ၊ အားကစားရုံများအား မည်သူ့ကိုမဆို သတ်မှတ်ချက်များနှင့် အညီ ငှားရမ်း သုံးစွဲ ခွင့်ပြုနိုင်သည်။

၁၄။ ကော်မတီသည် စီးပွားရေးအလို့ငှာ ပျော်ရွင်ဖွယ်အားကစားကွင်းများ ၊ ကျန်းမာရေးလေ့ကျင့်ခန်း အားကစား ကွင်းများ ၊ အားကစားရုံများ ၊ အားကစားစခန်းများ ၊ ရေကူးကန်များ ၊ အားကစားနည်းပညာသင်တန်း ကျောင်းများ ဖွင့်လှစ်ခြင်းလုပ်ငန်းများကို မည်သူ့ကိုမဆို သတ်မှတ် ချက်များနှင့်အညီ လုပ်ကိုင်ခွင့်ပြုနိုင်သည်။

၁၅။ ကော်မတီသည် ကော်မတီပိုင် အားကစားကွင်းများ ၊ အားကစားရုံများ အစဉ်အမြဲသပ်ရပ်လှပခိုင်ခံ့စေရေးအတွက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။

အခန်း(၄)

တားမြစ်ချက်များ

၁၆။ မည်သူမျှ မြို့တော်နယ်နမိတ်အတွင်း ကော်မတီကစီမံပြုလုပ်ထားသော လမ်းလယ်ကျွန်း ၊မြက်ခင်းအဝိုင်း ၊ ကြိဂံမြက်ခင်း ၊ ပျိုးခြံ၊ပန်းဉယျာဉ်၊ကွက်လပ်မြေနေရာ သို့မဟုတ် လမ်းလယ်ပန်းခုံ ၊ ပန်းအိုး ၊ စိုက်ပျိုးထားသည့် မြက်ခင်း ၊ အပင် သို့မဟုတ်တပ်ဆင်ထားသည့်ပစ္စည်းများကို ယူဆောင်ခြင်း ၊ ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေခြင်းမပြုရ။

၁၇။ မည်သူမျှ မြို့တော်နယ်နမိတ်အတွင်း ကော်မတီကစီမံပြုလုပ်ထားသော လမ်းလယ်ကျွန်း ၊ မြက်ခင်းအဝိုင်း ၊ ကွက်လပ်မြေနေရာ၊ ကြိဂံမြက်ခင်းများအတွင်း ဝင်ရောက်ခြင်း ၊ ကစားခုန်စားပြုလုပ်ခြင်း ၊ စျေးရောင်းချခြင်းမပြုရ။

၁၈။ မည်သူမျှ ပန်းဥယျာဉ် ၊ ကွက်လပ်မြေနေရာ သို့မဟုတ် ရှုခင်းနေရာအတွင်းရှိ ရေကန် ၊ ရေကန်ပေါင်သို့မဟုတ် ရေလှောင်ကန်ကို ဖျက်ဆီးခြင်း ၊ တူးဆွခြင်း သို့မဟုတ် ပျက်စီးစေခြင်းမပြုရ။

၁၉။ မည်သူမျှ မြို့တော်နယ်နမိတ်အတွင်း သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော သစ်ပင်များ၊စိုက်ပျိုးထားသော သစ်ပင်များကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ခုတ်ထွင်ခြင်း ၊ ချိုးဖဲ့ခြင်း ၊ ချိုင်ခြင်း ၊ ရွေ့ပြောင်းခြင်းသို့မဟုတ် ခုတ်လှဲခြင်း မပြုရ။

၂ဝ။ မည်သူမျှ မြို့တော်နယ်နမိတ်အတွင်း ကော်မတီခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင်အပင်များမှ အသီးအပွင့်၊အရွက်၊ အကိုင်းအခက်တို့ကို ခူးယူခြင်း ၊ ချိုးဖဲ့ခြင်း ၊ ခုတ်ထွင်ခြင်း ၊ ပျက်စီးစေခြင်းမပြုရ။

၂၁။ မည်သူမျှ မြို့တော်နယ်နမိတ်အတွင်း ကော်မတီခွင့်ပြုချက်မရှိဘဲ အများပြည်သူနှင့်ဆိုင်သည့်နေရာတွင်ပြပွဲပြိုင်ပွဲများ ၊ ပျော်ပွဲရွင်ပွဲများ ၊ ပွဲလမ်းသဘင်များ ၊ အခမ်းအနားများ ကျင်းပ ခြင်း မပြုရ။

၂၂။ မည်သူမျှ မြို့တော်နယ်နမိတ်အတွင်း ကော်မတီခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင်ပန်းဥယျာဉ်များ ၊ ရှုခင်းနေရာများနှင့် ကွက်လပ်မြေနေရာများတွင် အဆောက်အအုံဆောက်လုပ်ခြင်း ၊ အပင်စိုက်ပျိုးခြင်း ၊ အားကစားကွင်းပြုလုပ်ခြင်း သို့မဟုတ် ပြပွဲပြိုင်ပွဲများ ၊ ပျော်ပွဲရွင်ပွဲများ ၊ ပွဲလမ်းသဘင်များ ၊ အခမ်းအနားများ ကျင်းပခြင်းမပြုရ။

၂၃။ မည်သူမျှ မြို့တော်နယ်နမိတ်အတွင်း ကော်မတီခွင့်ပြုချက်မရှိဘဲ စီးပွားရေးအလို့ငှာ ပျိုးခြံတည်ထောင်ခြင်း ၊ပျိုးပင်အရောင်းဆိုင်ဖွင့်ခြင်း မပြုရ။

၂၄။ မည်သူမျှ မြို့တော်နယ်နမိတ်အတွင်း အစိုးရဌာန ၊ အဖွဲ့အစည်းများက ဆောင်ရွက်သည့်ကိစ္စမှအပကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားရေးအလို့ငှာ ပျော်ရွင်ဖွယ်အားကစားကွင်းများ ၊ ကျန်းမာရေးလေ့ကျင့်ခန်းအားကစားကွင်းများ ၊ အားကစားရုံများ ၊ အားကစားခန်းများ ၊ ရေကူးကန်များ ၊ အားကစားနည်းပညာသင်တန်းကျောင်းများ ဖွင့်လှစ်ခြင်းလုပ်ငန်း များကို လုပ်ကိုင်ခြင်း မပြုရ။

၂၅။ မည်သူမျှကော်မတီက တာဝန်ယူတည်ထောင်ထိန်းသိမ်းထားသော ပန်းဥယျာဉ်များ ၊ ရှုခင်းနေရာများ၊ပျိုးခြံများ ၊ ကွက်လပ်မြေနေရာများ ၊ အားကစားကွင်းများကို တစ်နည်းနည်းဖြင့် ပျက်စီးစေခြင်း ၊ ဖျက်ဆီးခြင်း၊ထိခိုက်စေခြင်းမပြုရ။

၂၆။ မည်သူမျှဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

၂၇။ ဤနည်းဥပဒေများပါ တားမြစ်ချက်များသည် ကော်မတီ၏တာဝန်ပေးအပ်ချက်အရ ဆောင်ရွက်ခြင်းများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

အခန်း(၅)

အထွေထွေ

၂၈။ ကော်မတီသည် ဤနည်းဥပေဒေများအရ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းတာဝန်များကို မိမိလက်အောက်ရှိ သက်ဆိုင်ရာ ဌာန ၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွဲအပ် ဆောင်ရွက်စေနိုင်သည်။

၂၉။ ကော်မတီသည် ဤနည်းဥပေဒေများပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သောအမိန့်နှင့်ညွန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

အမိန့်အရ

(ပုံ) ကို လေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာအမှတ်၊၊ ၉/၉၉

ရန်ကုန်မြို့၊ ၁၃၆၁ ခုနှစ်၊ နတ်တော်လပြည့်နေ့

(၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ၃၃၊ ပုဒ်မခွဲ(က)အရ အပ်နှင်း ထားသော လုပ် ပိုင်ခွင့်ကို ကျင့်သုံး၍ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၏ သဘောတူညီချက်ဖြင့် အောက်ပါ နည်းဥပဒေများကို ထုတ် ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့့်် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဆိုင်ရာနည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက် ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ် သက်ရောက်စေရမည် -

(က) မြို့တော်နယ်နမိတ် ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ကိုဆိုသည်။

(ခ) အဆောက်အအုံ ဆိုသည်မှာ မည်သည့်ဆောက်လုပ်ရေးပစ္စည်းဖြင့်မဆို ယာယီ သို့မဟုတ်အမြဲတမ်းဆောက်လုပ်သည့် အိမ် ၊ တိုက် ၊ တဲ တစ်ဖက်ယပ် ၊ အမိုးပါရှိသောအခြားအဆောက်အအုံ သို့မဟုတ်
ယင်းတို့၏ အစိတ်အပိုင်းကို ဆိုသည်။ ယင်းစကားရပ်တွင်အဆောက်အအုံနံရံ ၊ မြေထိန်းနံရံ ၊ အကာအရံ ၊ ဝင်းတံခါး ၊ ခြံစည်းရိုး ၊ ဝင်းထရံ ၊ဇာတ်ခုံ ၊ တိုင်ကျားထောက်နှင့် အဆောက်အအုံ၏
ကြမ်းထည်တို့လည်းပါဝင်သည်။

(ဂ ) အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း ဆိုသ ည်မှာ အဆောက် အအုံ တစ်ခုခုကို အသစ်ဆောက်လုပ်ခြင်း ၊ တိုးချဲ့ဆောက်လုပ်ခြင်း ၊ အကြီးစား သို့မဟုတ် အသေးစားပြင်ဆင်ခြင်း သို့မဟုတ်
ခြံစည်းရိုးကို မည်သည့်ပစ္စည်းဖြင့်ကာရံခြင်း၊ ဖြိုဖျက်ခြင်းများကို ဆိုသည်။ ယင်းစကားရပ်တွင် အဆောက်အအုံလုပ်ငန်းများအကောင်အထည်ဖော်ရန်အတွက်မြေပြုပြင်ခြင်း ၊ အုတ်မြစ်အတွက်
တူးဖော်ခြင်းနှင့် အဆောက်အအုံလုပ်ငန်းအတွက် လိုအပ်သည့်အခြားသော ပြင်ဆင်ခြင်း ၊ ဆောင်ရွက်ခြင်းများလည်း ပါဝင်သည်။

(ဃ) အဆောက်အအုံအသစ်ဆောက်လုပ်ခြင်း ဆိုသည်မှာ မည်သည့်အဆောက်အအုံကိုမဆိုအသစ်ဆောက်လုပ်ခြင်းကို ဆိုသည်။

(င ) အဆောက်အအုံတိုးချဲ့ဆောက်လုပ်ခြင်း ဆိုသည် မှာ မူလ ဆောက် လုပ်ပြီး အဆောက်အအုံကို ထပ်မံတိုးချဲ့ခြင်း ၊ မြှင့်ခြင်း ၊ ရှေ့နောက် နှင့် ဘေး ဝဲ/ယာ တို့သို့ အဖီနှင့်အဆွယ်များ ထပ်မံ ဖြည့်စွက်
ဆောက်လုပ်ခြင်းကို ဆိုသည်။

(စ ) အဆောက် အအုံအကြီးစားပြင်ဆင်ခြင်း ဆို သည်မှာ မူလ ရှိပြီးအဆောက် အအုံ ကို တိုးချဲ့ခြင်း ၊မြှင့်ခြင်း ၊ နှိမ့်ခြင်းမပြုဘဲ မူလပစ္စည်း အမျိုးအစား သို့မဟုတ် ၄င်းထက်ပိုမိုကောင်းမွန် ခိုင်ခံ့ သောပစ္စည်းကို
ပြောင်းလဲသုံးစွဲပြီး ရှိရင်းပုံသဏ္ဍာန်ကို မပြောင်းလဲဘဲ ပြင်ဆင်ခြင်းကို ဆိုသည်။

(ဆ) အဆောက်အအုံအသေးစားပြင်ဆင်ခြင်း ဆိုသည်မှာ မူလရှိပြီးအဆောက်အအုံကို မူလပစ္စည်းအမျိုးအစားဖြင့် ရှိရင်းပုံသဏ္ဍာန်ကို မပြောင်းလဲစေဘဲ ပြင်ဆင်ခြင်း သို့မဟုတ်အဆောက်အအုံ အတွင်းပိုင်းကို
မူလပစ္စည်းအမျိုးအစားဖြင့် ပြင်ဆင်ခြင်းကို ဆိုသည်။

(ဇ ) ပိုင်ရှင် ဆိုသည်မှာ မြို့တော် နယ်နမိတ်အတွင်းရှိ အဆောက်အအုံ သို့မဟုတ်မြေကွက်ပိုင်ဆိုင်သူကို ဆိုသည်။ ယင်းစကားရပ်တွင် အဆောက်အအုံ သို့မဟုတ် မြေကွက်ငှားရမ်းခများကိုမိမိ အတွက်ဖြစ်စေ ၊
ကိုယ်စားလှယ်အဖြစ်ဖြင့်ဖြစ်စေ ၊ ပစ္စည်းထိန်းအဖြစ်ဖြင့်ဖြစ်စေ လက်ခံရယူသူ သို့မဟုတ် လက်ခံရယူမည့်သူများလည်း ပါဝင်သည်။

(စျ ) နေထိုင်အသုံးပြုသူ ဆိုသည်မှာ မြေ သို့မဟုတ် အဆောက်အအုံတွင် အမြဲတမ်းဖြစ်စေ ၊ယာယီဖြစ်စေ နေထိုင်သူ သို့မဟုတ် အသုံးပြုသူကို ဆိုသည်။

(ည) တဲအဆောက်အအုံ ဆိုသည် မှာ အပြင်နံရံများနှင့် အမိုးကို ဝါး ၊ ဓနိ ၊ သက်ကယ် သို့မဟုတ်အခြားမီးလောင်လွယ်သော ပစ္စည်းများဖြင့် အဆောက်အအုံတစ်ခုလုံးကိုဖြစ်စေ ၊ တစ်စိတ်တစ် ဒေသကိုဖြစ်စေ
တည်ဆောက်ထားသည့်အဆောက်အအုံကို ဆိုသည်။

အခန်း(၂)

အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားခြင်း ၊ ခွင့်ပြုခြင်း

၃။ မြို့တော်နယ်နိမိအတွင်း အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်လိုသူသည် သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။

၄။ ကော်မတီသည် လျှောက်လွာကိုစိစစ်ပြီး အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် ပြု၊မပြုကိုလျှောက်ထားသူအား လျှောက်လွာလက်ခံရရှိသည့်နေ့မှ (၂)လအတွင်း အကြောင်းကြားရမည်။

၅။ ကော်မတီသည်-

(က) အဆောက်အအုံအမျိုးအစားအလိုက် အဆောက်အအုံလုပ်ငန်းတစ်ခု၏ ဆောင်ရွက်ပြီးစီးရမည့်သက်တမ်းကာလကိုအဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်တွင်သတ်မှတ်ပေးရမည်။

(ခ) အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့် ထုတ်ပေးသည့်နေ့မှ စတင်၍ ၁ နှစ်အတွင်း စတင်ဆောင်ရွက်ခြင်းမပြုလျှင် လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်ကို ပြန်လည်ရုပ်သိမ်းနိုင်သည်။

၆။ အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည်-

(က) ကော်မတီက ထုတ်ပေးသော အဆောက်အအုံ ဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို အများပြည်သူမြင်နိုင်စေရန် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းနေရာတွင် ခွင့်ပြုမိန့်ရရှိသူ၏
အမည်၊ကြီးကြပ်သူ အင်ဂျင်နီယာ၏ အမည်၊လိုင်စင်အမှတ်၊ခွင်ပြုသည့်အတိုင်းအတာ၊ခွင်ပြုသည့် သက်တမ်းကာလတို့ကိုဖော်ပြချိတ်ဆွဲထားရှိရမည်။

(ခ) ကော်မတီက ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့်အညီ ဆောက်လုပ်ရမည်။

(ဂ) ကော်မတီက ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံဆောက်လုပ်ရန် အကြောင်းပေါ်ပေါက်ပါက အဆိုပါ အဆောက်အအုံပုံစံအတိုင်း ဆောက်လုပ်ခွင့်ရရှိရန် ပြင်ဆင်
ဆောက်လုပ်လိုသော အဆောက်အအုံပုံစံနှင့်အတူ ကော်မတီသို့ ထပ်မံလျှောက်ထားရမည်။

(ဃ) ခိုင်လုံသောအထောက်အထားတင်ပြနိုင်ပါက အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို သက်တမ်းတိုးမြှင့်ပေးရန် ကော်မတီသို့လျှောက်ထားနိုင်သည်။

၇။ ကော်မတီသည်-

(က) နည်းဉပဒေ ၆၊ နည်းဉပဒေခွဲ(ဂ)အရ လျှောက်ထားချက်ကိုစိစစ်ပြီး အဆောက်အအုံ ဆောက်လုပ်ခြင်း လုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များနှင့်ညီညွတ်ပါကပြင်ဆင်ဆောင်လုပ်လိုသော
အဆောက်အအုံပုံစံကိုခွင့်ပြုနိုင်သည်။

(ခ) နည်းဥပဒေ(၆)၊ နည်းဥပဒေခွဲ (ဃ)အရ လျှောက်ထားချက်ကို စိစစ်ပြီး အကြောင်းခိုင်လုံပါက တစ်ကြိမ်လျှင် တစ်နှစ်စီဖြင့် သက်တမ်းတိုးမြှင့်ပေးနိုင်သည်။

၈။ အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်ရသူသည် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ရာတွင် ပတ်ဝန်းကျင်နှင့်ဆက်စပ်လျက်ရှိသော နေထိုင်သူများ၏ အဆောက်အအုံများ၊ပစ္စည်းများ၊ အသက်အန္တရာယ်၊ ကျန်းမာရေး သို့မဟုတ် လမ်းသွားလမ်းလာများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို မထိခိုက်စေရန် ကော်မတီ၏ ညွန်ကြားချက်နှင့်အညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်။

၉။ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်ရာတွင် ယင်းလုပ်ငန်းကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံ တစ်ခုခု သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုခု ပျက်စီးချို့ယွင်းမှုပေါ်ပေါက်ပါက နစ်နာသူသည် ကော်မတီသို့ ကန့်ကွက်လွာတင်နိုင်သည်။

၁ဝ။ ကော်မတီသည် နည်းဥပဒေ ၉ အရ နစ်နာသူကတင်ပြလာသော ကန့်ကွက်လွာနှင့်စပ်လျဉ်း၍အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး အမှန်တကယ်နစ်နာကြောင်းတွေ့ရှိပါက ဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူနှင့် ညှိနှိုင်း၍ ထိုက်သင့်သော နစ်နာကြေးကို သတ်မှတ်ပေးရမည်။

၁၁။ နည်းဥပဒေ ၁ဝ အရ ကော်မတီက ညှိနှိုင်းသတ်မှတ်ပေးသည့် နစ်နာကြေးကို ကာယကံရှင်များ ကလက်မခံလျှင်ဖြစ်စေ၊ ကော်မတီက ညှိနှိုင်းသတ်မှတ်ပေးနိုင်ခြင်းမရှိလျှင်ဖြစ်စေ နစ်နာသူသည် တည်ဆဲဥပဒေများနှင့်အညီ နစ်နာကြေးရရှိရန် သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထားနိုင်သည်။

၁၂။ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည်-

(က) ကော်မတီက ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့်အညီ ပန္နက်ချ၊ မချ၊ လမ်းနယ်သတ်မျဉ်းကြောင်း၊ အဆောက်အအုံနယ်သတ်မှတ်မျဉ်းကြောင်းများ ချမှတ်ရာတွင် မှန်ကန်ခြင်းရှိ၊ မရှိ
ခွင့်ပြုထားသည့်အဆောက်အအုံပုံစံနှင့် ညီညွတ်ခြင်းရှိ၊ မရှိတို့ကို ကော်မတီကတာဝန်ပေးအပ်ထားသော အဆောက်အအုံအင်ဂျင်နီယာ၏ စစ်ဆေးခြင်းကို ခံယူရမည်။

(ခ ) လမ်းဆုံ၊ လမ်းခွနေရာများ၊ အချက်အချာကျသည့်နေရာများ သို့မဟုတ် ကော်မတီကသတ်မှတ်ထားသည့်နေရာများတွင် ဆောက်လုပ်မည့်အဆောက်အအုံကို ဗိသုကာဆိုင်ရာလိုအပ်ချက်များနှင့် ညီညွတ်စေရန်
သို့မဟုတ် လမ်းသွားလမ်းလာနှင့် ယာဉ်များအတွက်မြင်ကွင်းဖုံးကွယ်မှုမဖြစ်စေရန် ကော်မတီ၏ ညွန်ကြားချက်နှင့်အညီ ဆောက်လုပ်ရမည်။

၁၃။ အစိုးရဌာန၊ အဖွဲ့အစည်း တစ်ခုခုသည် အဆောက်အအုံများကို ဆောက်လုပ်လိုပါက သတ်မှတ်ထားသော ပညာအရည်အချင်းနှင့်ပြည့်စုံသည့် အဆောက်အအုံအင်ဂျင်နီယာတစ်ဦးဦး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆောက်လုပ်ရမည်။

၁၄။ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းသည် နည်းဥပဒေ ၁၃ အရ ဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ကော်မတီသို့ အကြောင်းကြားရမည်။

၁၅။ တဲအဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် အဆောက်အအုံအသေးစားပြင်ဆင်ခြင်းလုပ်ငန်းမှအပအခြားအဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်လိုသူသည် ဆောက်လုပ်ခြင်း လုပ်ငန်းကို လိုင်စင်ရဗိသုကာအင်ဂျင်နီယာ သို့မဟုတ် လိုင်စင်ရအဆောက်အအုံအင်ဂျင်နီယာ၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့်သာဆောက်လုပ်ရမည်။

၁၆။ အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည်-

(က) အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးကြောင်းကို လုပ်ငန်းပြီးစီးသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း ကော်မတီသို့စာဖြင့် တင်ပြရမည်။

(ခ ) အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းပြီးစီးမှုနှင့်စပ်လျဉ်း၍ ကော်မတီ၏စစ်ဆေးခြင်းကိုခံယူရမည်။

၁၇။ ကော်မတီသည် နည်းဥပဒေ ၁၆၊ နည်းဥပဒေခွဲ(က)အရ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းပြီးစီးကြောင်း တင်ပြစာရရှိသည့်အခါ အင်ဂျင်နီယာဌာန(အဆောက်အအုံ)အား ယင်း အဆောက်အအုံကို ရက်ပေါင်း ၃ဝ အတွင်းစစ်ဆေး၍ စစ်ဆေးချက်အစီရင်ခံစာကို ကော်မတီသို့တင်ပြရန် ညွန်ကြားရမည်။

၁၈။ ကော်မတီသည် စစ်ဆေးချက်အစီရင်ခံစာကို စိစစ်ပြီး အောက်ပါအတိုင်းဆောင်ရွက်နိုင်သည်-

(က) ကော်မတီက စိစစ်ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့်အညီ ဆောက်လုပ်ပြီးစီးကြောင်းတွေ့ရှိပါ ယင်းအဆောက်အအုံတွင် နေထိုင်အသုံးပြုခွင့်ပေးခြင်း၊

(ခ ) ကော်မတီက စိစစ်ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားစွာ ဆောက်လုပ်ထားကြောင်းတွေ့ရှိပါက အဆောက်အအုံတွင် နေထိုင်အသုံးပြုခွင့်မပေးဘဲ ယင်းအဆောက်အအုံကိုခွင့်ပြုချက်ပုံစံ
နှင့်အညီ သတ်မှတ်ကာလအတွင်း ပြန်လည်ပြုပြင်ဆောက်လုပ်ရန်ညွန်ကြားခြင်း၊

(ဂ ) ကော်မတီက စိစစ်ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားနေသည်သာမကအဆောက်အအုံဆောက်လုပ်ခြင်းဆိုင်ရာ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်းတွေ့ရှိပါက
ယင်းအဆောက်အအုံကို ခွင့်ပြုချက်ပုံစံနှင့်အညီ သတ်မှတ်ကာလအတွင်းပြန်လည်ပြုပြင်ဆောက်လုပ်ရန် ညွန်ကြားခြင်း။

၁၉။ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည် နည်းဥပဒေ ၁၈၊ နည်းဥပဒေခွဲ(ဂ)အရ ကော်မတီ၏ညွန်ကြားစာရရှိပြီး ရက်ပေါင်း ၃ဝ အတွင်း အဆောက်အအုံပုံစံ ပြင်ဆင်ခွင့်လျှောက်လွာကိုကော်မတီသို့တင်သွင်းရမည်။

၂ဝ။ ကော်မတီသည် နည်းဥပဒေ ၁၉ အရ တင်သွင်းလာသော လျှောက်လွာကိုစိစစ်ပြီး သတ်မှတ်ချက်များနှင့်ညီညွတ်ပါက ဆောက်လုပ်ရေးလုပ်ငန်းကို ဆက်လက်ဆောက်လုပ်ခွင့်ပြုရမည်။

၂၁။ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူသည် နည်းဥပဒေ ၁၈၊ နည်းဥပဒေခွဲ(ဂ)အရ ကော်မတီ၏ ညွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ပြီးစီးလျှင် ယင်းသို့ပြီးစီး သည့်နေ့မှ ရက်ပေါင်း၃ဝ အတွင်း ကော်မတီသို့ စာဖြင့်တင်ပြရမည်။

၂၂။ ကော်မတီသည် ဆောက်လုပ်ခွင့်ပြုခဲ့သော အဆောက်အအုံကိုစစ်ဆေးပြီးနောက် အောက်ပါအချက်များနှင့်ညီညွတ်ကြောင်း တွေ့ရှိပါက ယင်းအဆောက်အအုံတွင် နေထိုင်အသုံးပြုခွင့် ပေးရမည်-

(က) ခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့်အညီ ဆောက်လုပ်ထားခြင်း၊

(ခ ) အဆောက်အအုံဆောက်လုပ်ခြင်းဆိုင်ရာ စည်းကမ်းချက်များကို ဖောက်ဖျက်မှုမရှိခြင်း။

၂၃။ ကော်မတီသည်-

(က) နည်းဥပဒေ ၁၈၊ နည်းဥပဒေခွဲ(ခ) သို့မဟုတ် နည်းဥပဒေခွဲ(ဂ)အရ ကော်မတီ၏ညွန်ကြားချက်ကို အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူက သတ်မှတ်ကာလအတွင်း လိုက်နာရန်
ပျက်ကွက်လျှင် ယင်းအဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူအား မည်သည့်အတွက်ကြောင့် ယင်းအဆောက်အအုံကို ဖြိုဖျက်ခြင်းမပြုသင့်ကြောင်း အချိန်ကာလ သတ်မှတ်လျှက်
ဖြေရှင်းချက်တောင်းခံရမည်။

(ခ ) အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူ၏ ဖြေရှင်းချက်ကို လက်မခံပါက ယင်းအဆောက်အအုံကို ကော်မတီ၏ အစီအစဉ်ဖြင့် ဖြိုဖျက်ခွင့်ရှိသည်။

၂၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း တစ်ခုခုကို ဆောင်ရွက်နေကြောင်း သို့မဟုတ် ကော်မတီ၏ ညွန်ကြားချက် ကိုလိုက်နာခြင်းမရှိဘဲ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေကြောင်း သတင်းရလျှင်သက်ဆိုင်ရာအဆောက်အအုံကို ဆက်လက်ဆောင်ရွက်ခြင်းမှ ရပ်ဆိုင်းရန် ညွန်ကြားနိုင်သည်။

၂၅။ ကော်မတီသည် မိမိ၏ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့သော အဆောက်အအုံတစ်ခုခုနှင့်စပ်လျဉ်း၍(၅)နှစ်အတွင်း ပြီးစီးအောင်ဆောက်လုပ်နိုင်ခြင်းမရှိကြောင်း တွေ့ရှိပါက ယင်းအဆောက် အအုံ တည်ရှိရာဒေသ၏ ဗိသုကဆိုင်ရာလိုအပ်ချက်အပြင် မြို့တော်အင်္ဂါရပ်နှင့်လည်း ညီညွတ်စေရန် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူနှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာအဆောက်အအုံ ကို ပြီးစီးသည်အထိကြပ်မတ်၍ ဆက်လက်ဆောင်ရွက်စေရမည်။

၂၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သတ်မှတ်သည့်မြို့နယ်များအတွင်းရှိအဆောက်အအုံတစ်ခုခုနှင့် စပ်လျဉ်း၍ ယင်းအဆောက်အအုံတည်ရှိရာ လမ်း သို့မဟုတ် ဒေသ၏ ဗိသုကာ ဆိုင်ရာလိုအပ်ချက်အရဖြစ်စေ၊ မြို့တော်မြင်ကွင်းသာယာလှပစေရန်အတွက်ဖြစ်စေ၊ မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စေရန်အတွက်ဖြစ်စေ ပြင်ဆင်ခြင်း၊ ထုံးသုတ်ခြင်း၊ ဆေးသုတ်ခြင်း သို့မဟုတ် ဖြိုဖျက်ပြီးအသစ်ထပ်မံဆောက်လုပ်ခြင်းပြုလုပ်ရန် လိုအပ်သည်ဟု ယူဆပါက ယင်အဆောက်အအုံကို ပြင်ဆင်ရန်၊ ထုံးသုတ်ရန်၊ ဆေး သုတ်ရန် သို့မဟုတ် ဖြိုဖျက်ပြီး အသစ်ထပ်မံဆောက်လုပ်ရန် သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား ညွန်ကြားနိုင်သည်။

၂၇။ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံး ပြုသူသည် နည်းဥပဒေ ၂၆ အရ ကော်မတီ၏ ညွန်ကြားချက်နှင့်အညီ သတ်မှတ်သည့်အချိန်အတွင်း ပြီးစီးစေရန် လိုက်နာဆောင်ရွက်ရမည်။

၂၈။ ကော်မတီသည်-

(က) မြို့တော်နယ်နိမိတ်အတွင်းရှိ မြေနေရာတွင် မြေကွက်လပ်ဖြစ်နေသဖြင့် ယင်းမြေကွက်တည်ရှိရာလမ်း သို့မဟုတ် ဒေသ၏ ဗိသုကာဆိုင်ရာလိုအပ်ချက်အရဖြစ်စေ၊ မြို့တော်မြင်ကွင်းသာယာ
လှပစေရန်အတွက်ဖြစ်စေ၊ မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စေရန်အတွက်ဖြစ်စေ အဆောက်အအုံဆောက်လုပ်ရန် လိုအပ်သည်ဟုယူဆပါက ယင်းမြေကွက်ပေါ်တွင် ကော်မတီက သတ်မှတ်သည့်အဆောက်အအုံပုံစံ
အတိုင်း သတ်မှတ်ကာလအတွင်းဆောက်လုပ်ရန် သက်ဆိုင်ရာမြေကွက်ပိုင်ရှင်အား ညွန်ကြားနိုင်သည်။

(ခ ) နည်းဥပဒေခွဲ(က)အရ ညွန်ကြားသော်လည်း သက်ဆိုင်ရာမြေကွက်ပိုင်ရှင်က သတ်မှတ်ကာလအတွင်း အဆောက်အအုံကိုဆောက်လုပ်နိုင်ခြင်းမရှိလျှင် ပိုင်ရှင်နှင့် ညှိနှိုင်းသဘောတူညီချက်ရယူပြီး
ယင်းမြေကွက်ပေါ်တွင် သင့်လျော်သည့်အဆောက်အအုံကို ဆောက်လုပ်ရန်စီစဉ်နိုင်သည်။

၂၉။ ကော်မတီသည် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရသူက အချိန်ကြာမြင့်စွာဆောက်လုပ်ခဲ့ သော်လည်း မပြီးသေးသောအဆောက်အအုံများကို စစ်ဆေးပြီး အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-

(က) ဆက်လက်ဆောက်လုပ်နေသည့် အဆောက်အအုံသည် တည်ဆောက်မှုခိုင်ခန့်ကြောင်းတွေ့ရှိပါက သက်ဆိုင်ရာပိုင်ရှင်အား သတ်မှတ်သည့်ကာလအတွင်း အပြီးဆောက်လုပ်ရန်ညွန်ကြားခြင်း၊

(ခ) နည်းဥပဒေခွဲ(က)အရ ဆောက်လုပ်ရန် ညွန်ကြားသော်လည်း သက်ဆိုင်ရာပိုင်ရှင်ကသတ်မှတ်ကာလအတွင်း ဆက်လက်ဆောက်လုပ်ခြင်းမပြုပါက ယင်းအဆောက်အအုံကိုပြီးစီးသည်အထိ ဆောက်လုပ်ရန်
သက်ဆိုင်ရာပိုင်ရှင်နှင့် ညှိနှိုင်းစီစဉ်ခြင်း၊

(ဂ ) ဆောက်လုပ်နေသည့် အဆောက်အအုံသည် ဆက်လက်ဆောက်လုပ်ရန်မသင့်ကြောင်းတွေ့ရှိပါက ယင်းအဆောက် အအုံကို သတ်မှတ်ကာလအတွင်းအပြီးဖြိုဖျက်ရန် သက်ဆိုင်ရာပိုင်ရှင်အား ညွန်ကြားခြင်း၊

(ဃ) နည်းဥပဒေခွဲ(ဂ)အရ ဖြိုဖျက်ရန် ညွန်ကြားသော်လည်း သက်ဆိုင်ရာပိုင်ရှင်က သတ်မှတ်ကာလအတွင်း ယင်းအဆောက်အအုံအား ဖြိုဖျက်ခြင်းမပြုပါက နည်းဥပဒေ ၅၉၊ ၆ဝနှင့် ၆၁ ပါပြဌာန်း
ချက်များနှင့်အညီ ဆောင်ရွက်ခြင်း။

၃ဝ။ ကော်မတီသည်-

(က) နယ်မြေဒေသအလိုက်ဆောက်လုပ်ရမည့် အဆောက်အအုံအမျိုးအစားပုံစံ၊ ပန္နက်ပုံစံ၊အဆောက်အအုံ၏အမြင့်၊ အထပ်အရေအတွက်၊အဆောက်အအုံနယ်သတ်မျဉ်းကြောင်းနှင့် လမ်းနယ်သတ်မျဉ်းကြောင်း
အကွာအဝေးများကို သတ်မှတ်ကြေညာနိုင်သည်။

(ခ ) လူအများနေထိုင်သော အဆောက်အအုံတို့တွင် သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ လူတို့၏အသက်အန္တရာယ်ကာကွယ်ရန်အလို့ငှာ လိုအပ်သည့်အစီအမံများထားရှိရန်ညွန်ကြားနိုင်သည်။

၃၁။ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၃ဝ၊ နည်းဥပဒေခွဲ(က)အရ ကော်မတီ၏သတ်မှတ်ချက်ကိုဖြစ်စေ၊ နည်းဥပဒေခွဲ(ခ)အရ ကော်မတီ၏ညွန်ကြားချက်ကိုဖြစ်စေ လိုက်နာရမည်။

အခန်း(၃)

လိုင်စင်ထုတ်ပေးခြင်း

၃၂။ ကော်မတီသည်-

(က) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန်အလို့ငှာ သတ်မှတ်ထားသော အရည်အချင်းနှင့်ပြည့်စုံသူများအား သတ်မှတ်ထားသော အာမခံငွေတင်သွင်းစေ၍
ကန်ထရိုက်တာအဖြစ် မှတ်ပုံတင်ပြီးလိုင်စင်ထုတ်ပေးနိုင်သည်။

(ခ ) နည်းဥပဒေခွဲ(က)အရ လိုင်စင်ထုတ်ပေးသည့်အခါ လိုင်စင်သက်တမ်းနှင့် အဆင့်တို့ကိုသတ်မှတ်ပေးရမည်။

(ဂ ) လိုင်စင်သက်တမ်းနှင့် အဆင့်တို့ကို တိုးမြှင့်ပေးနိုင်သည်။

၃၃။ ကော်မတီသည်-

(က) မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်း လုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရန်အလို့ငှာ သတ်မှတ်ထားသော အရည်အချင်းနှင့် အတွေ့အကြုံရှိသူများကိုစိစစ်၍ ဗိသုကာအင်ဂျင်နီယာ၊
အဆောက်အအုံအင်ဂျင်နီယာ သို့မဟုတ် အင်ဂျင်နီယာအဖြစ်မှတ်ပုံတင်ပြီး လိုင်စင်ထုတ်ပေးနိုင်သည်။

(ခ ) နည်းဥပဒေခွဲ(က)အရ လိုင်စင်ထုတ်ပေးသည့်အခါ လိုင်စင်သက်တမ်းနှင့် အဆင့်တို့ကိုသတ်မှတ်ပေးရမည်။

(ဂ ) လိုင်စင်သက်တမ်းနှင့် အဆင့်တို့ကို တိုးမြှင့်ပေးနိုင်သည်။

၃၄။ ကော်မတီသည်-

(က) သတ်မှတ်ထားသော အရည်အချင်းနှင့်ကျွမ်းကျင်မှုရှိသူများကို လိုင်စင်ရ အင်ဂျင်နီယာအဖြစ် မှတ်ပုံတင်ပြီး လိုင်စင်ထုတ်ပေးနိုင်သည်။

(ခ) နည်းဉပဒေခွဲ(က)အရ လိုင်စင်ထုတ်ပေးသည့်အခါ လိုင်စင်သက်တမ်းကို သတ်မှတ်ပေးရမည်။

(ဂ) လိုင်စင်သက်တမ်းကို တိုးမြှင့်ပေးနိုင်သည်။

၃၅။ လိုင်စင်ရကန်ထရိုက်တာ၊ လိုင်စင်ရဗိသုကာအင်ဂျင်နီယာ၊ လိုင်စင်ရအဆောက်အအုံအင်ဂျင်နီယာသို့မဟုတ် လိုင်စင်ရအင်ဂျင်နီယာသည် လိုင်စင်သက်တမ်းတိုးမြှင့်လိုလျှင် လိုင်စင်သက်တမ်း မကုန်ဆုံးမီ အနည်းဆုံးရက်ပေါင်း ၃ဝ ကြိုတင်၍ သတ်မှတ်ချက်နှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။

၃၆။ ကော်မတီသည် လိုင်စင်ရကန်ထရိုက်တာ၊ လိုင်စင်ရဗိသုကာအင်ဂျင်နီယာ၊လိုင်စင်ရအဆောက်အအုံအင်ဂျင်နီယာနှင့် လိုင်စင်ရအင်ဂျင်နီယာတို့၏ လုပ်ငန်းတာဝန်နှင့် လိုက်နာရမည့်စည်းကမ်းချက်များကို သတ်မှတ်ပေးရမည်။

၃၇။ ကော်မတီသည် နည်းဥပဒေ ၃၆ အရ သတ်မှတ်သည့်စည်းကမ်းတစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်သော လိုင်စင်ရကန်ထရိုက်တာ၊ လိုင်စင်ရဗိသုကာအင်ဂျင်နီယာ၊ လိုင်စင်ရအဆောက်အအုံအင်ဂျင်နီယာ သို့မဟုတ် လိုင်စင်ရအင်ဂျင်နီယာအား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) သတိပေးခြင်း၊

(ခ ) ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊

(ဂ ) လိုင်စင်ကိုကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊

(ဃ) လိုင်စင်ကို ပယ်ဖျက်ခြင်း။

၃၈။ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့်ရုပ်သိမ်းခြင်းခံရသူသည်သတ်မှတ်ကာလကုန် ဆုံးသည့်အခါ လိုင်စင်ပြန်လည်ရရှိရန် သတ်မှတ်ချက်နှင့်အညီ ကော်မတီသို့ လျှောက်ထားနိုင်သည်။

၃၉။ ကော်မတီသည် နည်းဥပဒေ ၃၈ အရ လျှောက်ထားသည့်လျှောက်လွာကို စိစစ်ပြီး သတ်မှတ်ချက်နှင့်ညီညွတ်ပါက သက်ဆိုင်ရာလိုင်စင်ကို ထုတ်ပေးနိုင်သည်။

အခန်း(၄)

ကော်မတီပိုင်အဆောက်အအုံများ

၄ဝ။ ကော်မတီသည် မိမိပိုင်အဆောက်အအုံများဆောက်လုပ်ရန်၊ ပြုပြင်မွမ်းမံရန်၊ ထိန်းသိမ်းရန်နှင့်ဖြိုဖျက်ရန်ကိစ္စများ နှင့်စပ်လျဉ်း၍ စီမံချက်ချမှတ်ခြင်း၊ ဦးစားပေးစာရင်းရေးဆွဲခြင်း၊ ဘဏ္ဍာရေးနှစ်အလိုက်လျာထားသတ်မှတ်ခြင်း၊ အဆောက်အအုံပုံစံထုတ်ခြင်း၊ ပန္နက်ပုံစံထုတ်ခြင်း၊ ပစ္စည်းစာရင်းရေးဆွဲခြင်းနှင့်အတည်ပြုချက်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

၄၁။ ကော်မတီသည်-

(က) အဆောက်အအုံများဆောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ထိန်းသိမ်းခြင်းနှင့် ဖြိုဖျက်ခြင်းလုပ်ငန်းတို့ကို ဌာနဆိုင်ရာလုပ်ငန်းအနေဖြင့်ဖြစ်စေ၊ ကန်ထရိုက်စနစ်ဖြင့်ဖြစ်စေ၊ မြေငှားစနစ်ဖြင့်ဖြစ်စေ
ဆောက်လုပ်၍ သတ်မှတ်ကာလအပိုင်းအခြားအတွင်း လုပ်ငန်းလုပ်ကိုင်ပြီး လွဲပြောင်းပေးသည့်စနစ်ဖြင့်ဖြစ်စေ သင့်လျော်သလို ဆောက်လုပ်ခွင့်ပြုနိုင်သည်။

(ခ ) အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းကို ကန်ထရိုက်စနစ်ဖြင့်ဆောင်ရွက်ပါက ကော်မတီတွင်မှတ်ပုံတင်ထားသော လိုင်စင်ရကန်ထရိုက်တာများထံမှ တင်ဒါစနစ်ဖြင့် ရွေးချယ်ပြီးဆောင်ရွက်ရမည်။

အခန်း(၅)

လူနေထိုင်ရန်မသင့်သည့် အဆောက်အအုံများ

၄၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ အဆောက်အအုံတစ်ခု၏ဥပစာမြေမျက်နှာပြင်သည်နိမ့်လွန်းနေသဖြင့် သို့မဟုတ် မြင့်လွန်းနေသဖြင့် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြု သူတို့ အတွက်ကျန်းမာရေးကိုထိခိုက်စေခြင်း၊ စိတ်ငြိုငြင်မှုဖြစ်စေခြင်း သို့မဟုတ် အဆောက်အအုံများခိုင်ခန့်မှုကို ထိခိုက်စေခြင်းဖြစ်နိုင်သည်ဟု ယူဆပါက ယင်းအဆောက်အအုံပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအားသတ်မှတ်သည့်ကာလအတွင်း ယင်းဥပစာ၏မြေမျက်နှာပြင်ကို နှိမ့်ရန် သို့မဟုတ် မည်သည့်မြေအမျိုးအစားဖြင့် မည်သည့်အမြင့်အထိဖို့ရန် ညွန်ကြားနိုင်သည်။

၄၃။ အဆောက်အအုံ၏ဥပစာပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၄၂ အရကော်မတီ၏ ညွန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုသင့်ကြောင်း ဖြေရှင်းချက်နှင့်အတူ သတ်မှတ်ရက်ကာလအတွင်း ကော်မတီသို့ တင်ပြနိုင်သည်။

၄၄။ ကော်မတီသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ညီညွတ်သည့်ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား ယင်းမြေဖယ်ခြင်း သို့မဟုတ် မြေဖို့ခြင်းလုပ်ငန်းအတွက် အမှန်ကုန်ကျမည့် ခန့်မှန်း ခြေငွေကိုသတ်မှတ်ရက်အတွင်း ပေးသွင်းရန် အကြောင်းကြားနိုင်သည်-

(က) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ်ရက်အတွင်း လိုက်နာဆောင်ရွက်ခြင်းမပြုသင့်ကြောင်း ဖြေရှင်းတင်ပြမှုမရှိခြင်း။

(ခ ) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ်ရက်အတွင်း ဖြေရှင်းတင်ပြသော်လည်း ဖြေရှင်းတင်ပြချက်သည် ခိုင်လုံမှုမရှိခြင်း။

(ဂ ) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက ကော်မတီ၏ညွန်ကြားချက်အတိုင်း လိုက်နာ ဆောင်ရွက်မှုမရှိခြင်း။

၄၅။ ကော်မတီသည်-

(က) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ်ရက်အတွင်း ကုန်ကျမည့်ခန့်မှန်းခြေငွေကိုမပေးသွင်းလျှင် သို့မဟုတ် သတ်မှတ်ရက်အတွင်း မြေဖယ်ခြင်း သို့မဟုတ် မြေဖို့ခြင်း လုပ်ငန်း
လုပ်ကိုင်ရန်ပျက်ကွက်လျှင် ကော်မတီ၏အစီအစဉ်ဖြင့် သင့်လျှော်သည့်ကာလအတွင်း မြေဖယ်ခြင်း သို့မဟုတ် သတ်မှတ်သည့်မြေအမျိုးအစားဖြင့် သတ်မှတ်သည့်အမြင့်အထိ မြေဖို့ခြင်းလုပ်ငန်းကို
ဆောင်ရွက်နိုင်သည်။

(ခ ) နည်းဥပဒေခွဲ(က)အရ ကော်မတီ၏ အစီအစဉ်ဖြင့် မြေဖယ်ခြင်း သို့မဟုတ် မြေဖို့ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြေဖယ်ခသို့မဟုတ် မြေဖို့ခ ကုန်ကျစရိတ်ကို သက်ဆိုင်ရာမြေပိုင်ရှင် သို့မဟုတ်
နေထိုင်အသုံးပြုသူထံမှ တောင်းခံနိုင်သည်။

၄၆။ ကော်မတီသည် မြေမျက်နှာပြင်နိမ့်လွန်းနေသဖြင့် သို့မဟုတ် မြင့်လွန်းနေသဖြင့် ပိုင်ရှင် သို့မဟုတ်နေထိုင်အ သုံးပြုသူတို့အတွက် ကျန်းမာရေးကိုထိခိုက်စေခြင်း၊ စိတ်ငြိုငြင်မှုဖြစ်စေခြင်း သို့မဟုတ် အဆောက်အအုံများ ခိုင်ခန့်မှုကိုထိခိုက်စေခြင်းဖြစ်နိုင်သည်ဟု ထင်မြင်ယူဆသည့်မြေကွက်ပေါ်ရှိ အဆောက်အအုံမီးလောင်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင်းကြောင့်ဖြစ်စေ ပြိုကျပျက်စီးသွားလျှင် သတ်မှတ်ကာလအတွင်း ယင်းမြေကွက်ကို မြေဖယ်ရန် သို့မဟုတ် သတ်မှတ်သည့်မြေအမျိုးအစားဖြင့် သတ်မှတ်သည့်အမြင့်အထိမြေဖို့ရန် ပိုင်ရှင် သို့မဟုတ် နေထိုင် အသုံး ပြုသူအား ညွန်ကြားနိုင်သည်။

၄၇။ မြေပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၄၆ အရ ကော်မတီ၏ညွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၄၈။ ကော်မတီသည် မြေပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက ယင်းမြေကွက်ကို သတ်မှတ်ချက်နှင့်အညီ မြေဖယ်ခြင်း သို့မဟုတ် မြေဖို့ခြင်းပြုလုပ်ပြီးနောက်မှ ယင်းမြေကွက်ပေါ်တွင် အဆောက်အအုံဆောက်လုပ်ခြင်းအတွက် ခွင့်ပြုချက် ထုတ် ပေးရန် သင့်၊ မသင့်ဆုံးဖြတ်ရမည်။

၄၉။ ကော်မတီသည် အဆောက်အအုံတစ်ခု သို့မဟုတ် ယင်း၏အစိတ်အပိုင်းတစ်ခုခုသည် ကျန်းမာရေးနှင့်မညီညွတ်၍ လူနေထိုင်ရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိပါက လူနေထိုင်ခွင့်ကို ရုပ်သိမ်းမည် ဖြစ်ကြောင်းသက်ဆိုင်ရာပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား နို့တစ်စာထုတ်ဆင့်နိုင်သည်။

၅ဝ။ သက်ဆိုင်ရာပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၄၉ အရ ကော်မတီ၏နို့တစ်စာပါအတိုင်း ဆောင်ရွက်ခြင်းမပြုသင့်ကြောင်း အကျိုးအကြောင်းဖော်ပြချက်နှင့်အတူ နို့တစ်စာရရှိသည့်နေ့မှ ၁၅ ရက်အတွင်း ကော်မတီသို့ ဖြေရှင်းတင်ပြနိုင်သည်။

၅၁။ ကော်မတီသည် နည်းဥပဒေ ၅ဝ အရ သတ်မှတ်ရက်အတွင်း ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူကဖြေရှင်း တင်ပြခြင်းမရှိလျှင်သော်လည်းကောင်း၊ ဖြေရှင်းတင်ပြချက်သည် ခိုင်လုံမှုမရှိလျှင်သော်လည်းကောင်း ယင်းအဆောက်အအုံ၌ နေထိုင်အသုံးပြုသူများအား ၄င်းတို့ပိုင်ပစ္စည်းများနှင့်အတူ ရက်ပေါင်း ၃ဝအတွင်း ပြောင်းရွေ့ထွက်ခွာသွားရန် ညွန်ကြားနိုင်သည်။

၅၂။ ကော်မတီသည် နည်းဥပဒေ ၅၁ အရ အဆောက်အအုံမှ ပြောင်းရွေ့ထွက်ခွာသွားရန် ညွန်ကြားလျှင် ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏အစိတ်အပိုင်း၌ လူနေထိုင်ခြင်းမပြုရန် တားမြစ်ချက်သင်္ကေတ အမှတ်အသားရေးမှတ်ထားရမည်။

၅၃။ ကော်မတီသည် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူ၏ဖြေရှင်းတင်ပြချက်အရ စိစစ်ပြီး ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏အစိတ်အပိုင်းကို သင့်လျော်သည်အထိ ပြုပြင်လျှင်နေထိုင်အသုံးပြုနိုင်မည်ဟုယူဆပါက လက်ရှိနေထိုင်အသုံးပြုသူများအား ပြောင်းရွေ့ထွက်ခွာသွားစေခြင်းမပြုဘဲ လိုအပ်သောစည်းကမ်းချက်များသတ်မှတ်၍ ဆက်လက် နေထိုင်အ သုံးပြုခွင့်ပေးနိုင်သည်။

၅၄။ ကော်မတီသည် နည်းဥပဒေ ၅၁ သို့မဟုတ် နည်းဥပဒေ ၅၃ အရ ဆောင်ရွက်ပြီး ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏အစိတ်အပိုင်းကို တည်ဆောက်မှုဆိုင်ရာ ပြောင်းလဲ ပြင်ဆင်ခြင်းဖြင့်ဖြစ်စေ၊ ပြန်လည်ပြုပြင်ခြင်း ဖြင့်ဖြစ်စေ နေထိုင်အသုံးပြုရန် သင့်လျော်မည်ဟုယူဆပါက သက်ဆိုင်ရာပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား နို့တစ်စာ ရရှိသည့်နေ့မှ ၆ လအတွင်း တည်ဆောက်မှု ဆိုင်ရာပြောင်းလဲပြင်ဆင်ခြင်းများ သို့မဟုတ် ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ရန် ညွန်ကြားနိုင်သည်။

၅၅။ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၅၄ အရ ကော်မတီ၏ ညွန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်။

၅၆။ ကော်မတီသည် ယင်းအဆောက် အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏အစိတ်အပိုင်းများနှင့်စပ်လျဉ်း၍ တည်ဆောက်မှုဆိုင်ရာ ပြောင်းလဲပြင်ဆင်ခြင်းများ သို့မဟုတ် ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပြီးစီးကြောင်း စစ်ဆေး တွေ့ရှိရပါက မူလနေထိုင်အသုံးပြုသူများအား ပြန်လည်နေထိုင်အသုံးပြုခွင့်ပေးရမည်။

၅၇။ ကော်မတီသည် နည်းဥပဒေ ၅၄ အရ ကော်မတီ၏ညွန်ကြားချက်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ်သည့် ၆ လကာလကုန်ဆုံးသော်လည်း တည်ဆောက်မှုဆိုင်ရာ ပြောင်းလဲ ပြင်ဆင်ခြင်းများ သို့မဟုတ် ပြန်လည်ပြုပြင်ခြင်းများကို လက်ခံကျေနပ်နိုင်သည်အထိ မဆောင်ရွက်လျှင်သော်လည်းကောင်း၊ ယင်းလုပ်ငန်းများအတွက် သတ်မှတ်ကာလကို တိုးမြှင့်ပေးရန် လျှောက် ထားခြင်းမပြုလျှင်သော်လည်းကောင်း သက်ဆိုင်ရာပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား ယင်းအဆောက်အအုံ သို့မဟုတ်ယင်းအဆောက်အအုံ၏အစိတ်အပိုင်းကို ရက်ပေါင်း ၃ဝ အတွင်း ဖြိုဖျက်ရန်ညွန်ကြားနိုင်သည်။

၅၈။ ကော်မတီသည် ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏အစိတ်အပိုင်းကို တည်ဆောက်မှုဆိုင်ရာ ပြောင်းလဲပြင်ဆင်ခြင်းဖြင့်ဖြစ်စေ၊ ပြန်လည်ပြုပြင်ခြင်းဖြင့်ဖြစ်စေ ပြုလုပ်သည့်တိုင်အောင်နေထိုင်အသုံးပြုရန် မဖြစ်နိုင်ဟုယူဆပါက သက်ဆိုင်ရာပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား နို့တစ်စာရသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း ဖြိုဖျက်ရန်ညွန်ကြားနိုင်သည်။

၅၉။ ကော်မတီသည် နည်းဥပဒေ ၅၇ သို့မဟုတ် နည်းဥပဒေ ၅၈ အရ သတ်မှတ်သည့်ရက်ပေါင်း ၃ဝအတွင်းပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက ယင်းအဆောက်အအုံ သို့မဟုတ် ယင်း အဆောက်အအုံ၏အစိတ်အပိုင်းကို ဖြိုဖျက်ခြင်းမပြုလျှင်သော်လည်းကောင်း၊ သတ်မှတ်ကာလကိုတိုးမြှင့်ပေးရန်လျှောက်ထားခြင်းမပြုလျှင်သော်လည်းကောင်း ကော်မတီ၏အစီအစဉ်ဖြင့် ဖြိုဖျက်နိုင်သည်။

၆ဝ။ ကော်မတီသည် ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ ၏အစိတ်အပိုင်းကိုကော်မတီ၏အစီအစဉ်ဖြင့် ဖြိုဖျက်ရာတွင် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-

(က) ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူထံမှ တောင်းခံခြင်း၊

(ခ ) ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူကမပေးပါက ဖြိုဖျက်ထားသောအိမ်ဆောက်ပစ္စည်းများကို လေလံတင်ရောင်းချပြီး ကုန်ကျစရိတ်ကိုနှုတ်ယူ၍ ပိုငွေကိုပိုင်ရှင်အားပြန်ပေးခြင်း။

(ဂ ) ကုန်ကျစရိတ်သည် လေလံတင်ရောင်းချရငွေထက်ပိုမိုနေပါက ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူထံမှ လိုငွေကိုသတ်မှတ်ကာလအတွင်း ထပ်မံပေးသွင်းရန် တောင်းခံခြင်း။

(ဃ) နည်းဥပဒေခွဲ(ဂ)အရ တောင်းခံသည့်လိုငွေကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူ သတ်မှတ်ကာလအတွင်း မပေးသွင်းပါက ယင်းငွေကို မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့အရတောင်းခံနိုင်ခြင်း။

၆၁။ ကော်မတီသည် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက လုံလောက်သည့်အကြောင်းပြချက်ဖြင့် အဆောက်အအုံဖြို ဖျက်ရန်သတ်မှတ်ထားသည့် ရက်ပေါင်း ၃ဝ ထက်ပိုမို၍ အချိန်ကာလတိုးမြှင့်ပေးရန် လျှောက်ထားလာပါက သင့်လျော်သည့် အချိန်ကာလကို တိုးမြှင့်ပေးနိုင်သည်။

၆၂။ ကော်မတီသည် အဆောက်အအုံတစ်ခုဖြစ်စေ၊ ယင်း၏နံရံဖြစ်စေ၊ ယင်း၏အဓိကအစိတ်အပိုင်းဖြစ်စေ၊ ယင်းနှင့်ဆက်စပ်နေသော အစိတ်အပိုင်းတစ်ခုခုဖြစ်စေ၊ ယိုယွင်းပျက်စီးနေသည့် သို့မဟုတ်အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေတွင်ရှိသည်ဟုယူဆပါက အများပြည်သူ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယင်းအဆောက်အအုံကို အဆောတလျှင်ဖြိုဖျက်ရန် ပိုင်ရှင် သို့မဟုတ် နေထိုင် အသုံးပြုသူအား ညွန်ကြားနိုင်သည်။

၆၃။ ကော်မတီသည်-

(က) နည်းဥပဒေ ၆၂ အရ ဖော်ပြသည့်အဆောက်အအုံသည် မလွဲမသွေပြိုကျပျက်စီး၍ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေတွင် ရောက်ရှိနေသည်ဟုယူဆလျှင်ဖြစ်စေ၊ လိုအပ်ချက်အရ
သက်ဆိုင်ရာမှဖယ်ရှားရန်အကြောင်းကြားသော်လည်းဖယ်ရှားခြင်းမပြုလျှင်ဖြစ်စေ အရေးပေါ် အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်လျှင်ဖြစ်စေ ယင်းအဆောက်အအုံအား ဖြိုဖျက်ရန်နို့တစ်စာမထုတ်ဆင့်ဘဲ
အဆောက်အအုံတွင်နေထိုင်သူများနှင့် ယင်းတို့ပိုင်ပစ္စည်း အားလုံးကိုအင်အား သုံး၍ ဖယ်ရှားပြီး ကော်မတီ၏အစီအစဉ်ဖြင့် ဖြိုဖျက်နိုင်သည်။

(ခ ) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက အဆောက်အအုံကိုဖြိုဖျက်ရန် ဆန္ဒရှိကြောင်းလျှောက်ထားလာ လျှင် လိုအပ်သောစည်းကမ်းချက်များသတ်မှတ်၍ခွင့်ပြုနိုင်သည်။

(ဂ ) နည်းဥပဒေခွဲ(က)အရ ကော်မတီ၏အစီအစဉ်ဖြင့် အဆောက်အအုံအားဖြိုဖျက်ရာတွင်ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူထံမှ တောင်းခံနိုင်သည်။

(ဃ) နည်းဥပဒေခွဲ(ဂ)အရ တောင်းခံသည့်ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူကသတ်မှတ်ကာလအတွင်း မပေးသွင်းပါက ယင်းငွေကို မြေခွန်မပြေ ကျန်ငွေ ဖြစ်ဘိ သကဲ့သို့
အရတောင်းခံနိုင်သည်။

၆၄။ ကော်မတီသည် အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ခြံဝင်းတစ်ခုတွင်ဖြစ်စေ ခြုံနွယ်ပိတ်ပေါင်းများပေါက်ရောက်နေခြင်း၊ ကျန်းမာရေးကိုထိခိုက်စေသည့်အနံ့ဆိုးများထွက်နေခြင်း သို့မဟုတ် ခြံစည်းရိုးပေါက်ပြဲပျက်စီးနေခြင်းကြောင့် ပတ်ဝန်းကျင်တွင်နေထိုင်သူများအား အနှောင့်အယှက်ဖြစ်စေသည်ဟုယူဆပါကယင်းအဆောက်အအုံ သို့မဟုတ် ခြံဝင်းကိုရှင်းလင်းစေရန် ခြံစည်းရိုးပြင်ဆင်ကာရန်စေရန် သို့မဟုတ်ခြံစည်းရိုးပြုလုပ်စေရန် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား ညွန်ကြားနိုင်သည်။

၆၅။ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၆၄ အရကော်မတီကထုတ်ဆင့်သည့်ညွန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။

အခန်း(၆)

ကျူးကျော်ခွန်ကောက်ခံခြင်း

၆၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာလမ်းပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားပြီးဖြစ်သော စမုတ်ဆောင်၊ လသာဆောင်၊ ဆင်ဝင်၊ နေကာ၊ တံဆက်မြိတ်၊ လှေကားထစ်အုတ်ခုံ၊ အုတ်မြစ်၊ ဆင်ခြေလျှော၊ ဓာတ်ဆီဆိုင်၊ ဓာတ်ဆီပန့်၊ မိလ္လာကန်၊ လူကူးခုံးကျော်တံတား၊ ယာယီမဏပ် သို့မဟုတ် အခြားအဆောက်အအုံတစ်ခုခုကို ကျူးကျော်ခွန် ကောက်ခံ ရယူပြီး ဆက်လက်တည်ရှိခွင့်ပြုနိုင်သည်။

၆၇။ နည်းဥပဒေ ၆၆ ပါ ကျူးကျော်အဆောက်အအုံတစ်ခုခုကို မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာလမ်းပေါ်တွင် ဆောက်လုပ်လိုသူသည် သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။

၆၈။ ကော်မတီသည် နည်းဥပဒေ ၆၆ အရ ကျူးကျော်ခွန်ကောက်ခံရာတွင် အများပြည်သူဆိုင်ရာလမ်းပေါ်တွင်ကျူးကျော်ဆောက်လုပ်ထားသည့် အစိတ်အပိုင်း၏ထုထည် သို့မဟုတ် ဧရိယာ ပေါ်မူတည်၍တွက်ချက်ရမည်။

၆၉။ ကော်မတီသည်-

(က) အဆောက်အအုံများ ဆောက်လုပ်ရာတွင် သုံးစွဲသည့် ဆောက်လုပ်ရေး ပစ္စည်းများကိုကော်မတီပိုင်လမ်းပေါ်တွင် စုပုံထားရန် ယာယီအစဉ်အစဉ်ဖြင့် စည်းကမ်းချက်သတ်မှတ်၍ခွင့်ပြုနိုင်သည်။

(ခ ) နည်းဥပဒေခွဲ(က)အရ ခွင့်ပြုရာတွင် လမ်းသွားလမ်းလာတို့၏ သွားလာမှုကိုမထိခိုက်စေရန် လူသွားလမ်း၏အကျယ်အဝန်းကိုစိစစ်ပြီး အတိုင်းအတာသတ်မှတ်၍ခွင့်ပြုရမည်။

(ဂ ) နည်းဥပဒေခွဲ(က)အရ ခွင့်ပြုရာတွင် ခွင့်ပြုသည့်ကာလကို တစ်ပါတည်းသတ်မှတ်ပေးရမည်။

(ဃ) သတ်မှတ်သည့်ခွင့်ပြုကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းမပြီးသေးပါက ဆောက်လုပ်ရေးပစ္စည်းများစုပုံခွင့်ကို စည်းကမ်းချက်သတ်မှတ်၍ ကာလတိုးမြှင့်ပေးနိုင်သည်။

၇ဝ။ နည်းဥပဒေ ၆၉၊ နည်းဥပဒေခွဲ(က)အရ ခွင့်ပြုမိန့်ရရှိသူသည် ခွင့်ပြုမိန့်ကို အများပြည်သူမြင်နိုင်စေရန် ဆောက်လုပ်ရေးပစ္စည်းစုပုံသည့်နေရာတွင် ခွင့်ပြုသည့်ကာလနှင့် ခွင့်ပြု သည့်အကျယ်အဝန်း၊အတိုင်းအတာကို ဖော်ပြချိတ်ဆွဲထားရှိရမည်။

၇၁။ ကော်မတီသည်-

(က) ကော်မတီပိုင်လမ်းပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းစုပုံကျူးကျော်ခွန်ကို ဧရိယာပေါ်အခြေခံ၍စည်းကြပ် ကောက်ခံနိုင်သည်။

(ခ ) ဆောက်လုပ်ရေးပစ္စည်းစုပုံကျူးကျော်သည့် အချိန်ကာလအပေါ်မူတည်ပြီး ကျူးကျော်ခွန်ကို တိုးမြှင့်စည်းကြပ်ကောက်ခံနိုင်သည်။

အခန်း(၇)

ဆိုင်းဘုတ်နှင့်ကြော်ငြာများ

၇၂။ မြို့တော်နယ်နိမိတ်အတွင်းရှိ ကော်မတီပိုင်လမ်းများ၊ ဓာတ်အားပေးတိုင်များ၊ တယ်လီဖုန်းတိုင်များ၊တံတားများ ပေါ်တွင်ဖြစ်စေ အစိုးရဌာန၊ အဖွဲ့အစည်းဆိုင်ရာမြေကွက်များ၊ ပုဂ္ဂလိက ပိုင်မြေကွက်များ သို့မဟုတ်တိုက်နံရံများ ပေါ်တွင်ဖြစ်စေ မြို့တော်နယ်နိမိတ်အတွင်း ပြေးဆွဲနေသော ယာဉ်များ သို့မဟုတ်မြို့ပတ်မီးရထားများတွင်ဖြစ်စေ ကြော်ငြာဆိုင်းဘုတ်စိုက်ထူခြင်း၊ ကြော်ငြာဆိုင်ဘုတ်တပ်ဆင်ခြင်း၊ကြော်ငြာကပ်ခြင်း၊ ကြော်ငြာချိတ်ဆွဲခြင်း သို့မဟုတ် ကြော်ငြာရေးဆွဲခြင်းပြုလုပ်လိုသူသည် ခွင့်ပြုချက် ရရှိရန်ကြော်ငြာဆိုင်းဘုတ် သို့မဟုတ် ကြော်ငြာနမူနာ ပုံစံပူးတွဲ၍ သတ်မှတ်ချက်များနှင့်အညီ ကော်မတီ သို့လျှောက်ထားရမည်။

၇၃။ ကော်မတီသည်-

(က) နည်းဥပဒေ ၇၂ အရ လျှောက်လွာလက်ခံရရှိသည့်အခါ စိစစ်ပြီးခွင့်ပြုခြင်း သို့မဟုတ်ငြင်းပယ်ခြင်းပြုနိုင်သည်။

(ခ ) ခွင့်ပြုမိန့်ရရှိသူထံမှ သတ်မှတ်ထားသည့်ကြော်ငြာခွန်လက်ခံရရှိလျှင် ခွင့်ပြုချက်ထုတ်ပေးရမည်။

၇၄။ ကော်မတီသည် အစိုးရဌာန၊ အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းအတွက်ဖြစ်စေ၊ ဘာသာရေး သို့မဟုတ်လူမှုရေး ကိစ္စများအတွက်ဖြစ်စေ ကြော်ငြာဆိုင်းဘုတ်စိုက်ထူခြင်း၊ ကြော်ငြာဆိုင်း ဘုတ်တပ်ဆင်ခြင်း ကြော်ငြာကပ်ခြင်း၊ကြော်ငြာ ချိတ်ဆွဲခြင်းသို့မဟုတ်ကြော်ငြာ ရေးဆွဲခြင်းပြုလုပ်သည့်အတွက် ကျသင့်သည့်ကြော်ငြာခွန်ကို ကင်းလွတ်ခွင့်ပြုနိုင်သည်။

၇၅။ ကော်မတီသည်-

(က) ကြော်ငြာဆိုင်းဘုတ်များနှင့် ကြော်ငြာစင်များခိုင်ခန့်မှုရှိ၊ မရှိနှင့် မြို့တော်၏သာယာလှပမှုကို ထိခိုက်စေခြင်းရှိ၊ မရှိတို့ကို အခါအားလျော်စွာ စစ်ဆေးရမည်။

(ခ ) လိုအပ်ပါက ပြင်ဆင်မွမ်းမံရန် သို့မဟုတ် အသစ်ပြုလုပ်ရန် သက်ဆိုင်သူအား ညွန်ကြားနိုင်သည်။

(ဂ ) လိုအပ်ပါက ကြော်ငြာဆိုင်းဘုတ်ဆောင်ရွက်ခြင်းမပြုရမည့် နယ်မြေ၊ အဆောက်အအုံသစ်ပင်၊ နံရံ၊ တိုင်စသည်များ သတ်မှတ်နိုင်သည်။

အခန်း(၈)

တားမြစ်ချက်များ

၇၆။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲမြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ။

၇၇။ မည်သူမျှ ကော်မတီကခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့်အဆောက်အအုံကို ဆောက်လုပ်ခြင်းမပြုရ။

၇၈။ မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံတစ်ခုတွင်ဖြစ်စေ၊ ယင်းအဆောက်အအုံ၏အစိတ်အပိုင်းတစ်ခု တွင်ဖြစ်စေ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊ အသုံးပြုခြင်းမပြုရ။

၇၉။ မည်သူမျှ ကော်မတီကသတ်မှတ်သော မြို့နယ် သို့မဟုတ် လမ်းရှိ လူနေထိုင်ရန်အတွက် ဆောက်လုပ်ထားသော အဆောက်အအုံတွင် ကော်မတီကခွင့်မပြုသည့် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခွင့်မပြုရ။

၈ဝ။ မည်သူမျှ ပစ္စည်းသိုလှောင်ရန်အတွက် ဆောက်လုပ်ထားသည့်အဆောက်အအုံတွင် ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ နေထိုင်ခြင်းမပြုရ။

၈၁။ မည်သူမျှ ကော်မတီကထုတ်ပေးထားသော လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ တွင် ကန်ထရိုက်တာ၊ ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အအုံ အင်ဂျင်နီယာ သို့မဟုတ်အင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခြင်း မပြုရ။

၈၂။ မည်သူမျှ နည်းဥပဒေ ၅၂ အရ ကော်မတီက လူနေထိုင်ခြင်းမပြုရန် တားမြစ်ချက်သင်္ကေတအမှတ်အသားရေးမှတ် ထားသည့်အဆောက်အအုံ သို့မဟုတ် အဆောက်အအုံ၏ တစ်စိတ်တစ် ဒေသ အတွင်းဝင်ရောက်နေထိုင်ခြင်းမပြုရ။

၈၃။ မည်သူမျှ နည်းဥပဒေ ၆၃၊ နည်းဥပဒေခွဲ(က)အရ ကော်မတီကဖြိုဖျက်ထားသည့် အန္တရာယ်ရှိအဆောက်အအုံရှိရာ မြေကွက်အတွင်း ဝင်ရောက်နေထိုင်ခြင်းမပြုရ။

၈၄။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာလမ်းပေါ်တွင် စမုတ်ဆောင်၊ လသာဆောင်၊ ဆင်ဝင်၊ နေကာ၊ တံစက်မြိတ်၊ လှေကားထစ်၊ အုတ်ခုံ၊ အုတ်မြစ်၊ ဆင်ခြေလျှော၊ ဓာတ်ဆီဆိုင်၊ဓာတ်ဆီပန့်၊ မိလ္လာကန်၊ လူကူးခုံးကျော် တံတား၊ ယာယီမဏ္ဍပ် သို့မဟုတ် အခြားအဆောက်အအုံကိုကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းမပြုရ။

၈၅။ မည်သူမျှ နည်းဥပဒေ ၆၉ အရ ကော်မတီကခွင့်ပြုထားသည့် အတိုင်းအတာထက်ပို၍ ကော်မတီပိုင်လမ်းပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများကို စုပုံထားခြင်းမပြုရ။

၈၆။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကြော်ငြာဆိုင်းဘုတ်စိုက်ထူခြင်း၊ တပ်ဆင်ခြင်း၊ ကပ်ခြင်း၊ချိတ်ဆွဲခြင်း သို့မဟုတ် ရေးဆွဲခြင်းမပြုရ။

၈၇။ မည်သူမျှ ဤနည်းဥပဒေများအရ ကော်မတီကထုတ်ပြန်သည့်အမိန့်နှင့် ညွန်ကြားချက်တစ်ရပ်ရပ်ကိုလိုက်နာရန် ပျက်ကွက်ခြင်းမရှိစေရ။

၈၈။ မည်သူမဆို ဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အခန်း(၉)

အထွေထွေ

၈၉။ ကော်မတီသည် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သော ခွင့်ပြုမိန့်ရသူအား ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။

၉ဝ။ ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်းခံရသူသည် ခွင့်ပြုမိန့်ပြန်လည်ရရှိရန် ကော်မတီသို့ လျှောက်ထားနိုင်သည်။

၉၁။ ကော်မတီသည် နည်းဥပဒေ ၉ဝ အရ လျှောက်ထားသည့်လျှောက်လွာကို စိစစ်ပြီး သတ်မှတ်ချက်နှင့်ညီညွတ်ပါက ခွင့်ပြုမိန့်ကို ပြန်လည်ထုတ်ပေးနိုင်သည်။

၉၂။ ဤနည်းဥပဒေများပါ ပြဋာန်းချက်အရ အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရန် ၊ မြေတိုင်းတာရန် သို့မဟုတ် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကို ကြီးကြပ်ရန် ကော်မတီကတာဝန်ပေးခြင်းခံရသည့် စည်ပင်သာယာဝန်ထမ်းသည် ရပ်ကွက်လူကြီးနှစ်ဦးနှင့်အတူ သက်ဆိုင်ရာအဆောက်အအုံ သို့မဟုတ် မြေနေရာအတွင်းသို့ ဝင်ရောက်ခွင့်ရှိသည်။

၉၃။ ကော်မတီသည်ဤ နည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းတာဝန်များကို မိမိလက်အောက်ရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွဲအပ်ဆောင်ရွက် စေနိုင်သည်။

၉၄။ ကော်မတီသည် ဤနည်းဥပဒေများပါ ကိစ္စရပ်များကိုဆောင်ရွက်နိုင်ရန် လိုအပ်သောအမိန့်နှင့်ညွန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ

အမိန့့််ကြော်ငြာစာအမှတ် ၁ဝ/၉၉

ရန်ကုန်မြို့၊ ၁၃၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်

(၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် )

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ၃၃၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေများ ဟုခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင်ပါရှိသည့်အတိုင် အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင်အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။

(က) မြို့တော် နယ်နိမိတ်ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ကိုဆိုသည်။

(ခ ) အမှိုက် ဆိုသည်မှာ အသုံးမလို၍ စွန့်ပစ်သည့်ပစ္စည်းများကို ဆိုသည်။

(ဂ ) မီးဖိုချောင်ထွက်အမှိုက် ဆိုသည်မှာ ခြံထွက်အမှိုက်မှအပ နေအိမ်များ၊ အိမ်ခန်းများနှင့်မီးဖိုချောင်များမှ အသုံးမလို၍စွန့်ပစ်သော အခြားအမှိုက်သရိုက်များကို ဆိုသည်။

(ဃ) ခြံထွက်အမှိုက်ဆိုသည်မှာ ခြံအတွင်း ခုတ်ထွင်ရှင်းလင်းရာမှ ထွက်ရှိလာသော သစ်ပင်၊သစ်ကိုင်း၊ သစ်ခက်များ၊ ခြုံနွယ်များကိုလည်းကောင်း၊ အသုံးမလို၍စွန့်ပစ်သော အဆောက်အအုံအစိတ်အပိုင်းများ၊
ပရိဘောဂပစ္စည်းအဟောင်းအပျက်များကိုလည်းကောင်းဆိုသည်။

(င ) စက်ရုံ၊ အလုပ်ရုံထွက်အမှိုက် ဆိုသည်မှာ စက်ရုံနှင့် အလုပ်ရုံများမှ အသုံးမလို၍ စွန့်ပစ်သောပစ္စည်းများကို ဆိုသည်။

(စ ) တည်​ဆောက်ရေးလုပ်ငန်း ထွက်အမှိုက် ဆိုသည်မှာ တည်ဆောက်ရေးလုပ်ငန်းမှအသုံးမလို၍ စွန့်ပစ်သောပစ္စည်းများကိုဆိုသည်။

(ဆ) စီးပွားရေးလုပ်ငန်းထွက်အမှိုက်ဆိုသည်မှာ စီးပွားရေးလုပ်ငန်းမှ အသုံးမလို၍စွန့်ပစ်သောပစ္စည်းများကို ဆိုသည်။

(ဇ ) သာမန်အမှိုက် ဆိုသည်မှာ ခြံထွက်အ မှိုက် ၊စက်ရုံ ၊ အလုပ်ရုံထွက်အမှိုက် တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်တို့မှအပ မီးဖိုချောင်ထွက်အမှိုက်နှင့်
အခြားအမှိုက်သရိုက်များကို ဆိုသည်။

(စျ ) စက်ဆုပ်ဖွယ်အရာ ဆိုသည်မှာ တိရစ္ဆာန်အသေကောင်၊ တိရစ္ဆာန်ချေး၊ ပုပ်စပ်နံစော်သည့်အရာဝတ္ဃု၊ မနှစ်မြို့ဖွယ်ရာသွေး၊ အရည် သို့မဟုတ် အညစ်အကြေးကို ဆိုသည်။

(ည) ဆေးရုံစွန့်ပစ်ပစ္စည်းဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်းရှိ နိုင်ငံပိုင် ၊ပုဂ္ဂလိကပိုင်၊အသင်းအဖွဲ့ပိုင်ဆေးရုံများ၊ ဆေးကုသခန်းများနှင့် ဆေးပေးခန်းများမှ အသုံးမလို၍ စွန့်ပစ်သောပစ္စည်းများကို ဆိုသည်။

(ဋ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်းရှိ မြေထု၊ရေထု၊လေထု အရပ်ဒေသအားလုံးအပြင် ကော်မတီပိုင်ရေကန်ကြီးများ၏ရေဝေ၊ ရေလဲနယ်နိမိတ်များရှိ သဘာဝပတ်ဝန်းကျင်
ညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှုနှင့် အသံဆူညံမှုများမဖြစ်ပေါ်စေရန် ထိန်းသိမ်းစီမံခြင်းကို ဆိုသည်။

(ဌ ) အလောင်းဆိုသည်မှာ လူ​သောအလောင်းကိုဆို သည်။ ယင်း စကားရပ်တွင် လူသေအလောင်း၏အစိတ်အပိုင်း လည်းပါဝင်သည်။

(ဍ ) သင်္ဂြိုဟ်ခြင်း ဆိုသည်မှာ အလောင်းကိုမြေမြှုပ်ခြင်း၊ ဂူသွင်းခြင်း သို့မဟုတ် မီးရှို့ခြင်းကိုဆိုသည်။

(ဎ ) ပြာ ဆိုသည်မှာ အလောင်းကိုမီးသဂြိုဟ်ရာမှ ရရှိသောပြာကို ဆိုသည်။

(ဏ) သုသာန် ဆိုသည်မှာ အလောင်းကို သဂြိုဟ်ရန် ကော်မတီက သတ်မှတ်ထားသော နေရာကိုဆိုသည်။

(တ) မီးသင်္ဂြိုဟ်စက် ဆိုသည်မှာ အလောင်း ကို လောင်စာတစ်မျိုးမျိုး အသုံး ပြု၍ မီး သင်္ဂြိုဟ်သောစက်ကိရိယာကို ဆိုသည်။ ယင်းစကားရပ်တွင် မီးသဂြိုဟ်စက်တည်ရှိရာ အဆောက်အအုံလည်းပါဝင်သည်။

(ထ) ဂူ ဆိုသည်မှာ အလောင်းကို ထည့်သွင်းမြှုပ်နှံထားသော ကျောက်ဂူ သို့မဟုတ် အုတ်ဂူကိုဆိုသည်။ ယင်းစကားရပ်တွင် ဂူတည်ရှိရာမြေနှင့် အကာအရံအပြင် ဂူနှင့်သက်ဆိုင်သည့်အမှတ်အသားများနှင့်
အရာဝတ္ဃုများလည်း ပါဝင်သည်။

(ဒ ) အသုဘ ရှူအဆောင် ဆိုသည်မှာ အသုဘပို့ရန်လာသည့် ပရိတ် သတ်များနားနေရန်အ တွက်သုသာန်အတွင်း ဆောက်လုပ်ထားသော အဆောက်အအုံကို ဆိုသည်။

အခန်း(၂)

အမှိုက်များနှင့် စက်ဆုပ်ဖွယ်အရာများ သန့်ရှင်းရေး

၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း-

(က) သာမန်အမှိုက်များကို ယာယီစွန့်ပစ်ရန် သို့မဟုတ် စုပုံရန်အလို့ငှာ လိုအပ်သောနေရာများတွင်အမှိုက်ပုံးများ ထားရှိပေးရမည်။

(ခ ) လိုအပ်သောနေရာများတွင် အမှိုက်ကန်များကို တည်ဆောက်ပေးရမည်။

(ဂ ) လူနေရပ်ကွက်များ၊ ကျောင်းများ၊ စျေးများအပါအဝင် လိုအပ်သောနေရာများတွင် အမှိုက်ပုံရန်နေရာများကို သတ်မှတ်ပေးရမည်။

(ဃ) စုပေါင်းအိမ်ရာစခန်းများနှင့် စုပေါင်းပိုင်အဆောက်အအုံများတွင် အိမ်ရာစခန်းပိုင် အမှိုက်ပုံးများ စုပေါင်းထားရှိရန် နေရာများ သတ်မှတ်ပေးရမည်။

(င ) သတ်မှတ်သည့်နယ်မြေတွင် အမှိုက်များကို စွန့်ပစ်နိုင်ရန် သင့်လျော်သော အမှိုက်သိမ်းစနစ်များကို စီမံဆောင်ရွက်ရမည်။

(စ ) အမှိုက်များကို အပြီးသတ်စွန့်ပစ်ရန် အစီအမံများ ပြုလုပ်ထားရမည်။

၄။ ကော်မတီသည် အမှိုက်ပုံးများ၊ အမှိုက်ကန်များနှင့် အမှိုက်ပုံရန်သတ်မှတ်ထားသည့်နေရာများမှ အမှိုက်များကို ယာဉ်တစ်မျိုးမျိုးဖြင့်သိမ်းယူခြင်း သို့မဟုတ် ရွေ့ပြောင်းသယ်ထုတ်ခြင်းဆိုင်ရာ အစီအစဉ်များ ချမှတ်ရမည်။

၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ သင့်လျော်သည့်နယ်မြေတစ်ခုခု၌ရှိသော အမှိုက်နှင့်စက်ဆုပ်ဖွယ်အရာများကို သိမ်းဆည်းဖယ်ရှားပေးမည်ဟုကြေညာပြီး သန့်ရှင်းရေးခွန် သို့မဟုတ် သန့်ရှင်းရေးဆောင်ရွက်ခကောက်ခံပါက အဆိုပါအမှိုက်နှင့် စက်ဆုပ်ဖွယ်အရာများကို စနစ်တကျသိမ်းခြင်း၊ ရွေ့ယူခြင်း၊စွန့်ပစ်ခြင်းပြုရန် စီမံဆောင်ရွက်ရမည်။

၆။ ကော်မတီသည် အထပ်မြင့်အဆောက်အအုံများတွင် အမှိုက်စွန့်ပစ်ရန် အမှိုက်ပြွန်စနစ်ထည့်သွင်းဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အမှိုက်ပြွန်စနစ်ဖြင့် စွန့်ပစ်ခြင်းနည်းလမ်းများကို ပြုလုပ်ထားရန်ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား ညွန်ကြားနိုင်သည်။

၇။ ကော်မတီသည် စုပေါင်းအိမ်ရာစခန်းများနှင့် စုပေါင်းပိုင်အဆောက်အအုံများရှိ လုံးချင်းအိမ်တစ်အိမ်ချင်း၊အိမ်ခန်းတစ်ခန်းချင်းမှ စွန့်ပစ်သောအမှိုက်များကို သတ်မှတ်ထားသောနေရာသို့ ၄င်းတို့၏အစီအစဉ်ဖြင့် သယ်ယူစွန့်ပစ်စေပြီးကော်မတီက အခွန်အခရယူ၍ သတ်မှတ်နေရာမှ ဆက်လက်သယ်ယူစွန့်ပစ်ရန် စီမံဆောင်ရွက်နိုင်သည်။

၈။ ကော်မတီသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေရန်နှင့် အများပြည်သူတို့၏ ကျန်းမာရေးကို မထိခိုက်စေရန် အမှိုက်စွန့်ပစ်နိုင်ရေးအတွက် သင့်လျော်သောနည်းစနစ်များအသုံးပြု၍ စီမံဆောင်ရွက်နိုင်သည်။

၉။ ကော်မတီသည် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အများပြည်သူတို့ကိုအနှောင့်အယှက်မဖြစ်စေရန်နှင့် စိတ်ငြိုငြင်မှုမဖြစ်စေရန် ဂရုပြုဆောင်ရွက်ရမည်။

၁ဝ။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပေါ်လာနိုင်သောအမှိုက်များနှင့် စက်ဆုပ်ဖွယ်အရာများကို အရေးပေါ်သန့်ရှင်းရေးပြုလုပ်နိုင်ရန် စီမံထား ရမည်။

၁၁။ မြို့တော်နယ်နိမိတ်အတွင်း နေထိုင်သူများသည်-

(က) ကော်မတီက သတ်မှတ်သည့်နေရာတွင် သတ်မှတ်ထားသည့်စနစ်နှင့်အညီ အမှိုက်များနှင့်စက်ဆုပ်ဖွယ်အရာများကို စွန့်ပစ်ရမည်။

(ခ ) သာမန်အမှိုက်များကို ကော်မတီကစီမံထားရှိသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန်နေရာတွင်သာ စွန့်ပစ်ရမည်။

(ဂ ) ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံစွန့်ပစ်ပစ္စည်းများနှင့် စက်ဆုပ်ဖွယ်အရာများကို အမှိုက်ပုံး၊ အမှိုက်ကန်နှင့်
အမှိုက်ပုံရန်သတ်မှတ်ထားသည့်နေရာများတွင် စွန့်ပစ်ခြင်းမပြုရဘဲ ကော်မတီကသီးသန့်သတ်မှတ်ထားသည့် နေရာသို့သာ စွန့်ပစ်ရမည်။

၁၂။ အဆောက်အအုံတစ်ခုခု၌ မည်သည့်အထပ်တွင်မဆို နေထိုင်သူသည် မိမိနေထိုင်ရာအဆောက်အအုံရှိ အများသုံးစင်္ကြံ သို့မဟုတ် လူသွားလမ်းကိုအမှိုက်များနှင့် စက်ဆုပ်ဖွယ်အရာများမရှိစေရန် ဆောင်ရွက်ထားရှိရမည်။

၁၃။ ကော်မတီသည် သိမ်းယူရရှိပြီးသော အမှိုက်များနှင့် စက်ဆုပ်ဖွယ်အရာများကို သင့်လျော်သလို စီမံခန့်ခွဲနိုင်သည်။

၁၄။ ကော်မတီသည် သန့်ရှင်းရေးလုပ်ငန်းများကို ကန်ထရိုက်စနစ်ဖြင့်ဖြစ်စေ၊ ကိုယ်စားလှယ်စနစ်ဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်သည်။

၁၅။ ကော်မတီသည် အမှိုက်များသိမ်းဆည်းခြင်း၊ သယ်ဆောင်ခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်းများကို ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းအဖြစ် လုပ်ကိုင်လိုသူအား သတ်မှတ်ထားသည့် စည်းကမ်းချက် များနှင့်အညီ လုပ်ကိုင်ခွင့်ပြုနိုင်သည်။

အခန်း(၃)

ရေမြောင်းနှင့်လမ်းများ သန့်ရှင်းရေး

၁၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ ရေမြောင်းများကို ရေစီးရေလာကောင်းမွန်စေရန် မြောင်းချေးများ ဆယ်ယူသန့်ရှင်းခြင်းနှင့် ရေဖြင့်သန့်ရှင်းဆေးကြောခြင်းလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ရမည်။

၁၇။ ကော်မတီသည် အများပြည်သူဆိုင်ရာလမ်းများ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် မြက်၊ ချုံနွယ်များကိုခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ရမည်။

၁၈။ ကော်မတီသည် လမ်းများပေါ်ရှိအမှိုက်များနှင့် စက်ဆုပ်ဖွယ်အရာများကိုစုသိမ်းခြင်း၊ ဖယ်ရှားခြင်းသို့မဟုတ် ရှင်းလင်းခြင်းလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ရမည်။

၁၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း သတ်မှတ်ထားသည့် နေရာဒေသများတွင် တံတွေးနှင့် ကွမ်းတံတွေးထွေးရန် သင့်လျော်သည့်အစီအစဉ်များ ဆောင်ရွက်ထားရမည်။

အခန်း(၄)

သန့်ရှင်းရေးနှင့် အခွန်အခများ ကောက်ခံခြင်း

၂ဝ။ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊ စီးပွားရေးလုပ်ငန်း ထွက်အမှိုက်နှင့် ဆေးရုံစွန့်ပစ်ပစ္စည်းများကို စွန့်ပစ်လိုသူသည်-

(က) သန့်ရှင်းရေးခွန် သို့မဟုတ် သန့်ရှင်းရေးဆောင်ရွက်ခပေးဆောင်၍ ကော်မတီက သတ်မှတ်ထားသောနေရာသို့ ညွန်ကြားသည့်အတိုင်း သယ်ယူစွန့်ပစ်ရမည်။

(ခ ) ကော်မတီက သတ်မှတ်ထားသည့်နေရာသို့ မိမိပိုင်ယာဉ်ဖြင့် သယ်ယူစွန့်ပစ်လိုလျှင် ကော်မတီက အခါအားလျော်စွာ သတ်မှတ်သည့်စွန့်ပစ်ခကို ပေးဆောင်ရမည်။

၂၁။ ကော်မတီသည် အမှိုက်သိမ်းဆည်းပေးရန်အတွက် သန့်ရှင်းရေးခွန် သို့မဟုတ် သန့်ရှင်းရေးဆောင်ရွက်ခကို အခါအားလျော်စွာ သတ်မှတ်သည့်လစဉ်နှုန်းထားဖြင့်ဖြစ်စေ၊ ၃ လတစ်ကြိမ်နှုန်း ထားဖြင့်ဖြစ်စေ၊ ပုတ်ပြတ်နှုန်းထား ဖြင့်ဖြစ်စေ၊ အမှိုက်ကားခေါက်ရေ နှုန်းဖြင့်ဖြစ်စေ ကောက်ခံနိုင်သည်။

၂၂။ ကော်မတီသည် အောက်ပါတို့နှင့်စပ်လျဉ်းသည့် သန့်ရှင်းရေးခွန်၊ သန့်ရှင်းရေးဆောင်ရွက်ခ သို့မဟုတ်စွန့်ပစ်ခကို နိုင်ငံခြားငွေဖြင့် ကောက်ခံရယူနိုင်သည်-

(က) နိုင်ငံခြားငွေဖြင့် ငှားရမ်းခရယူ၍ အငှားချထားသောလူနေအိမ်၊ အခန်းနှင့် အဆောက်အအုံများ၊

(ခ ) နိုင်ငံခြားငွေဖြင့် အခကြေးငွေရယူသော ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနှင့် တည်းခိုရပ်သာများ၊

(ဂ ) ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြုှပ်နှံမှုဖြင့် လုပ်ကိုင်လျှက်ရှိသော လုပ်ငန်းများ။

၂၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူတို့ အလွယ်တကူအသုံးပြုနိုင်ရန် သင့်လျော်သောနေရာများတွင်-

(က) မြေပေါ်အိမ်သာ၊ မြေအောက်အိမ်သာများ တည်ဆောက်ပေးပြီး သတ်မှတ်ထားသောဝန်ဆောင်မှုစရိတ်ကို ကောက်ခံရယူနိုင်သည်။

(ခ ) မြေပေါ်အိမ်သာ၊ မြေအောက်အိမ်သာလုပ်ငန်းကို ၃ နှစ်ထက်မပိုသောကာလအတွက် လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ကန်ထရိုက်ပေးနိုင်သည်။

(ဂ ) အများသုံးအိမ်သာလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူအား ခွင့်ပြုချက်ပေးနိုင်သည်။

၂၄။ ကော်မတီသည် သန့်ရှင်းရေးခွန် သို့မဟုတ် သန့်ရှင်းရေးဆောင်ရွက်ခကို ဆင်းရဲနွမ်းပါး၍ဖြစ်စေ၊ထူးခြားသောအခြေအနေတစ်ရပ်ရပ်ကြောင့်ဖြစ်စေ လိုအပ်လျှင် ကင်းလွတ်ခွင့်ပေးခြင်း၊ လျှော့ပေါ့ ကောက်ခံခြင်းပြုနိုင်သည်။

အခန်း(၅)

ပတ်ဝန်းကျင်ထိန်းသိမ်းရေး

၂၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မြေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှုနှင့်အသံဆူညံမှုတို့ကို ထိန်းသိမ်းကာကွယ်ရန် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။

၂၆။ ကော်မတီသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေသည့် ဓာတုဗေဒပစ္စည်းများ၊ အဆိပ်အတောက်ဖြစ်စေသောပစ္စည်းများ၊ ဓာတ်ရောင်ခြည်သင့်စေသောပစ္စည်းများကို အန္တရာယ်ကင်းရှင်းစေရန် ပြုလုပ်စေပြီးစွန့်ပစ်ရမည့်နေရာနှင့် စွန့်ပစ်ရမည့်နည်းလမ်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ သတ်မှတ်ပေးရမည်။

၂၇။ ကော်မတီသည် စက်ရုံ၊ အလုပ်ရုံတစ်ခုခုမှ ထွက်ပေါ်လာသော မီးခိုးများကြောင့် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုမဖြစ်စေရေးနှင့် ပတ်ဝန်းကျင်မခံသာအောင် ကျယ်လောင်သောအသံ မထွက်ပေါ်စေရေးအတွက်ယင်းစက်ရုံ၊ အလုပ်ရုံမှတာဝန်ရှိသူများအား လိုအပ်သောအစီအမံများပြုလုပ်ထားရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ ညွန်ကြားနိုင်သည်။

၂၈။ ကော်မတီသည် စီးပွားရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံနှင့် ဆေးရုံတစ်ခုခုမှ တာဝန်ရှိသူများအား ဘေးဖြစ်စေတတ်သောအရည်၊ စက်ဆုပ်ဖွယ်အရာများနှင့် ဆေးရုံစွန့်ပစ်ပစ္စည်းများကို အများနှင့်သက်ဆိုင်သောနေရာများသို့စီးဆင်းစေခြင်း၊ စုပုံထားရှိခြင်း၊ ပြန့်ကျဲခြင်း၊ သွန်ခြင်း သို့မဟုတ် စွန့်ပစ်ခြင်းမပြုရန် ညွန်ကြားနိုင်သည်။

၂၉။ ကော်မတီသည် စီးပွားရေးလုပ်ငန်းများနှင့် စက်ရုံ၊ အလုပ်ရုံများတွင် သိုလှောင်ထားသောစွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ကိုညစ်ညမ်းမှုတစ်စုံတစ်ရာ ဖြစ်ပေါ်စေနိုင်ပါက ပိုင်ရှင် သို့မဟုတ် အသုံးပြုသူအား ၄င်းပစ္စည်းများကို သိုလှောင်သောနေရာမှ အမြန်ရွေ့ပြောင်းစေရန် ညွန်ကြားနိုင်သည်။

၃ဝ။ ကော်မတီသည် ယာဉ်တစ်မျိုးမျိုးမှ မီးခိုးအလွန်အကျွံမထွက်စေရန်နှင့် ပတ်ဝန်းကျင်မခံသာအောင်ကျယ်လောင် သော အသံမထွက်ပေါ်စေရန် ပိုင်ရှင် သို့မဟုတ် အသုံးပြုသူများအား လိုအပ်သောအစီအမံများဆောင်ရွက်ထားရန် ညွန်ကြားနိုင်သည်။

၃၁။ ကော်မတီသည် တည်ဆောက်ရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းနှင့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းတစ်ရပ်ရပ်၏ ဆောင်ရွက်မှုကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်စေပါက ပိုင်ရှင် သို့မဟုတ် ဆောင်ရွက်သူ သို့မဟုတ်အသုံးပြုသူက လိုအပ်သောအစီအမံများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာခွင့်ပြုမိန့်ထုတ်ပေးသော အစိုးရဌာန၊အဖွဲ့အစည်းသို့ အကြောင်းကြားနိုင်သည်။

၃၂။ ဆေးရုံစွန့်ပစ်ပစ္စည်းများတွင် ပါဝင်သော အန္တရာယ်ဖြစ်စေသည့် ဓာတုဗေဒပစ္စည်းများ၊ ဆေးရည်များ ၊လူခန္ဓာကိုယ်အစိတ်အပိုင်းများကို စွန့်ပစ်လိုသူသည် ကော်မတီသို့အကြောင်းကြားပြီး ကော်မတီက သတ်မှတ်ပေးသည့် နည်းလမ်းများနှင့်အညီ ထုပ်ပိုးခြင်း၊ သယ်ဆောင်ခြင်း၊ စွန့်ပစ်ခြင်းပြုရမည်။

၃၃။ ကော်မတီသည် စီးပွားရေးလုပ်ငန်းနှင့်စက်ရုံ၊ အလုပ်ရုံတစ်ရပ်ရပ်၏စွန့်ပစ်ပစ္စည်းများ၊ ဆေးရုံစွန့်ပစ်ပစ္စည်းများနှင့် စက်ဆုပ်ဖွယ်အရာများ စီးဆင်းမှုကြောင့်ဖြစ်စေ၊ မြေအတွင်း သို့စိမ့်ဝင် မှုကြောင့်ဖြစ်စေပတ်ဝန်းကျင်ရှိ ရေတွင်း၊ ရေကန်၊ အဝီစိတွင်း၊ ရေမြောင်းနှင့် မြစ်ချောင်းများအတွင်း၌ ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်ပေါ်စေရေးအတွက် လိုအပ်သော အစီအမံများ ပြုလုပ်ထားရန် ညွန်ကြားနိုင်သည်။

၃၄။ စီးပွားရေးလုပ်ငန်း သို့မဟုတ် စက်ရုံ၊ အလုပ်ရုံတစ်ခုခုကို တည်ထောင်လိုသူသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ဆောင်ရွက်မည့်အစီအမံကို ကော်မတီသို့တင်ပြပြီး ကော်မတီထံမှခွင့်ပြု ချက်ရရှိမှသာယင်းအစီအမံကို အကောင်အ ထည်ဖော် ဆောင်ရွက်ခွင့်ရှိသည်။

အခန်း(၆)

သင်္ဂြိုဟ်ခြင်း

၃၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းနေထိုင်သူများ ကိုးကွယ်သည့်ဘာသာအလိုက် လိုအပ်သော သုသာန်များ ကို သတ်မှတ်ထားရှိရမည်။

၃၆။ သုသာန်အုပ်ချုပ်ရေးအဖွဲ့များသည် သက်ဆိုင်ရာကိုးကွယ်သည့် ဘာသာအလိုက် ဓလေ့ထုံးတမ်းအစဉ်အလာအရ သဂြိုဟ်ခြင်းလုပ်ငန်းများမှအပ သင်္ဂြိုဟ်ခြင်းနှင့်သက်ဆိုင်သော စီမံခန့်ခွဲရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကော်မတီ၏ ကြီးကြပ်မှုကို ခံယူရမည်။

၃၇။ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ထားသည့်သုသာန်များတွင်သာ အလောင်းကိုသဂြိုဟ်ရမည်။ ကော်မတီသည် ထူးခြားသောအကြောင်းတစ်စုံတစ်ရာရှိလျှင် သင်္ဂြိုဟ်ရန်သီးခြား နေရာသတ်မှတ်ပေးနိုင်သည်။

၃၈။ ကော်မတီသည် အဓိကကူးစက်မြန်ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါဖြင့် သေဆုံးသည့်အလောင်းကို ကော်မတီက သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ သင်္ဂြိုဟ်ရမည်။

၃၉။ ကော်မတီသည် သဂြိုဟ်ခြင်းကိစ္စအလို့ငှာ အလောင်းသယ်ယာဉ်၊ အလောင်းယာယီထားသည့်အအေးတိုက်နှင့် အသုဘရှုအဆောင်တို့ကို စီမံထားရှိပြီး ထိုက်သင့်သော အခကြေးငွေကို အခါအားလျော်စွာ သတ်မှတ်၍ကောက်ခံ ရယူနိုင်သည်။

၄ဝ။ ကော်မတီသည် နည်းဥပဒေ ၃၉ ပါလုပ်ငန်းများနှင့် သဂြိုဟ်ခြင်းလုပ်ငန်းတို့ကို ကန်ထရိုက်စနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့်ဖြစ်စေ၊ လေလံစနစ်ဖြင့်ဖြစ်စေ လုပ်ကိုင်ခွင့်ပြုနိုင်သည်။

၄၁။ ကော်မတီသည် အလောင်းမီးသဂြိုဟ်၍ ရရှိသောပြာကို အမှတ်တရထိန်းသိမ်းထားရှိလိုသူထံမှသတ်မှတ်ထားသည့် ပြာအိုးစင်ခနှင့် နှစ်စဉ်ထိန်းသိမ်းခတို့ကိုရယူ၍ ပြာများကို သီးသန့်ပြာအိုးစင်တွင် ထိန်းသိမ်းစောင့်ရှောက်ပေးသည့် လုပ်ငန်းကို ဆောင်ရွက်နိုင်သည်။

၄၂။ ကော်မတီသည် မီးသဂြိုဟ်စက်ဖြင့် သင်္ဂြိုဟ်ရာ၌ ပတ်ဝန်းကျင်တွင် နေထိုင်သူများ စိတ်ငြိုငြင်မှုမရှိစေရန် လည်းကောင်း၊ ကျန်းမာရေးကို ထိခိုက်စေမည့်ညှော်နံ့၊ မီးခိုးနှင့် ပြာများ ကင်းရှင်းစေရန်လည်းကောင်းစီမံဆောင်ရွက်ရမည်။

၄၃။ ကော်မတီသည်-

(က) သုသာန်တစ်ခုခု၌ လူအများ၏ကျန်းမာရေးကို ထိခိုက်စေသောအခြေအနေ တစ်ရပ်ရပ်ဖြစ်ပေါ်လာလျှင်ဖြစ်စေ၊ အများပြည်သူအကျိုးငှာ လိုအပ်လာလျှင်ဖြစ်စေ ယင်းသုသာန်ကိုပိတ်သိမ်းခြင်း၊
ဖျက်သိမ်းခြင်း၊ ပြောင်းရွေ့ခြင်း၊ ပြန်လည်ဖွင့်လှစ်အသုံးပြုခြင်းများကို ဆောင်ရွက်နိုင်သည်။

(ခ ) နည်းဥပဒေခွဲ(က)အရ ပိတ်သိမ်းသောသုသာန်မြေကို သင့်လျော်သောလုပ်ငန်းအတွက် အသုံးပြုရန် သတ်မှတ်နိုင်သည်။

(ဂ ) နည်းဥပဒေခွဲ(က)အရ ပိတ်သိမ်းသောသုသာန်မြေအစား သုသာန်မြေအသစ် သတ်မှတ်ပေးနိုင်သည်။

၄၄။ ကော်မတီသည် အကြောင်းအမျိုးမျိုးကြောင့် သဂြိုဟ်မည့်သူမရှိသည့်အလောင်းကို ကော်မတီ၏ကုန်ကျစရိတ်ဖြင့် သဂြိုဟ်ပေးနိုင်သည်။ ထို့ပြင်သဂြိုဟ်စရိတ်မတတ်နိုင်သည့် ကိစ္စရပ်များတွင် လည်း အခမဲ့သဂြိုဟ်ပေးနိုင်သည်။

၄၅။ မြို့တော်နယ်နိမိတ်အတွင်း အသုဘယာဉ်လုပ်ငန်း သို့မဟုတ် ခေါင်းအမျိုးမျိုးပြုလုပ်ခြင်း သို့မဟုတ်ရောင်းချခြင်း လုပ်ငန်းကို လုပ်ကိုင်လိုသူသည် မှတ်ပုံတင်လက်မှတ်ရရှိရန် သတ်မှတ်ချက် များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။

၄၆။ ကော်မတီသည် နည်းဥပဒေ ၄၅ အရ လျှောက်ထားချက်များကို သတ်မှတ်ချက်များနှင့်အညီစိစစ်၍ မှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း သို့မဟုတ် မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခြင်းပြုနိုင်သည်။

၄၇။ နည်းဥပဒေ ၄၆ အရ မှတ်ပုံတင်လက်မှတ်ရရှိသူသည် ေကာ်မတီက သတ်မှတ်ထားသည့် မှတ်ပုံတင် စည်းကမ်းများကို လိုက်နာရမည်။

အခန်း(၇)

တားမြစ်ချက်များ

၄၈။ မည်သူမျှ သာမန်အမှိုက်စွန့်ပစ်ရန် ကော်မတီကစီမံထားရှိသည့်အမှိုက်ပုံး၊ အမှိုက်ကန်၊ အမှိုက်ပုံရန်သတ်မှတ်ထား သည့်နေရာနှင့် အမှိုက်သယ်ယာဉ်မှအပ အခြားနေရာတွင် သာမန်အမှိုက် ကိုစွန့်ပစ်ခြင်းမပြုရ။

၄၉။ မည်သူမျှ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက်အမှိုက်၊စီးပွားရေးလုပ်ငန်း ထွက်အမှိုက်၊ ဆေးရုံစွန့်ပစ်ပစ္စည်းများနှင့် စက်ဆုပ်ဖွယ်အရာများကို ကော်မတီ က သီးသန့်သတ်မှတ်ထားသည့်နေရာမှအပ သာမန်အမှိုက်စွန့်ပစ်ရန်စီမံထားရှိသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန်သတ်မှတ်ထားသည့်နေရာတွင်လည်းကောင်း၊ အခြားနေရာတွင် လည်းကောင်း စွန့်ပစ်ခြင်းမပြုရ။

၅ဝ။ မည်သူမျှ အဆောက်အအုံမြေညီထပ်နှင့် အထက်အလွာအဆင့်ဆင့်မှ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို ရေမြောင်းအတွင်းသို့ဖြစ်စေ၊ အများပြည်သူနှင့်သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ ခြံဝင်းအတွင်းသို့ဖြစ်စေ လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်ခြင်းမပြုရ။

၅၁။ မည်သူမျှ ရေမြောင်းအတွင်းသို့ဖြစ်စေ၊ အများသူနှင့်သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ နောက်ဖေးလမ်းကြား သို့ဖြစ်စေ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကို လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ်ခြင်းမပြုရ။

၅၂။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ထားသည့် အများပြည်သူနှင့်သက်ဆိုင်သောနေရာဒေသ တွင် စည်းကမ်းမဲ့တံတွေး သို့မဟုတ် ကွမ်းတံတွေး မထွေးရ။

၅၃။ မည်သူမျှ အမှိုက်ပုံး၊ အမှိုက်ကန် သို့မဟုတ် အမှိုက်ပုံရန်သတ်မှတ်ထားသောနေရာတွင် ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ တူးခြင်း၊ ဆွခြင်း သို့မဟုတ် ပြန့်ကျဲစေခြင်းမပြုရ။

၅၄။ မည်သူမျှ အမှိုက်ပုံနေရာတွင် စုပုံပြီးသောအမှိုက်ကို မြေဆွေးအဖြစ်ပြောင်းလဲအသုံးပြုရန်ဖြစ်စေ၊ အခြားနည်းအသုံးပြုရန်ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်းမပြုရ။

၅၅။ မည်သူမျှ မိလ္လာအရည်များ၊ စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်မှ စွန့်ပစ်ပစ္စည်းများကိုကော်မတိက သတ်မှတ်ထားသော စံချိန်စံညွန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက် ထားခြင်းမရှိဘဲ ရေမြောင်းများနှင့် မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ်ခြင်း၊ စီးဆင်းစေခြင်းမပြုရ။

၅၆။ မည်သူမျှ သုသာန်တွင် မြေမြှုပ်ထားသော သို့မဟုတ် ဂူသွင်းထားသော အလောင်းကိုတူးဖော်ခြင်းသော် လည်းကောင်း၊ အအေးတိုက်အတွင်းထားရှိသော အလောင်းကို ပြန်လည်ယူဆောင်ခြင်းသော်လည်း ကောင်း ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲ မပြုရ။

၅၇။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲ ဂူကိုဖောက်ထွင်းခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းရွေ့ခြင်းသို့မဟုတ် ပြင်ဆင်ခြင်းမပြုရ။

၅၈။ မည်သူမျှ-

(က) သုသာန်မှအပ အခြားနေရာတစ်ခုခုတွင် အလောင်းကို သဂြိုဟ်ခြင်းမပြုရ။

(ခ) မိမိပိုင် အဆောက်အအုံကို အအေးတိုက်၊ အသုဘရှုအဆောင် သို့မဟုတ် မီးသဂြိုဟ်စက် အဖြစ်တည် ဆောက်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် လုပ်ကိုင်ခြင်း မပြုရ။

၅၉။ မည်သူမျှ ကော်မတီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရှိဘဲ အသုဘယာဉ်လုပ်ငန်း သို့မဟုတ်ခေါင်းအမျိုးမျိုး ပြုလုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။

၆ဝ။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အလောင်းသယ်ယာဉ်များနှင့် အသုဘယာဉ်များကို ကော်မတီက သတ်မှတ်ထားသည့်နေရာမှအပ အခြားနေရာတွင် ထားရှိခြင်းမပြုရ။

၆၁။ မည်သူမျှ ဤနည်းဥပဒေများအရ ကော်မတီက ထုတ်ပြန်သည့်အမိန့်နှင့် ညွန်ကြားချက် တစ်ရပ်ရပ်ကိုလိုက်နာရန် ပျက်ကွက်ခြင်း မရှိစေရ။

၆၂။ မည်သူမဆို ဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်း ခံရမည်။

အခန်း (၈)

အထွေထွေ

၆၃။ ကော်မတီသည် ဤနည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းတာဝန်များကို မိမိလက်အောက်ရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွဲအပ်ဆောင်ရွက် စေနိုင်သည်။

၆၄။ ကော်မတီသည် ဤနည်းဥပဒေများပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သော အမိန့်နှင့်ညွန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာအမှတ်၊ ၁၁ / ၉၉

ရန်ကုန်မြို့၊ ၁၃၆၁ ခုနုစ်၊၊ နတ်တော်လပြည့့််ကျော် ၂ ရက်

( ၁၉၉၉ ခုနုစ်၊၊ ဒီဇင်ဘာလ ၂၄ ရက် )

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြိုကတော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့့်် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လမ်းနှင့် တံတားဆိုင်ရာနည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင်ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) မြို့တော်နယ်နိမိတ် ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ကိုဆိုသည်။

(ခ) လမ်း ဆိုရာတွင် လမ်းမကြီး၊ မြေဖို့လမ်း၊ လမ်းငယ်၊ လမ်းသွယ်၊ လမ်းမြောင်၊ လမ်းကြား၊လူသွားစကြံလမ်း၊ နောက်ဖေးလမ်း၊ လမ်းနှင့်ဆက်စပ်လျက်ရှိသော နယ်နိမိတ်နှင့် လမ်းဘေးရေမြောင်းတို့
ပါဝင်သည်။

(ဂ) လမ်းနယ်သတ် မျဉ်းကြောင်း ဆိုသည်မှာ လမ်းနှင့်ဆက်စပ်နေသည့် လမ်းနယ်နိမိတ်ပြမျဉ်းကြောင်းကို ဆိုသည်။

(ဃ) တံတား ဆိုရာတွင် လူကူးတံတား၊ မီးရထားခုံးကျော်တံတား၊ လူကူးခုံးကျော်တံတား၊ ပိုက်ကျော်တံတား၊ မြောင်းကူးတံတား၊ ချောင်းကူးတံတားနှင့် မြစ်ကူးတံတားတို့ ပါဝင်သည်။

(င) အများပြည်သူဆိုင်ရာလမ်း ဆိုသည်မှာ ကော်မတီက ဖောက်လုပ်ပြီး ပြုပြင်ထိန်းသိမ်းထားသောလမ်းကို ဆိုသည်။ ယင်းစကားရပ်တွင် ကိုယ်ပိုင်လမ်းအဖြစ်မှ အများပြည်သူဆိုင်ရာ လမ်းအဖြစ်သို့
ပြောင်းလဲသတ်မှတ်သည့် လမ်းများလည်း ပါဝင်သည်။

(စ) ကိုယ်ပိုင်လမ်း ဆိုသည်မှာ အများပြည်သူသွားလာအသုံးပြုရန်ဖြစ်စေ၊ ကိုယ်ပိုင်သွားလာအသုံးပြုရန်ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဖောက်လုပ်ထားသောလမ်းကို ဆိုသည်။

(ဆ) ရေမြောင်း ဆိုရာတွင် မြေအောက်ရေမြောင်း၊ ဥမင်လိုဏ်ခေါင်း၊ တူးမြောင်း၊ ရေစီးကြောင်း၊ရေစီးရေလာမြောင်း၊ ရေပုပ်ကန်၊ အနည်ထုတ် ရေပိုက်၊ လေပိုက်ကြီးနှင့် အညစ်အကြေးများ သုတ်သင်ရှင်းလင်းရန်
စီမံပြုလုပ်ထားသည့် ပစ္စည်းကိရိယာတို့ ပါဝင်သည်။

(ဇ) ယာဉ်ဆိုသည်မှာ လမ်းပေါ်တွင် အသုံးပြုနိုင်သော ဘီးတပ်ထားပြီး ပို့ဆောင်ရေးပြုလုပ်နိုင်သည့်အရာကိုဆိုသည်။

(စျ) မော်တော်ယာဉ် ဆိုသည်မှာ လောင်စာဆီတစ်မျိုး မျိုးသို့မဟုတ် စွမ်းအင်တစ်မျိုးမျိုးကို အသုံးပြု၍ မြေပေါ်တွင် ရွေ့လျားသွားလာနိုင်သည့် ယာဉ်နှင့် ယန္တရားများကို ဆိုသည်။

(ည) ဘီးခွန်ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း မှတ်ပုံတင်ထားသော မော်တော်ယာဉ်များအပေါ်မြို့တော်နယ်နိမိတ်အတွင်း မောင်းနှင်သွားလာခြင်းအတွက် ကော်မတီက မော်တော်ယာဉ်အမျိုးအစားအလိုက်
သတ်မှတ်သည့် နှုန်းထားအရ ကောက်ခံသည့် အခွန်ကို ဆိုသည်။

(ဋ) မော်တော်ယာဉ်ညအိပ်ခွန်ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီပိုင် မြေ သို့မဟုတ်အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် ညအိပ်ထားရှိသော မော်တော်ယာဉ်များအပေါ် ကော်မတီက
မော်တော်ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ကောက်ခံသော အခကြေးငွေကိုဆိုသည်။

(ဌ) မော်တော်ယာဉ်ရပ်နားခ ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီပိုင် မြေသို့မဟုတ်အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် ရပ်နားထားခြင်းအတွက် ကော်မတီက မော်တော်ယာဉ်အမျိုးအစားအလိုက်
သတ်မှတ်ကောက်ခံသော အခကြေးငွေကိုဆိုသည်။

(ဍ) ယာဉ်ကြော ဆိုသည်မှာ လမ်းတစ်လျှောက် ယာဉ်တစ်စီးချင်း ရှေ့နောက် ဦးတည်မောင်းနှင်သွားရန် သတ်မှတ်ထားသည့် လမ်းကြောင်းကို ဆိုသည်။

အခန်း (၂)

လမ်းဖောက်လုပ်ခြင်းနှင့်် တံတားတည်ဆောက်ခြင်း

၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အောက်ပါတို့ကို ဆောင်ရွက်နိုင်သည် -

(က) လမ်းဖောက်လုပ်ခြင်း၊ တံတားတည်ဆောက်ခြင်း၊ လမ်းတံတား ပြုပြင်ထိန်းသိမ်းခြင်း၊ လမ်းနယ်သတ်မျဉ်းကြောင်းဖြင့် လမ်းနယ်နိမိတ် သတ်မှတ်ခြင်း၊

(ခ) လမ်းဆုံလမ်းခွများနှင့် ယာဉ်အန္တရာယ်ထူပြောသည့် နေရာများတွင် လူကူးတံတားများ၊ မိုးပျံတံတားများဆောက်လုပ်ခြင်း၊ မြေအောက်လူသွားလမ်းများနှင့် မြေအောက်ယာဉ်သွားလမ်းများဖောက်လုပ်ခြင်း၊

(ဂ) လမ်း၊ တံတားများကို စနစ်တကျ ထိန်းသိမ်းခြင်း ရှိ၊ မရှိ၊ လမ်း၊ တံတားများ ကြံ့ခိုင်မှု ရှိမရှိနှင့်လမ်း၊ တံတားများအပေါ် ကျူးကျော်မှု ရှိ မရှိတို့ကိုအခါအားလျော်စွာ စစ်ဆေးခြင်း၊

(ဃ) ယာဉ်သွားလာမှုနှင့် လမ်းများအခြေအနေ၊ ယာဉ်ကြောပိတ်ဆို့မှုအခြေအနေ၊ ယာဉ်အန္တရာယ်ရှိ မရှိ၊ ယာဉ်အမျိုးအစား၊ ယာဉ်သွားလာမှုနှုန်းတို့ကို သုတေသနပြုခြင်း။

၄။ ကော်မတီသည် နည်းဥပဒေ ၃ပါ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ လုပ်ငန်းအဖြစ်လည်းကောင်း၊ ကန်ထရိုက်စနစ် အဖြစ်လည်းကောင်း ဆောင်ရွက်ခွင့် ရှိသည်။

၅။ ကော်မတီသည် ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်သော လမ်းဖောက်လုပ်ရေး၊ တံတားတည်ဆောက်ရေးနှင့် လမ်း၊ တံတားပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် စာချုပ်ချုပ်ဆို ဆောင်ရွက်ရမည်။ ယင်းသို့ချုပ်ဆိုသည့် စာချုပ်တွင် ပန္နက်ပုံစံ၊ ဆောက်လုပ်မှုပုံစံ၊ အသုံးပြုရမည့်ပစ္စည်းအမျိုးအမည်၊ အမျိုးအစားနှင့်အရေအတွက်စာရင်းများ ပူးတွဲပါရှိစေရမည်။

၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ ကော်မတီက သတ်မှတ်သည့် လမ်းများတွင် နေဝင်ချိန်မှ နေထွက်ချိန်အတွင်း လျှပ်စစ်မီးများ ထွန်းပေးရမည်။ ကိုယ်ပိုင်လမ်းများတွင်လည်း အလားတူ လျှပ်စစ်မီးထွန်းစေရန် သက်ဆိုင်ရာ လမ်းပိုင်ရှင်အားဖြစ်စေ၊ ယင်းလမ်းတွင် နေထိုင်သူများအားဖြစ်စေ ညွန်ကြားနိုင်သည်။

၇။ ကော်မတီသည် အများပြည်သူအကျိုးငှာ လိုအပ်ပါက လမ်းတစ်လမ်းလုံးကိုသော်လည်းကောင်း၊လမ်း၏အစိတ်အပိုင်းကိုသော်လည်းကောင်း ယာယီဖြစ်စေ၊ အမြဲတမ်းဖြစ်စေ ပိတ်ပိုင်ခွင့် ရှိသည်။

၈။ ကော်မတီသည် နည်းဥပဒေ ၇ အရ ဆောင်ရွက်ရာတွင် -

(က) လမ်းကို အမြဲတမ်းပိတ်ရန် ဆုံးဖြတ်ချက်မချမီ တစ်လကြိုတင်၍ လမ်းကိုပိတ်မည့်အကြောင်း၊ပိတ်မည့်အတိုင်းအတာနှင့် ပိတ်ရသည့်အကြောင်းရင်းတို့ကို အများပြည်သူတို့ သိရှိစေရန် ပိတ်မည့်လမ်းနှင့်
ယင်းလမ်းတည်ရှိသည့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့တွင်ကြေညာရမည်။ အဆိုပါကြေညာချက်အရ အများပြည်သူက စာဖြင့်ကန့်ကွက်ခဲ့လျှင် ယင်းကန့်ကွက်စာကို ဦးစွာ စိစစ်ပြီးမှသာ လမ်းကို
ပိတ်သင့် မသင့် ဆုံးဖြတ်ချက်ချမှတ်ရမည်။

(ခ) ပိတ်ပြီးဖြစ်သော လမ်းမြေနေရာကို လိုအပ်သလို စီမံခန့်ခွဲခွင့်ရှိသည်။

၉။ ကော်မတီသည် ယာဉ်အသွားအလာနှင့် အများပြည်သူတို့၏ သွားလာမှုကို ထိခိုက်ခြင်းမရှိစေဘဲအများပြည်သူဆိုင်ရာလမ်းကို အကြောင်းကိစ္စတစ်ရပ်ရပ်အတွက် အသုံးပြုလိုသူအား သတ်မှတ်ချက်များနှင့်အညီ ခေတ္တအသုံးပြုရန် ခွင့်ပြုနိုင်သည်။ လမ်းပျက်စီးပါက ကော်မတီက သတ်မှတ်သည့်တန်ဖိုးကို အသုံးပြုသူက ပေးလျော်ရမည်။

၁ဝ။ ကော်မတီသည် သတ်မှတ်သည့် နယ်မြေအတွင်း နောက်ဖေးလမ်းများကို ပြုပြင်ထိန်းသိမ်းရမည်။နောက်ဖေးလမ်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်းသည့် နည်းလမ်းများကို သတ်မှတ်ထားရှိရမည်။

၁၁။ ကော်မတီသည် အများပြည်သူအကျိုးငှာ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းများနှင့် စပ်လျဉ်း၍ ကျဉ်းမြောင်းလွန်းသော လမ်းများကို တိုးချဲ့ရန်နှင့် ကွေ့ကောက်လွန်းသော လမ်းမျာကိုဖြောင့်ရန် စီစဉ်ဆောင်ရွက်နိုင်သည်။

၁၂။ ကော်မတီသည် နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(က)၊ နည်းဥပဒေခွဲ(ခ) သို့မဟုတ် နည်းဥပဒေ ၁၁ အရ ဆောင်ရွက်ရာတွင်-

(က) လိုအပ်သည့်မြေကိုတိုင်းတာပြီး တည်ဆဲဥပဒေနှင့်အညီ သိမ်းယူရန် သက်ဆိုင်ရာဌာနနှင့်ညှိနှိုင်းဆောင်ရွက်နိုင်သည်။

(ခ) မလွတ်ကင်းသော အဆောက်အအုံများကို တည်ဆဲဥပဒေနှင့်အညီ ဖယ်ရှားနိုင်သည်။

(ဂ) ဖယ်ရှားပေးရသော အဆောက်အအုံအတွက် ထိုက်သင့်သည့် လျော်ကြေးကို ကော်မတီ၏ရန်ပုံငွေမှ ကျခံခွင့်ပြုနိုင်သည်။

အခန်း (၃)

ရေ မြောင်း များ

၁၃။ ကော်မတီသည် မိမိပိုင်ရေမြောင်းအားလုံးကိုဖြစ်စေ၊ အချို့တဝက်ကိုဖြစ်စေ ရန်ကုန်မြစ်၊ လှိုင်မြစ်၊ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်းအတွင်းသို့ စွန့်ထုတ်ခွင့်ရှိသည်။ ထို့ပြင် ယင်းရေမြောင်းများကို မြို့တော်နယ်နိမိတ်အတွင်း၌ဖြစ်စေ၊ အပြင်၌ဖြစ်စေ သင့်လျော်သောနေရာ၌ စွန့်ထုတ်နိုင်သည်။ မြို့တော်နယ်နိမိတ်အပြင်၌စွန့်ထုတ်သည့်အခါ သက်ဆိုင်ရာဒေသရှိ စည်ပင်သာယာရေးအဖွဲ့များနှင့် ကြိုတင်ညှိနှိုင်းရမည်။

၁၄။ ကော်မတီသည် မိမိပိုင်ရေမြောင်းများကို တိုးချဲ့ခြင်း၊ ရေမြောင်းပေါ်တွင် တံတားဆောက်လုပ်ခြင်းနှင့်ရေမြောင်းကို ရေစီးရေလာကောင်းမွန်စေရန် စီမံခြင်းတို့ကို ဆောင်ရွက်ရမည်။ ထို့အပြင် လမ်းပေါ်ရေလျှံမှုများ ပပျောက်ရေးအတွက် လိုအပ်သော အစီအမံများကို ချမှတ်ဆောင်ရွက်ရမည်။

၁၅။ ကော်မတီသည် အသုံးပြုရန် မလိုအပ်သည့်ရေမြောင်းများကို ဖြတ်တောက်ခြင်း၊ ပိတ်ဆို့ခြင်း သို့မဟုတ်မြေဖို့ခြင်း ပြုနိုင်သည်။

၁၆။ ကော်မတီသည် တစ်ဦးတစ်ယောက်သောသူက ၎င်းပိုင်နယ်မြေအတွင်းရှိ ရေမြောင်းကို လွဲပြောင်းပေးရန် လျှောက်ထားလာပါက အများပြည်သူအကျိုးနှင့် ရေစီးရေလာကို မထိခိုက်လျှင် ယင်းရေမြောင်းကိုသင့်လျော်သလို လွဲပြောင်းစီးဆင်းစေနိုင်သည်။ ထိုသို့လွဲပြောင်း စီးဆင်းစေခြင်းအတွက် ကုန်ကျစရိတ်ကိုလျှောက်ထားသူက ကျခံရမည်။

၁၇။ ကော်မတီသည် အဆောက်အအုံတစ်ခုခုမှ မိုးရေ၊ အိမ်သုံးရေတို့ကို ရေမြောင်းများအတွင်းသို့ စီးဝင်စေရန်အတွက် သီးခြားရေမြောင်းဖောက်လုပ်ထားရှိရန် အဆောက်အအုံပိုင်ရှင်ကိုဖြစ်စေ၊ နေထိုင်အသုံးပြုသူကိုဖြစ်စေ ညွှန်ကြားနိုင်သည်။ အဆောက်အအုံပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် ကော်မတီက ထုတ်ပြန်သော ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

၁၈။ ကော်မတီသည် ရေစီးရေလာကောင်းမွန်စေရေးအတွက် တစ်ဦးတစ်ယောက်ပိုင် ခြံဝင်းအတွင်း ရေမြောင်း ဖောက်လုပ်ရန် လိုအပ်ပါက ယင်းခြံဝင်းအတွင်း၌ ရေမြောင်းဖောက်လုပ်ခွင့်ရှိသည်။ လိုအပ်ပါက ယင်းမြေကို သိမ်းယူနိုင်ရေးအတွက် တည်ဆဲဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်သည်။

အခန်း (၄)

လမ်းများ

၁၉။ မည်သူမဆို ကိုယ်ပိုင်လမ်းကို ဖောက်လုပ်လိုပါက သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထား ရမည်။

၂ဝ။ ကော်မတီသည် ကိုယ်ပိုင်လမ်းဖောက်လုပ်ရာတွင် လိုက်နာရမည့် စည်းကမ်းများကို ထုတ်ပြန်ထားရှိရမည်။

၂၁။ ကိုယ်ပိုင်လမ်းတစ်လမ်းကို ကော်မတီက ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ ဖောက်လုပ်ပြီးစီး ပါက ယင်းလမ်းကို အများပြည်သူဆိုင်ရာလမ်းအဖြစ် သတ်မှတ်ပေးရန် ထိုလမ်းပိုင်ရှင်ကဖြစ်စေ၊ ထိုလမ်းရှိ အဆောက်အအုံပိုင်ရှင်များကဖြစ်စေ ကော်မတီသို့ လျှောက်ထားနိုင်သည်။ ကော်မတီသည် ယင်းလျှောက်ထား ချက်ကို သက်ဆိုင်ရာလမ်းနေ အများပြည်သူတို့ သိရှိနိုင်ရန် ကြေညာရမည်။

၂၂။ ကော်မတီသည် နည်းဥပဒေ ၂၁ အရ ထုတ်ပြန်သည့် ကြေညာချက်အပေါ် ကန့်ကွက်သူမရှိပါက ယင်း ကိုယ်ပိုင်လမ်းကို အများပြည်သူဆိုင်ရာလမ်းအဖြစ် သတ်မှတ်နိုင်သည်။ ကန့်ကွက်သူရှိပါက ယင်းကန့်ကွက် ချက်ကို ဦးစွာစိစစ်ပြီးမှသာ ယင်းလမ်းကို အများပြည်သူဆိုင်ရာလမ်းအဖြစ် သတ်မှတ်ရန် သင့်၊ မသင့် ဆုံးဖြတ်ချက် ချမှတ်ရမည်။ ကော်မတီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ရမည်။

၂၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းများနှင့် ကိုယ်ပိုင်လမ်းများကို လမ်းအမည်၊ လမ်းအမှတ်များပေးရမည်။ ပေးထားပြီးဖြစ်သော လမ်းအမည်များနှင့် လမ်းအမှတ်များကို ပြင်ဆင် နိုင်သည်။ ထိုသို့လမ်းအမည်၊ လမ်းအမှတ်ပေးခြင်း၊ ပြင်ဆင်ခြင်းများကို အများပြည်သူသိရှိစေရန် ကြေညာ ရမည်။

၂၄။ ကော်မတီသည် လမ်းအမည်၊ လမ်းအမှတ်များကို လမ်းထောင့်နှင့် လမ်းအဝင်တစ်ဖက်တစ်ချက် မြင်သာသည့် နေရာ၌ စနစ်တကျတပ်ဆင်ထားရမည်။

အခန်း (၅)

ယာဉ်များ

၂၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်များအတွက် မော်တော်ယာဉ်အမျိုးအစာအလိုက် ကောက်ခံမည့် ဘီးခွန်၊ မော်တော်ယာဉ် ညအိပ်ခွန်းနှင့် မော်တော်ယာဉ်ရပ် နားခများကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်းပြုနိုင်သည်။

၂၆။ ကော်မတီသည် နည်းဥပဒေ ၂၅ အရ သတ်မှတ်သော ဘီးခွန်၊ မော်တော်ယာဉ် ညအိပ်ခွန်နှင့် မော်တော်ယာဉ်ရပ်နားခများကို စည်းကြပ်နိုင်သည်။ ယင်းသို့ စည်းကြပ်သည့် အခွန်များကို ကောက်ခံရန် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး ဆောင်ရွက်စေနိုင်သည်။

၂၇။ မည်သူမဆို မိမိပိုင်သော သို့မဟုတ် မိမိလက်ဝယ်ရှိသော မော်တော်ယာဉ်နှင့် စပ်လျဉ်း၍ သတ်မှတ်ထားသော ဘီးခွန်၊ မော်တော်ယာဉ်ညအိပ်ခွန်နှင့် မော်တော်ယာဉ်ရပ်နားခများကို ပေးဆောင်ရန် တာဝန်ရှိသည်။

၂၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မှတ်ပုံတင်သည့် မော်တော်ယာဉ်အဟောင်းများကို သက်တမ်း ကြာမြင့်သည့် နှစ်အလိုက် တစ်နှစ်ထက်တစ်နှစ် ဘီးခွန်ပိုမိုစည်းကြပ်နိုင်သည်။

၂၉။ မော်တော်ယာဉ်အတွက် ဘီးခွန်၊ မော်တော်ယာဉ်ညအိပ်ခွန်နှင့် မော်တော်ယာဉ်ရပ်နားခပေးဆောင်ရန် သတ်မှတ်သည့် သက်တမ်းကာလသည် မော်တော်ယာဉ်မှတ်ပုံတင်သက်တမ်းနှင့်အညီ ဖြစ်သည်။

၃ဝ။ ကော်မတီသည် ဘီးခွန်၊ မော်တော်ယာဉ်ညအိပ်ခွန်နှင့် မော်တော်ယာဉ်ရပ်နားခစည်းကြပ်ရာတွင် အောက်ပါ အချက်များနှင့်အညီ ဆောင်ရွက်နိုင်သည် -

(က) ဌာနဆိုင်ရာ မော်တော်ယာဉ်အဖြစ်မှ လေလံဆွဲဝယ်ယူရရှိပြီး ပုဂ္ဂလိကပိုင် မော်တော်ယာဉ်အဖြစ် မှတ်ပုံတင်ပြီးချိန်မှစ၍ စည်းကြပ်ခြင်း၊

(ခ) မှတ်ပုံတင်အဖွဲ့တွင် မူလမော်တော်ယာဉ် အမျိုးအစားမှ အခြားအမျိုးအစား တစ်ခုသို့ ပြောင်းလဲ မှတ်ပုံတင်သည့် အချိန်မှစ၍ စည်းကြပ်ခြင်း။

၃၁။ ကော်မတီသည် အောက်ဖော်ပြပါ ယာဉ်များအတွက် ဘီးခွန်၊ မော်တော်ယာဉ်ညအိပ်ခွန်နှင့် မော်တော်ယာဉ် ရပ်နားခများကို ကင်းလွတ်ခွင့်ပြုနိုင်သည် -

(က) ကော်မတီပိုင် မော်တော်ယာဉ်များ၊

(ခ) သံတမန်အဖွဲ့ပိုင် မော်တော်ယာဉ်များ၊

(ဂ) အစိုးရဌာန၊ အဖွဲ့အစည်းပိုင် မော်တော်ယာဉ်များ၊

(ဃ) သူနာတင်မော်တော်ယာဉ်များ၊ မီးသတ်မော်တော်ယာဉ်များ၊

(င) စည်ပင်သာယာလုပ်ငန်းများ သို့မဟုတ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကိစ္စများကို ဆောင်ရွက်ပေးရကြောင်း ကော်မတီ၏ ရုံးအကြီးအကဲက ထောက်ခံချက်ပေးသော ပုဂ္ဂလိကပိုင် မော်တော်ယာဉ်များ၊

(စ) မြို့တော်အတွင်းရက်ပေါင်း ၉ဝ ထက်မပိုသော ကာလအတွက်သာ အသုံးပြုရန် ကမ္ဘာလှည့်ခရီးသည်များ တင်သွင်းလာသော မော်တော်ယာဉ်များ။

၃၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း လမ်းများတွင် မောင်းနှင်ရမည့် မော်တော်ယာဉ်အမျိုးအစားနှင့် တန်ချိန်ကို သတ်မှတ်နိုင်သည်။

၃၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အလို့ငှာ အောက်ဖော်ပြပါ လုပ်ငန်းများကို ဆောင်ရွက်ရမည်-

(က) အချက်ပြမီးပွိုင့်များ လိုအပ်သလို တပ်ဆင်ခြင်း၊ ဖြုတ်သိမ်းခြင်း၊

(ခ) လိုအပ်သည့် နေရာတွင် အသိပေး အချက်ပြမီးဝါများ တပ်ဆင်ခြင်း၊

(ဂ) လမ်းညွှန်ဆိုင်းဘုတ် သင်္ကေတများ စိုက်ထူခြင်း၊

(ဃ) လမ်းပေါ်တွင် လမ်းကြောင်းပြ ဆေးရေးအမှတ်အသားများ ရေးဆွဲသတ်မှတ်ခြင်း၊

(င) ယာဉ်မဝင်ရ၊ တစ်လမ်းမောင်း၊ ယာဉ်မရပ်ရနေရာများ သတ်မှတ်ခြင်း၊

(စ) မော်တော်ယာဉ်ရပ်နားခ သတ်မှတ်၍ အချိန်ပိုင်းအလိုက် ကောက်ခံသည့် ကန့်သတ်နယ်မြေ သတ်မှတ်ခြင်း နှင့် မော်တော်ယာဉ်ရပ်နားခ ကောက်ခံခြင်း၊

(ဆ) ယာဉ်မရပ်ရ ကန့်သတ်နယ်မြေ သတ်မှတ်ခြင်း၊

(ဇ) ခရီးသည် ယာဉ်များအတွက် ရပ်နားရန်နေရာများ သတ်မှတ်ခြင်း၊

(စျ) သတ်မှတ်ကုန်ချိန်ထက်ပိုသော ယာဉ်များမဝင်ရသည့် လမ်းများ သတ်မှတ်ခြင်း၊

(ည) အနှေးယာဉ်များ မဝင်ရသည့်နယ်မြေနှင့် လမ်းများသတ်မှတ်ခြင်း၊

(ဋ) ယာဉ်အရှိန်နှုန်း ကန့်သတ်ခြင်း။

၃၄။ ကော်မတီသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အလို့ငှာ မြို့တော် နယ်နိမိတ်တစ်ခုလုံးအတွက်ဖြစ်စေ၊ မြို့နယ်အလိုက်ဖြစ်စေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့များကို အခါအားလျော်စွာ ဖွဲ့စည်းပေးနိုင်သည်။

၃၅။ ကော်မတီသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များကို လိုအပ်သလို ပံ့ပိုးကူညီ နိုင်သည်။

၃၆။ ကော်မတီသည် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ကရရှိသော ဒဏ်ငွေများကို သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ စီမံခန့်ခွဲနိုင်သည်။

၃၇။ ကော်မတီသည် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် တည်ဆဲမော်တော်ယာဉ်ဉပဒေ၊ နည်းဉပဒေများနှင့် မဆန့်ကျင်စေဘဲ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သတ်မှတ်နိုင်သည်။

၃၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မော်တော်ယာဉ်လိုင်းများနှင့် နယ်မှမြို့တော်နယ်နိမိတ် အတွင်းသို့ ဝင်ရောက်လာသော မော်တော်ယာဉ်လိုင်းများကို ခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်း၊ ယာဉ်ရပ်နားရန်နေရာ များ သတ်မှတ်ပေးခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်နိုင်သည်။

အခန်း (၆)

တားမြစ်ချက်များ

၃၉။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်း သို့မဟုတ် တံတားကို ပိတ်ဆို့ခြင်း၊ ဖျက်ဆီးခြင်း၊ ဖြိုဖျက်ခြင်း၊ ပိုင်းဖြတ်ခြင်း သို့မဟုတ် ညစ်ညမ်းစေခြင်း မပြုရ။

၄ဝ။ မည်သူမျှ ကော်မတီက သတ်မှတ်သည့် ဒေသအတွင်းရှိလမ်းနှင့် သတ်မှတ်သည့် လမ်းများပေါ်တွင် အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို မပြုလုပ်ရ-

(က) ကျွဲ၊ နွား၊ ဆင်၊ မြင်း၊ မြည်း၊ လား၊ သိုး၊ ဆိတ်၊ ဝက်ကို မောင်းနှင်ခြင်း၊ ဆွဲငင်ခြင်း၊ စီးနင်းခြင်း၊ ချည်ထားခြင်း သို့မဟုတ် ထိန်းကျောင်းခြင်း၊

(ခ) သဲ၊ မြေကြီး၊ ရွှံ့၊ ကျောက်စရစ်၊ ကျောက်ခဲ၊ အုတ်၊ အုတ်ကျိုး၊ အုတ်ပဲ့၊ သစ်တိုသစ်စ၊ လွှစာမှုန့်၊ ကောက်ရိုး၊ တိရစ္ဆာန်ချေး၊ ညစ်ညမ်းသည့်အရည် သို့မဟုတ် ပစ္စည်း စသည်တို့ကို စွန့်ပစ်ခြင်း သို့မဟုတ်
ဖိတ်စင်စေခြင်း၊

(ဂ) ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကုန်ပစ္စည်းများကို ရောင်းချရန်ခင်းကျင်းခြင်း သို့မဟုတ် ပြုပြင်မွမ်းမံရန် နေလှန်းခြင်း။

၄၁။ မည်သူမျှ ကော်မတီက သတ်မှတ်သည့် လမ်းပေါ်တွင် အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို မပြုလုပ်ရ-

(က) ကျင်ကြီးစွန့်ခြင်း၊ ကျင်ငယ်စွန့်ခြင်း သို့မဟုတ် ရေချိုးခြင်း၊

(ခ) စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်း သို့မဟုတ် အမှိုက်ပစ်ခြင်း၊

(ဂ) ယာဉ်များကို ရေဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ညအိပ်ရပ်နားခြင်း၊

(ဃ) ကစားခြင်း၊ စွန်လွှတ်ခြင်း။

၄၂။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီက သတ်မှတ်သည့်လမ်းတွင် မောင်းနှင်ခွင့်မပြုသော မော်တော်ယာဉ်အမျိုးအစားကိုဖြစ်စေ၊ ခွင့်ပြုသည့် ဝန်ချိန်ထက်ပိုသော မော်တော်ယာဉ်ကို ဖြစ်စေမောင်းနှင်းခြင်း မပြုရ။

၄၃။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်းအပေါ်အုပ်မိုး၍ဖြစ်စေ၊ အစွန်းထွက်၍ ဖြစ်စေ အဆောက်အအုံဆောက်လုပ်ခြင်း မပြုရ။

၄၄။ မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ သို့မဟုတ် အိမ်ထောင်ပရိဘောဂများ စုပုံထားခြင်းမပြုရ။

၄၅။ မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ လမ်းအောက်ကဖြစ်စေ၊ လမ်းအပေါ်က ဖြစ်စေ လူကူးလမ်းဖောက် လုပ်ခြင်းမပြုရ။

၄၆။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်လမ်း ဖောက်လုပ်ခြင်း မပြုရ။

၄၇။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီက တပ်ဆင်ထားသော လမ်းအမည်နှင့် လမ်းအမှတ် များကို ဖျက်ဆီးခြင်း၊ ရွှေ့ပြောင်းတပ်ဆင်ခြင်း သို့မဟုတ် အခြားအမည်ကို ပြောင်းလဲရေးသား၍ တပ်ဆင်ခြင်း မပြုရ။

၄၈။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင် ရေမြောင်းကိုဖြစ်စေ၊ မြေအောက်ရေမြောင်းကို ဖြစ်စေ၊ သဘာဝအလျောက် ရှိပြီးသားရေစီးကြောင်း ရေမြောင်းကိုဖြစ်စေ တစ်နည်းနည်းဖြင့် ပိတ်ဆို့ခြင်း၊ ရေစီးရေလာကို အနှောင့်အယှက်ဖြစ်စေခြင်း၊ မြေဖို့ခြင်း သို့မဟုတ် လွှဲပြောင်းစီးဆင်းစေခြင်းမပြုရ။

၄၉။ မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း မော်တော်ယာဉ်လိုင်း အသစ်ဖွင့်လှစ် တည်ထောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း မပြုရ။

၅ဝ။ မည်သူမျှ ဤနည်းဥပဒေများအရ ကော်မတီက ထုတ်ပြန်သည့် အမိန့်နှင့် ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ခြင်း မရှိစေရ။

၅၁။ မည်သူမဆို ဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ အရေးယူခြင်းခံရမည်။

အခန်း (၇)

အထွေထွေ

၅၂။ ကော်မတီသည် ဤနည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းတာဝန်များကို မိမိလက်အောက်ရှိ သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

၅၃။ ကော်မတီသည် ဤနည်းဥပဒေများပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာအမှတ် ၁၂/၉၉

ရန်ကုန်မြို့၊ ၁၃၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်

(၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ယာဉ်၊ ကူးတို့၊ ပွဲရုံနှင့် ပုဂ္ဂလိက ငွေချေးလုပ်ငန်းများ အခွန်စည်းကြပ်ခြင်းနှင့် ကောက်ခံခြင်းဆိုင်ရာ နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့အပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) မြို့တော်နယ်နိမိတ် ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ကိုဆိုသည်။

(ခ) အခွန်ဆိုသည်မှာ ဤနည်းဥပဒေများအရ ယာဉ်၊ ကူးတို့၊ ပွဲရုံနှင့်ပုဂ္ဂလိက ငွေချေးလုပ်ငန်းများအတွက် ကောက်ခံသောငွေကိုဆိုသည်။

(ဂ) မော်တော်ယာဉ် ဆိုသည်မှာ လောင်စာဆီတစ်မျိုးမျိုး သို့မဟုတ် စွမ်းအင်တစ်မျိုးမျိုးကို အသုံးပြု၍ မြေပြင်ပေါ်တွင် ရွေ့လျားသွားလာနိုင်သည့် ယာဉ်နှင့်ယန္တရားများကို ဆိုသည်။

(ဃ) မြို့ဝင်ကြေး ဆိုသည်မှာ ကော်မတီသို့ ဘီးခွန်ထမ်းဆောင်ခြင်းမရှိသော မော်တော်ယာဉ်များ မြို့တော် နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာသည့်အခါ ကောက်ခံသော အခကြေးငွေကိုဆိုသည်။

(င) မော်တော်ယာဉ်ညအိပ်ခွန် ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ထားသော စည်ပင်သာယာပိုင် ယာဉ်ရပ်နားစခန်းတွင် မော်တော်ယာဉ် ညအိပ်ထားရှိခြင်းအတွက် ကော်မတီက
မော်တော်ယာဉ် အမျိုးအစားအလိုက် သတ်မှတ်ကောက်ခံသော အခကြေးငွေကို ဆိုသည်။

(စ) မော်တော်ယာဉ်ရပ်နားခ ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ထားသော စည်ပင်သာယာပိုင် ယာဉ်ရပ်နားစခန်းတွင် မော်တော်ယာဉ် ရပ်နားထားခြင်းအတွက် ကော်မတီက မော်တော်ယာဉ်
အမျိုးအစားအလိုက် သတ်မှတ်ကောက်ခံသော အခကြေးငွေကို ဆိုသည်။

(ဆ) ဝန်မပါအလေးချိန် ဆိုသည်မှာ မော်တော်ယာဉ်ပေါ်တွင် လူနှင့် ကုန်ပစ္စည်းများမပါသည့် မော်တော်ယာဉ်၏ အလေးချိန်ကို ဆိုသည်။ ယင်းစကားရပ်တွင် မော်တော်ယာဉ်၌ တပ်ဆင်ထားသည့် လောင်စာဆီအပြည့်
တိုင်ကီ၊ အရန်ဘီးနှင့်ကိရိယာပစ္စည်းများ၏ အလေးချိန်များလည်း ပါဝင်သည်။

(ဇ) ဝန်ပါအလေးချိန် ဆိုသည်မှာ မော်တော်ယာဉ်၏ ဝန်မပါအလေးချိန်နှင့် မော်တော်ယာဉ်ပေါ်တွင် လူနှင့်ကုန်ပစ္စည်းများ၏ အလေးချိန် နှစ်ရပ်ပေါင်းကို ဆိုသည်။

(စျ) တန်ပို ဆိုသည်မှာ မော်တော်ယာဉ်တွင် သတ်မှတ်ခွင့်ပြုထားသော ဝန်အလေးချိန်ထက် ပိုမိုတင်ဆောင် ထားသည့် ဝန်အလေးချိန်ကို ဆိုသည်။

(ည) ယာဉ်တန်ပိုကြေး ဆိုသည်မှာ မော်တော်ယာဉ်မှတ်ပုံတင်အရ သတ်မှတ်ထားသည့် ဝန်အလေးချိန် သို့မဟုတ် လမ်းမကြီးအလိုက် သတ်မှတ်သည့် ဝန်အလေးချိန်ထက်ပို၍ တင်ဆောင်လာသည့်
ဝန်အလေးချိန်ပေါ်တွင် ကော်မတီက ဝန်အလေးချိန်အလိုက် သတ်မှတ်ကောက်ခံသည့်ငွေကို ဆိုသည်။

(ဋ) ရွေ့လျားချိန်စက် ဆိုသည်မှာ နေရာတစ်နေရာတည်းတွင် မူသေတပ်ဆင်ချထားခြင်းမပြုဘဲ လမ်းများ ပေါ်တွင် လွယ်ကူစွာ ရွှေ့ပြောင်းနေရာချပြီး မော်တော်ယာဉ်များကို လွယ်ကူလျင်မြန်စွာ ချိန်တွယ်ပေးနိုင်သည့်
ဝန်ချိန်စက်ကို ဆိုသည်။

(ဌ) အနှေးယာဉ် ဆိုသည်မှာ လူ သို့မဟုတ် ကုန်ပစ္စည်းသယ်ပို့ပေးရန် လူအား သို့မဟုတ် တိရစ္ဆာန်အားကို အသုံးပြုသော ဘီးတပ်ယာဉ်ကို ဆိုသည်။

(ဍ) အနှေးယာဉ်မောင်းသူ ဆိုသည်မှာ အနှေးယာဉ်ကိုနင်းသူ၊ တွန်းသူ၊ ဆွဲသူ၊ မောင်းသူကိုဆိုသည်။

(ဎ) အနှေးယာဉ်မှတ်ပုံတင်ကြေး ဆိုသည်မှာ ကော်မတီက မှတ်ပုံတင်ခွင့်ပြုထားသည့် အနှေးယာဉ် တစ်မျိုးမျိုး၏ သတ်မှတ်ထားသော မှတ်ပုံတင်လက်မှတ် သက်တမ်းကာလ တစ်ခုအတွက် ပေးဆောင်ရသော
ငွေကိုဆိုသည်။

(ဏ) အနှေးယာဉ်မောင်းလိုင်စင်ခ ဆိုသည်မှာ ကော်မတီက လိုင်စင်ထုတ်ပေးထားသည့် အနှေးယာဉ်မောင်းသူ၏ သတ်မှတ်လိုင်စင် သက်တမ်းကာလတစ်ခုအတွက် ပေးဆောင်ရသောငွေကိုဆိုသည်။

(တ) ပွဲရုံ ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ထားသော ပစ္စည်းအမျိုး အစား အလိုက် သိုလှောင်ခြင်း၊ လက်လီလက်ကား ရောင်းဝယ်ခြင်းပြုလုပ်ရန် သတ်မှတ်ပေးထားသည့် အဆောက်အအုံ
သို့မဟုတ် နေရာကို ဆိုသည်။

(ထ) ကုန်တင်ယာဉ်ရပ်နားစခန်း ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ကုန်တင်ယာဉ်များ သတ်မှတ်အခွန်၊ အခ ပေးဆောင်၍ တစ်နေရာတည်း၌ ဝင်ရောက်ရပ်နားစုစည်းပြီး ညအိပ်ထားရှိနိုင်စေရန် ကော်မတီက
သတ်မှတ်ပေးထားသော နေရာကိုဆိုသည်။

(ဒ) ခရီးသည်တင်ယာဉ်ရပ်နားစခန်း ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ခရီးသည်များ တစ်နေရာတည်းမှ ဒေသအသီးသီးသို့ လွယ်ကူစွာ မော်တော်ယာဉ်စီးနင်းသွားလာနိုင်စေရန် ကော်မတီက
သတ်မှတ်ပေးထားသော နေရာကို ဆိုသည်။

(ဓ) ယာဉ်ရောင်းဝယ်ရေးစခန်း ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း မော်တော်ယာဉ်များ စနစ်တကျ ရောင်းဝယ်နိုင်ရန် ကော်မတီက သတ်မှတ်ပေးထားသော နေရာကိုဆိုသည်။

(န) ယာဉ်မောင်းသင်ကွင်း ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း မော်တော်ယာဉ်အမောင်းသင်ရန် ကော်မတီက သတ်မှတ်ပေးထားသော နေရာကိုဆိုသည်။

(ပ) ကူးတို့ ဆိုသည်မှာ ရေပြင်တစ်ဖက်ကမ်းမှ အခြားတစ်ဖက်ကမ်းသို့ ကူးသန်းသွားလာရန် ကော်မတီက သတ်မှတ်ထားသည့် နေရာကိုဆိုသည်။

(ဖ) ကူးတို့လုပ်ငန်း ဆိုသည်မှာ မြစ်၊ ချောင်း သို့မဟုတ် အင်းများတွင် လူ၊ ကုန်ပစ္စည်း၊ တိရစ္ဆာန်၊ မော်တော်ယာဉ် နှင့် အနှေးယာဉ်များကို အခကြေးငွေယူ၍ ရေယာဉ်ဖြင့် သယ်ယူပို့ဆောင်သည့် အများပြည်သူဆိုင်ရာ
ကူးတို့လုပ်ငန်းကို ဆိုသည်။ ယင်းစကားရပ်တွင် ကူးတို့၊ တံတား၊ ကူးတို့ဆိပ်ခံ၊ ကူးတို့ဆိပ်တို့လည်း ပါဝင်သည်။

(ဗ) ကူးတို့ခွန် ဆိုသည်မှာ ကူးတို့ရေယာဉ်လုပ်ငန်းကို ကော်မတီကဖြစ်စေ၊ ကူးတို့လုပ်ငန်း လိုင်စင်ရသူက ဖြစ်စေ ကမ်းကပ်ခြင်း၊ ပစ္စည်းစုပုံခြင်း၊ လူနှင့်တိရစ္ဆာန် အတက်အဆင်း
ပြုလုပ်ခြင်းနှင့်ပစ္စည်းတင်ချခြင်းတို့အပေါ် ကောက်ခံသော အခကြေးငွေကိုဆိုသည်။

(ဘ) ကော်မတီပိုင်ကူးတို့နယ်နိမိတ် ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း မည်သည့် မြစ်၊ ချောင်း၊ အင်းတို့၏ ကမ်းနှစ်ဖက်စလုံးတွင် အမြင့်ဆုံး ဒီရေတက်ချိန်၌ မြစ်ရေရောက်ရှိသည့် နေရာမှ ကုန်းတွင်းဘက်သို့ ပေ
၁၅ဝ အတွင်း သတ်မှတ်သော မြေနေရာကိုဆိုသည်။

(မ) ရေယာဉ် ဆိုသည်မှာ လှေ၊ သမ္ဗာန်၊ တုံကင်းကဲ့သို့သော စက်မဲ့ရေယာဉ်၊ ဖောင်အမျိုးမျိုး၊ သင်္ဘော နှင့် စက်တပ်ရေယာဉ်များကို ဆိုသည်။

(ယ) ပုဂ္ဂလိကငွေချေးလုပ်ငန်း ဆိုသည်မှာ ကော်မတီက ထုတ်ပေးသည့် လိုင်စင်ဖြင့် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းကို အာမခံအဖြစ် လက်ခံ၍ ငွေထုတ်ချေးသော လုပ်ငန်းကိုဆိုသည်။

(ရ) လိုင်စင် ဆိုသည်မှာ ဤနည်းဥပဒေများအရ လုပ်ငန်းလုပ်ကိုင်ရန် ကော်မတီက ထုတ်ပေးထားသော ခွင့်ပြုချက် လက်မှတ်ကို ဆိုသည်။

အခန်း (၂)

အခွန်စည်းကြပ်ခြင်းနှင့် ကောက်ခံခြင်း

၃။ ကော်မတီသည် အောက်ပါအခွန်များကို စည်းကြပ်ကောက်ခံနိုင်သည် -

(က) မြို့ဝင်ကြေး၊

(ခ) မော်တော်ယာဉ်ညအိပ်ခွန်၊

(ဂ) မော်တော်ယာဉ်ရပ်နားခ၊

(ဃ) ယာဉ်တန်ပိုကြေး၊

(င) အနှေးယာဉ် မှတ်ပုံတင်ကြေးနှင့် အနှေးယာဉ်မောင်း လိုင်စင်ခ၊

(စ) ကူးတို့ခွန်။

၄။ ကော်မတီသည် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ်၌လည်းကောင်း၊ အဖွဲ့အစည်းတစ်ရပ်ရပ်အပေါ်၌လည်းကောင်း၊ ယာဉ်တစ်မျိုးမျိုးအပေါ်၌လည်းကောင်း၊ စည်းကြပ်သော အခွန်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ကင်းလွတ်ခွင့်ပြုနိုင်သည်။

၅။ ကော်မတီသည် ဤနည်းဥပဒေများအရ အခွန်ကောက်ခံရန် သင့်လျော်သည့် ဝန်ထမ်း၊ အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

၆။ ကော်မတီသည် အခွန်ကောက်ခံသည့် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား တစ်နှစ်အတွက် ကောက်ခံပေးသည့် ငွေအပေါ်တွင် အခါအားလျော်စွာ သတ်မှတ်သည့် နှုန်းထားဖြင့် ခိုင်ကြေး ထုတ်ပေးနိုင်သည်။

၇။ ကော်မတီသည် သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်အတွင်း အခွန်ကြွေးကျန်များကို မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံနိုင်သည်။

အခန်း (၃)

မော်တော်ယာဉ်များအခွန်ကောက်ခံခြင်း

၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်ပြင်ပ၌ မှတ်ပုံတင်သော မော်တော်ယာဉ်များ မြို့တော်နယ်နိမိတ်အတွင်း ဝင်ရောက်လာသည့်အခါ မော်တော်ယာဉ်အမျိုးအစားအလိုက် သတ်မှတ်သည့် မြို့ဝင်ကြေးကို ကောက်ခံရမည်။

၉။ မြို့ဝင်ကြေးပေးဆောင်သည့် ပြေစာသည် ပေးဆောင်သည့်အချိန်မှ ၂၄ နာရီ ကျော်လွန်ပါက ပျက်ပြယ်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

၁ဝ။ ကော်မတီသည် -

(က) မော်တော်ယာဉ်အမျိုးအစားအလိုက် မြို့ဝင်ကြေးနှုန်းများကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်။

(ခ) မော်တော်ယာဉ် အမျိုးအစားအလိုက် သတ်မှတ်သည့် မြို့ဝင်ကြေးနှုန်းများကို မြို့ဝင်ကြေး ကောက်ခံသည့် နေရာတွင် အများပြည်သူ မြင်သာအောင် ဆောင်ရွက်ထားရှိရမည်။

၁၁။ မော်တော်ယာဉ်များသည် မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်သည့် နေရာနှင့်အချိန်အတွင်း ညအိပ်ရပ်နားခြင်း သို့မဟုတ် ယာယီရပ်နားခြင်း ပြုရမည်။

၁၂။ ကော်မတီသည် မော်တော်ယာဉ်မှတ်ပုံတင်အရ သတ်မှတ်ထားသည့် ဝန်အလေးချိန် သို့မဟုတ် မြို့တော် နယ်နိမိတ်အတွင်း လမ်းအလိုက် သတ်မှတ်ထားသည့် ဝန်အလေးချိန်ထက်ပို၍ တင်ဆောင်လာသော မော်တော်ယာဉ်များအပေါ် ယာဉ်တန်ပိုကြေး ကောက်ခံရန် နှုန်းများသတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်။

၁၃။ ကော်မတီသည် မြို့ဝင်ကြေးနှင့်ယာဉ်တန်ပိုကြေး ကောက်ခံခြင်းကို အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦး အား နေရာအားလုံးအတွက်သော်လည်းကောင်း၊ နေရာတစ်ခုချင်းအတွက် သော်လည်းကောင်း၊ ၃နှစ်ထက် မပိုသော ကာလအထိ လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့်ဖြစ်စေ၊ အခြားသင့်လျော်သော နည်းဖြင့်ဖြစ်စေ ရောင်းချပြီး စည်းကမ်းချက်သတ်မှတ်၍ လုပ်ကိုင်ခွင့်ပြုနိုင်သည်။

၁၄။ ကော်မတီက တာဝန်ပေးအပ်ခြင်းခံရသည့် စည်ပင်သာယာဝန်ထမ်း သို့မဟုတ် ခွင့်ပြုချက် ရရှိသူသည် မြို့ဝင်ကြေး သို့မဟုတ် ယာဉ်တန်ပိုကြေးရရှိလျှင် ကော်မတီက သတ်မှတ်သည့်ပြေစာကို ထုတ်ပေးရမည်။

၁၅။ ကော်မတီသည် မြို့ဝင်ကြေးနှင့်ယာဉ်တန်ပိုကြေးကောက်ခံရန် ခွင့်ပြုချက်ရရှိသူက သတ်မှတ်သော စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် အောက်ပါစီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) သတိပေးခြင်း၊

(ခ) ခွင့်ပြုချက်ကို ပယ်ဖျက်ခြင်း။

၁၆။ ကော်မတီသည် မြို့ဝင်ကြေးနှင့် ယာဉ်တန်ပိုကြေးကောက်ခံရန်ခွင့်ပြုချက်ကို ပယ်ဖျက်ပါက ကျန်ရှိသည့် ကာလအတွက် မြို့ဝင်ကြေးနှင့် ယာဉ်တန်ပိုကြေးကောက်ခံခြင်းကို လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့် ဖြစ်စေ၊ အခြားသင့်လျော်သော နည်းဖြင့်ဖြစ်စေ ပြန်လည်ရောင်းချနိုင်သည်။ ယင်းသို့ ရောင်းချရာတွင် မူလ ရောင်းချသည့် ငွေပမာဏကို ပြည့်မီခြင်းမရှိလျှင် လျှော့နည်းသည့်ငွေကို မူလခွင့်ပြုချက်ပယ်ဖျက်ခံရသူထံမှ တောင်းခံနိုင်သည်။

၁၇။ ကော်မတီသည် ယာဉ်တန်ပိုကြေးသတ်မှတ်ရာတွင် ပိုမိုတင်ဆောင်သည့် တန်ပိုပမာဏအပေါ် အောက်ပါ အတိုင်း ခွဲခြားသတ်မှတ်ကောက်ခံနိုင်သည် -

(က) တန်ပိုပမာဏသည် မော်တော်ယာဉ်မှတ်ပုံတင်အရ ခွင့်ပြုဝန်အလေးချိန်၏ တစ်ဆထိ တန်ပိုအား သာမန် တန်ပိုအဖြစ် နှုန်းထားရိုးရိုးဖြင့် ကောက်ခံနိုင်သည်။

(ခ) တန်ပိုပမာဏသည် မော်တော်ယာဉ်မှတ်ပုံတင်အရ ခွင့်ပြုဝန်အလေးချိန်၏ တစ်ဆထက် ပိုမိုသည့် တန်ပို ပမာဏအား လွန်ကဲတန်ပိုအဖြစ် သာမန်တန်ပိုကြေးအပြင် သီးခြားနှုန်းဖြင့် ကောက်ခံနိုင်သည်။

၁၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း လမ်းများပေါ်တွင် သွားလာနေသော မော်တော်ယာဉ်များအပေါ် ယာဉ်တန်ပိုကြေးကောက်ခံခြင်းကို ရွေ့လျားချိန်စက်အသုံးပြုပြီး ကောက်ခံနိုင်သည်။

အခန်း (၄)

ယာဉ်ရပ်နားစခန်းများ၊ ပွဲရုံများ သတ်မှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း

၁၉။ ကော်မတီသည် ရန်ကုန်မြို့တော်ကို သန့်ရှင်းသပ်ရပ်ပြီး စနစ်တကျသာယာလှပသည့် အဆင့်မြင့် မြို့တော် အင်္ဂါရပ်နှင့်ညီညွတ်စေရန် မြို့တော်နယ်နိမိတ်အတွင်း အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(က) မော်တော်ယာဉ်အမျိုးအစားအလိုက် ရပ်နားနိုင်သည့် ယာဉ်ရပ်နားစခန်းများနှင့် စည်းကမ်းချက်များ သတ်မှတ်ပေးခြင်း၊

(ခ) ယာဉ်ရောင်းဝယ်ရေးစခန်းများနှင့် စည်းကမ်းချက်များ သတ်မှတ်ပေးခြင်း၊

(ဂ) ယာဉ်မောင်းသင်ကွင်းနေရာနှင့် စည်းကမ်းချက်များ သတ်မှတ်ပေးခြင်း၊

(ဃ) ကော်မတီက ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေသည်ဟု သတ်မှတ်သော ပစ္စည်းအမျိုးအစားကို သိုလှောင်ခြင်း၊ ရောင်းချပြုလုပ်ရမည့် ပွဲရုံနေရာနှင့် စည်းကမ်းချက်များ သတ်မှတ်ပေးခြင်း။

၂ဝ။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ၃ တန်အထက် ကုန်တင်ယာဉ်များ ကုန်သေတ္တာတင် နောက်ဆက်တွဲယာဉ်များ ညအိပ်ရန်နားမည့်နေရာကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်။

၂၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း လမ်းပိတ်ဆို့မှုများ မဖြစ်စေရန်နှင့် ယာဉ်ထိခိုက်မှုအန္တရာယ် ကာကွယ်တားဆီးနိုင်ရန် အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(က) ကုန်တင်ယာဉ်များ၊ ကုန်သေတ္တာတင် နောက်တွဲယာဉ်များ မဝင်ရလမ်းနှင့် ဝင်ခွင့်ပြုလမ်းများ သတ်မှတ်ပေးခြင်း၊

(ခ) ကုန်တင်ယာဉ်ရပ်နားစခန်းများကို လိုအပ်သလို တည်ဆောက်ဖွင့်လှစ်ခြင်း၊

(ဂ) ခရီးသည်တင် ယာဉ်ရပ်နားစခန်းများကို လိုအပ်သလို တည်ဆောက်ဖွင့်လှစ်ခြင်း၊

(ဃ) ခရီးသည် တင်ချပြုလုပ်သည့် မော်တော်ယာဉ်လက်မှတ်ရောင်းရန်နေရာ သို့မဟုတ် မော်တော်ယာဉ်များ ဝင်ထွက် ရပ်နားဂိတ်ထိုးရန် နေရာသတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း။

အခန်း (၅)

အနှေးယာဉ်များ လိုင်စင်ထုတ်ပေးခြင်း

၂၂။ မြို့တော်နယ်နိမိတ်အတွင်း အနှေးယာဉ် တည်ထောင်လိုသူသည် အနှေးယာဉ် မှတ်ပုံတင်လက်မှတ်ရရှိရန် ကော်မတီသို့ လျှောက်ထားရမည်။

၂၃။ ကော်မတီသည် -

(က) အနှေးယာဉ်မှတ်ပုံတင်လျှောက်လွှာကို စိစစ်ပြီး မှတ်ပုံတင်ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းပြုနိုင်သည်။

(ခ) နည်းဥပဒေခွဲ (က)အရ အနှေးယာဉ်မှတ်ပုံတင်ခွင့်ပြုပါက ကော်မတီက သတ်မှတ်သည့် အနှေးယာဉ် မှတ်ပုံတင်ကြေးကို ပေးသွင်းစေပြီး အနှေးယာဉ် မှတ်ပုံတင်လက်မှတ်ကို လျှောက်ထားသူအား
ထုတ်ပေးရမည်။

၂၄။ မြို့တော်နယ်နိမိတ်အတွင်း အနှေးယာဉ်မောင်းလိုသူသည် အနှေးယာဉ်မောင်းလိုင်စင်ရရှိရန် ကော်မတီသို့ လျှောက်ထားရမည်။

၂၅။ ကော်မတီသည်-

(က) အနှေးယာဉ်မောင်းခွင့်လျှောက်လွှာကို စိစစ်ပြီး အနှေးယာဉ်မောင်းလိုင်စင် ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း ပြုနိုင်သည်။

(ခ) နည်းဥပဒေခွဲ(က)အရ အနှေးယာဉ်မောင်းလိုင်စင်ထုတ်ပေးရန် ခွင့်ပြုပါက ကော်မတီက သတ်မှတ်သည့် အနှေးယာဉ်မောင်းလိုင်စင်ခကို ပေးသွင်းစေပြီး အနှေးယာဉ်မောင်းလိုင်စင်ကို လျှောက်ထားသူအား
ထုတ်ပေးရမည်။

၂၆။ (က) အနှေးယာဉ်မှတ်ပုံတင်လက်မှတ်သက်တမ်းသည် စတင်ထုတ်ပေးသည့်နေ့မှစ၍ ၁ နှစ် သို့မဟုတ် ကော်မတီက သတ်မှတ်သည့် ၁ နှစ်ထက်ပိုသော ကာလအပိုင်းအခြားဖြစ်သည်။

(ခ) အနှေးယာဉ်မောင်းလိုင်စင် သက်တမ်းသည် စတင်ထုတ်ပေးသည့် နေ့မှစ၍ ၂ နှစ်ဖြစ်သည်။

၂၇။ ကော်မတီသည် အနှေးယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် အနှေးယာဉ်မောင်းလိုင်စင်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်သူအား အောက်ပါစီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) သတိပေးခြင်း၊

(ခ) အနှေးယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် အနှေးယာဉ်မောင်းလိုင်စင်ကို ကာလသတ်မှတ်၍ ယာယီ ရပ်ဆိုင်းခြင်း၊

(ဂ) အနှေးယာဉ် မှတ်ပုံတင်လက်မှတ် သို့မဟုတ် အနှေးယာဉ်မောင်းလိုင်စင်ကို ပယ်ဖျက်ခြင်း။

၂၈။ (က) အနှေးယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် အနှေးယာဉ်မောင်းလိုင်စင်ရရှိသူသည် နည်းဥပဒေ ၂၇၊ နည်းဥပဒေခွဲ (ခ)အရ ယာယီရပ်ဆိုင်းသည့် ကာလကုန်ဆုံးပါက အနှေးယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် အနှေးယာဉ်မောင်းလိုင်စင်ပြန်လည်ရရှိရန် ကော်မတီသို့ လျှောက်ထားနိုင်သည်။

(ခ) ကော်မတီသည် နည်းဥပဒေခွဲ(က)အရ လျှောက်ထားချက်ကို စိစစ်ပြီး အနှေးယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် အနှေးယာဉ်မောင်းလိုင်စင်ကို လျှောက်ထားသူအား ပြန်လည်ထုတ်ပေးနိုင်သည်။

၂၉။ အနှေးယာဉ် မှတ်ပုံတင်လက်မှတ် သို့မဟုတ် အနှေးယာဉ်မောင်းလိုင်စင် ရရှိသူသည် သက်တမ်းကုန်ဆုံးပြီး ဆက်လက်လုပ်ကိုင်လိုပါက သက်တမ်းတိုးမြှင့်ရန် သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း ၃ဝ ကြိုတင်၍ ကော်မတီသို့ လျှောက်ထားရမည်။

၃ဝ။ ကော်မတီသည် အနှေးယာဉ်မှတ်ပုံတင်လက်မှတ် သို့မဟုတ် အနှေးယာဉ်မောင်းလိုင်စင် သက်တမ်း တိုးမြှင့်ခနှင့် ဒဏ်ကြေးရရှိပါက သက်တမ်းတိုးမြှင့်ပေးနိုင်သည်။

၃၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အနှေးယာဉ်များ မောင်းနှင်ပြေးဆွဲရမည့် နယ်မြေများ၊ လမ်းများနှင့် အချိန်တို့ကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်။

၃၂။ ကော်မတီသည် အနှေးယာဉ်မှတ်ပုံတင်ကြေး၊ အနှေးယာဉ်မောင်းလိုင်စင်ခ၊ သက်တမ်းတိုးမြှင့်ခနှင့် ဒဏ်ကြေးတို့ကို အနှေးယာဉ်အမျိုးအစားအလိုက် သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်းပြုနိုင်သည်။

အခန်း (၆)

ပုဂ္ဂလိကငွေချေးလုပ်ငန်း

၃၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ပုဂ္ဂလိကငွေချေးလုပ်ငန်း အရေအတွက်နှင့် ဖွင့်လှစ်မည့် နေရာတို့ကို သတ်မှတ်နိုင်သည်။

၃၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ပုဂ္ဂလိက ငွေချေးလုပ်ငန်းကို လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ် ဖြင့်ဖြစ်စေ၊ အခြားသင့်လျော်သောနည်းဖြင့်ဖြစ်စေ ရောင်းချပြီး လုပ်ကိုင်ခွင့်ပြုနိုင်သည်။

၃၅။ (က) ကော်မတီသည် ပုဂ္ဂလိကငွေချေးလုပ်ငန်းလုပ်ကိုင်ခွင့်ရသူအား စည်းကမ်းချက်များ သတ်မှတ်၍ လိုင်စင်ထုတ်ပေးရမည်။

(ခ) ပုဂ္ဂလိက ငွေချေးလုပ်ငန်း လိုင်စင်သက်တမ်းသည် စတင်ထုတ်ပေးသည့်နေ့မှစ၍ ၁ နှစ် သို့မဟုတ် ကော်မတီက သတ်မှတ်သည့် ၁ နှစ်ထက်ပိုသော ကာလအပိုင်းအခြားဖြစ်သည်။

၃၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ပုဂ္ဂလိက ငွေချေးလုပ်ငန်းတစ်ခုချင်းအလိုက် ပေးသွင်းရမည့် အာမခံငွေကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်။

၃၇။ ကော်မတီသည် ခိုင်လုံသောအကြောင်းတစ်စုံတစ်ရာကြောင့် ပုဂ္ဂလိက ငွေချေးလုပ်ငန်းလိုင်စင်ကို ဖျက်သိမ်း လျှင် လိုင်စင်သက်တမ်းမကုန်ဆုံးသေးပါက ယင်းလုပ်ငန်းကို လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ် ဖြင့်ဖြစ်စေ၊ အခြားသင့်လျော်သော နည်းဖြင့်ဖြစ်စေ ပြန်လည်ရောင်းချ၍ ထိုကာလအတွက် လိုင်စင်အသစ်ထုတ်ပေးနိုင်သည်။

၃၈။ ကော်မတီသည် ပုဂ္ဂလိက ငွေချေးလုပ်ငန်းလိုင်စင်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်သူအား အောက်ပါစီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) သတိပေးခြင်း၊

(ခ) လိုင်စင်ကို ကာလသတ်မှတ်၍ ယာယီရပ်ဆိုင်းခြင်း၊

(ဂ) လိုင်စင် ပယ်ဖျက်ခြင်း၊

(ဃ) တင်သွင်းထားသည့် အာမခံငွေအားလုံးကိုဖြစ်စေ၊ တစ်ချို့တစ်ဝက်ကိုဖြစ်စေ သိမ်းယူခြင်း။

၃၉။ (က) ပုဂ္ဂလိကငွေချေးလုပ်ငန်းလိုင်စင်ရရှိသူသည် နည်းဥပဒေ ၃၈၊ နည်းဥပဒေခွဲ (ခ)အရ ယာယီရပ်ဆိုင်း သည့် ကာလကုန်ဆုံးပါက ပုဂ္ဂလိက ငွေချေးလုပ်ငန်းလိုင်စင်ပြန်လည်ရရှိရန် ကော်မတီသို့ လျှောက်ထားနိုင်သည်။

(ခ) ကော်မတီသည် နည်းဥပဒေခွဲ(က)အရ လျှောက်ထားချက်ကို စိစစ်ပြီး ပုဂ္ဂလိက ငွေချေးလုပ်ငန်းလိုင်စင်ကို လျှောက်ထားသူအား ပြန်လည်ထုတ်ပေးနိုင်သည်။

၄ဝ။ ကော်မတီသည် ပုဂ္ဂလိကငွေချေးလုပ်ငန်းလိုင်စင်ပယ်ဖျက်ပါက ကျန်ရှိသည့် လိုင်စင်သက်တမ်းကာလ အတွက် ယင်းလုပ်ငန်းကို လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့်ဖြစ်စေ၊ အခြားသင့်လျော်သောနည်းဖြင့် ဖြစ်စေ ပြန်လည်ရောင်းချနိုင်သည်။ ယင်းသို့ ရောင်းချရာတွင် မူလရောင်းချသည့်ငွေပမာဏကို ပြည့်မီခြင်း မရှိလျှင် လျော့နည်းသည့်ငွေကို မူလလိုင်စင်ပယ်ဖျက်ခံရသူထံမှ တောင်းခံနိုင်သည်။

အခန်း (၇)

ကူးတို့လုပ်ငန်း

၄၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-

(က) ကူးတို့နယ်မြေသတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊

(ခ) ကူးတို့လုပ်ငန်းကို ခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊

(ဂ) ကူးတို့လမ်းကြောင်း သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း။

၄၂။ ကော်မတီသည် ကူးတို့လုပ်ငန်းကို လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့်ဖြစ်စေ၊ အခြားသင့်လျော်သော နည်းဖြင့်ဖြစ်စေ ၃ နှစ်ထက်မပိုသော ကာလအထိ ရောင်းချနိုင်သည်။

၄၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကူးတို့လုပ်ငန်းနှင့်စပ်လျဉ်း၍ လိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်ခ၊ အခွန်အခ၊ ကူးတို့ခွန်နှုန်းထားများသတ်မှတ်ခြင်း ပြုနိုင်သည်။

၄၄။ ကော်မတီသည် ကူးတို့လုပ်ငန်းလိုင်စင်ရရှိသူက လိုင်စင်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း ကြောင့်ဖြစ်စေ၊ လုံလောက်သောအကြောင်းကြောင့်ဖြစ်စေ ကူးတို့လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်လျှင် ကျန်ရှိသည့် လိုင်စင်သက်တမ်းကာလအတွက် ယင်းလုပ်ငန်းကို လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့်ဖြစ်စေ၊ အခြား သင့်လျော်သောနည်းဖြင့်ဖြစ်စေ ပြန်လည်ရောင်းချနိုင်သည်။ ထိုသို့ရောင်းချရာတွင် မူလရောင်းချသည့် ငွေပမာဏ ကို ပြည့်မီခြင်းမရှိလျှင် လျော့နည်းသည့်ငွေကို မူလလိုင်စင်ပယ်ဖျက်ခံရသူထံမှ တောင်းခံနိုင်သည်။

၄၅။ ကော်မတီသည် ကူးတို့လုပ်ငန်းတွင် အသုံးပြုသော ရေယာဉ်နှင့်ပစ္စည်းကိရိယာများကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ညီညွတ်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းပြုနိုင်သည်။

၄၆။ ကော်မတီသည် နည်းဥပဒေ ၄၅ အရ စစ်ဆေးခြင်းပြုရာ၌ ကူးတို့လုပ်ငန်းတွင် အများပြည်သူ ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် အခြေအနေတစ်ရပ်ရပ်တွေ့ရှိလျှင် ကူးတို့လုပ်ငန်းလိုင်စင်ရရှိသူထံ ၁၅ ရက်ကြိုတင်၍ စာဖြင့် အကြောင်းကြားလျက် ကူးတို့လုပ်ငန်းလိုင်စင်ကို ဖျက်သိမ်းရမည်။

၄၇။ ကူးတို့လုပ်ငန်းလိုင်စင်ရရှိသူသည် မိမိရရှိထားသော ကူးတို့လုပ်ငန်းလိုင်စင်တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား တစ်ဆင့်ငှားရမ်းခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းပေးခြင်းပြုလုပ်လိုလျှင် ကော်မတီ၏ ခွင့်ပြုချက်ကို ရယူရမည်။ ယင်းသို့ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကူးတို့လုပ်ငန်းလိုင်စင်ကို တစ်ဆင့်ငှားရမ်းခြင်း၊ အခြားနည်းဖြင့် လွှဲပြေင်းခြင်းပြုလျှင် ကူးတို့လုပ်ငန်းလိုင်စင်ကို ပယ်ဖျက်ခြင်းခံရမည်။

၄၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ထားသည့် ကူးတို့နယ်မြေအတွင်း ကူးတို့ခွန် ကောက်ခံခွင့် ရှိသည်။

၄၉။ ကော်မတီသည် ကူးတို့လုပ်ငန်းနှင့်စပ်လျဉ်း၍ ကမ်းကပ်ခ၊ ပစ္စည်းစုပုံခ၊ လူနှင့်တိရစ္ဆာန်တက်ဆင်းခ၊ ပစ္စည်းတင်ချခ နှုန်းထားများကို သတ်မှတ်ခြင်း၊ လျှော့ပေါ့ခြင်း ကင်းလွတ်ခွင့်ပြုခြင်း ပြုနိုင်သည်။

၅ဝ။ ကူးတို့လုပ်ငန်းလိုင်စင်ရရှိသူ သို့မဟုတ် ကူးတို့ခွန်ကောက်သူသည် ကမ်းကပ်ခ၊ ပစ္စည်းစုပုံခ၊ လူနှင့် တိရစ္ဆာန်တက်ဆင်းခ၊ ပစ္စည်းတင်ချခနှုန်းထားများကို အများပြည်သူမြင်သာအောင် ဆောင်ရွက်ထားရှိရမည်။

၅၁။ ကော်မတီသည် အပြီးသယ်ယူခြင်းမပြုနိုင်သော ပစ္စည်းများနှင့်စပ်လျဉ်း၍ ပစ္စည်းစုပုံခ၊ ပစ္စည်းတင်ချခ နှုန်းထားများကို အခါအားလျော်စွာ သတ်မှတ်နိုင်သည်။

၅၂။ ကော်မတီသည် ကူးတို့လုပ်ငန်းနှင့်ဆက်စပ်နေသည့် အခြားတစ်ဖက်ကမ်းမှ ကူးတို့နယ်မြေနှင့်စပ်လျဉ်း၍ အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် လိုင်စင်ရပုဂ္ဂိုလ်တစ်ဦးဦးလုပ်ဆောင်ခြင်းဖြစ်လျှင် ကောက်ခံရရှိငွေအပေါ် အချိုးကျခွဲဝေယူရန် ဆုံးဖြတ်နိုင်သည်။

၅၃။ ကော်မတီသည် ကူးတို့လုပ်ငန်းနှင့်စပ်လျဉ်း၍ ကြီးကြပ်ဆောင်ရွက်နိုင်ရန် ကော်မတီ၏ အခွန်ဌာန၊ ဌာနမှူးအား ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ပေးအပ်နိုင်သည်။ ထိုသို့ တာဝန်ပေးအပ်သည့်အခါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။

အခန်း (၈)

တားမြစ်ချက်များ

၅၄။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ယာဉ်ရပ်နားစခန်းဖွင့်လှစ်ခြင်း၊ မော်တော်ယာဉ်ရပ်နားခ၊ မော်တော်ယာဉ်စောင့်ရှောက်ခ ကောက်ခံခြင်းမပြုရ။

၅၅။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ထားသည့် နေရာနှင့် လမ်းမှအပ စည်ပင်သာယာပိုင်လမ်းများနှင့် မြေများပေါ်တွင် ၃ တန်အထက် ကုန်တင်ယာဉ်များ ကုန်သေတ္တာတင် နောက်တွဲ ယာဉ်များကို ညအိပ်ရပ်နားခြင်း သို့မဟုတ် ဝင်ရောက်ခြင်း မပြုရ။

၅၆။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မိမိပိုင်မြေ သို့မဟုတ် မိမိလက်ဝယ်ရှိ မြေကို အခကြေးငွေယူ၍ သော်လည်းကောင်း၊ တစ်နည်းနည်းဖြင့်လွှဲပြောင်း လုပ်ပိုင်ခွင့်ပေး၍သော်လည်းကောင်း ယာဉ်ရပ်နားစခန်း၊ ယာဉ်ရောင်းဝယ်ရေးစခန်း သို့မဟုတ် ယာဉ်မောင်းသင်ကွင်းအဖြစ် မပြုလုပ်ရ။

၅၇။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မိမိပိုင်မြေ သို့မဟုတ် အဆောက်အအုံကို အခကြေးငွေယူ၍သော်လည်းကောင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းလုပ်ပိုင်ခွင့်ပေး၍သော်လည်းကောင်း၊ ခရီးသည်များ တင်ချပြုလုပ်သည့် မော်တော်ယာဉ်လက်မှတ်ရောင်းရန်နေရာ သို့မဟုတ် မော်တော်ယာဉ်များ ဝင်ထွက် ရပ်နားဂိတ်ထိုးရန်နေရာအဖြစ် မပြုလုပ်ရ။

၅၈။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင် လမ်း၊ လမ်းမြေ သို့မဟုတ် လူသွားစင်္ကြန်တို့တွင် အနှေးယာဉ်ရပ်နားရန်နေရာအဖြစ်လည်းကောင်း၊ ခရီးသည်များ တင်ချပြုလုပ်သည့် မော်တော်ယာဉ်လက်မှတ်ရောင်းရန်နေရာအဖြစ်လည်းကောင်း၊ မော်တော်ယာဉ်များ ဝင်ထွက်ရပ်နား ဂိတ်ထိုးရန် နေရာအဖြစ်လည်းကောင်း မပြုလုပ်ရ။

၅၉။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ထုတ်ပေးသော အနှေးယာဉ်မှတ်ပုံတင်လက်မှတ် နှင့် အနှေးယာဉ်မောင်းလိုင်စင်များမရှိဘဲ လမ်းပေါ်တွင် အနှေးယာဉ်ကို နင်းခြင်း၊ တွန်းခြင်း၊ ဆွဲခြင်း သို့မဟုတ် မောင်းနှင်ခြင်းမပြုလုပ်ရ။

၆ဝ။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကသတ်မှတ်ထားသည့် နယ်မြေများ၊ လမ်းများနှင့် အချိန်တို့တွင် အနှေးယာဉ်ကို နင်းခြင်း၊ တွန်းခြင်း၊ ဆွဲခြင်း သို့မဟုတ် မောင်းနှင်ခြင်း မပြုလုပ်ရ။

၆၁။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကထုတ်ပေးသော ပုဂ္ဂလိက ငွေချေးလုပ်ငန်းလိုင်စင် မရှိဘဲ ပုဂ္ဂလိကငွေချေးလုပ်ငန်း မပြုလုပ်ရ။

၆၂။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ထုတ်ပေးသော ကူးတို့လုပ်ငန်းလိုင်စင်မရှိဘဲ ကူးတို့ လုပ်ငန်း မပြုလုပ်ရ။

၆၃။ မည်သူမဆို ဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အခန်း (၉)

အထွေထွေ

၆၄။ ကော်မတီသည် ဤနည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းတာဝန်များကို မိမိလက်အောက်ရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

၆၅။ ကော်မတီသည် ဤနည်းဥပဒေများပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

အမိန့်အရ(ပုံ)

ကို လေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာအမှတ် ၁၃/၉၉

ရန်ကုန်မြို့၊ ၁၃၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်

(၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်များ မွေးမြူခြင်းနှင့် သားသတ်ရုံများဆိုင်ရာ နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင် ပါရှိသည့် အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က) မြို့တော်နယ်နိမိတ် ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ကို ဆိုသည်။

(ခ) ကျွဲ၊ နွား တိရစ္ဆာန် ဆိုသည်မှာ ကျွဲ၊ နွား၊ ဆင်၊ မြင်း၊ မြည်း၊ လား၊ သိုး၊ ဆိတ်၊ ဝက်ကိုဆိုသည်။

(ဂ) သား ငါး ဆိုသည်မှာ ကျွဲ၊ နွား တိရစ္ဆာန် အသားများအပြင် ကြက်၊ ဘဲ၊ ငှက်၊ ငုံးနှင့် ငါး၊ ပုစွန် စသည့် ရေသတ္တဝါများလည်း ပါဝင်သည်။

(ဃ) အိမ်မွေးတိရစ္ဆာန် ဆိုသည်မှာ ခွေး၊ ကြောင်၊ ယုန်၊ ပူး၊ မျောက်၊ ငှက်အမျိုးမျိုး၊ တွားသွားသတ္တဝါ နှင့် ရွှေငါး အမျိုးမျိုးကို ဆိုသည်။ ယင်းစကားရပ်တွင် ကော်မတီက အိမ်မွေးတိရစ္ဆာန်အဖြစ် အခါအားလျော်စွာ
သတ်မှတ်သည့် တိရစ္ဆာန်လည်း ပါဝင်သည်။

(င) လိုင်စင်ဆိုသည်မှာ ကော်မတီက ထုတ်ပေးသည့် သားသတ်ခွင့်လိုင်စင်၊ အသားရောင်းချခွင့်လိုင်စင်၊ တိရစ္ဆာန်အရှင် ရောင်းချခွင့်လိုင်စင် သို့မဟုတ် တိရစ္ဆာန် မွေးမြူခွင့် လိုင်စင်ကိုဆိုသည်။

(စ) သားသတ်ရုံ ဆိုသည်မှာ ကော်မတီက ကျွဲ၊ နွား တိရစ္ဆာန်များအား သတ်ဖြတ်၍ အသားထုတ်လုပ်ရန် ခွင့်ပြုသည့်နေရာကို ဆိုသည်။ ယင်းစကားရပ်တွင် ကော်မတီက အခါအားလျော်စွာ ခွင့်ပြုထားသည့် အဝေး
ရောက် သားသတ်ရုံများလည်း ပါဝင်သည်။

(ဆ) တိရစ္ဆာန်ထောင် ဆိုသည်မှာ တိရစ္ဆာန်များကို ထိန်းသိမ်းရန်အတွက် ကော်မတီကသတ်မှတ်သည့် နေရာကို ဆိုသည်။

အခန်း (၂)

တိရစ္ဆာန်များ ကျန်းမာရေး

၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူစားသုံးရန် မွေးမြူထားသော တိရစ္ဆာန်များ ကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် သီးခြားအစီအစဉ်များ ဆောင်ရွက်ခြင်း ပြုနိုင်သည်။

၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တိရစ္ဆာန်အစာများ ရောင်းချနေ သည်ကို စစ်ဆေးတွေ့ရှိရပါက ရောင်းချခြင်းမပြုရန် တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေနှင့်အညီ တားမြစ်ပိတ်ပင်နိုင်ရေးအတွက် သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ အကြောင်းကြားရမည်။

၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း တိရစ္ဆာန်များတွင် ကူးစက်ရောဂါ မဖြစ်ပွားစေရေးနှင့် တိရစ္ဆာန်များမှ လူများသို့ ကူးစက်ရောဂါမဖြစ်ပွားစေရေးအတွက် လိုအပ်သော ကြိုတင်ကာကွယ်မှု အစီအမံများ ချမှတ်ဆောင်ရွက်ခြင်း၊ ကူးစက်ရောဂါဖြစ်ပွားသည့်ဒေသတွင် ရောဂါဖြစ်ပွားမှုပပျောက်စေရန်နှင့် အခြားနေရာ ဒေသများသို့ ရောဂါကူးစက်ပျံ့နှံ့ခြင်းမရှိစေရန် စီစဉ်ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ ကော်မတီ အစီအစဉ် ဖြင့်လည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ညှိနှိုင်း၍လည်းကောင်း ဆောင်ရွက်ရမည်။

၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း တိရစ္ဆာန်များမှ လူများသို့ ရောဂါကူးစက်ပျံ့နှံ့ခြင်း မရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း တည်ဆဲဥပဒေများနှင့်အညီ ကော်မတီပိုင် တိရစ္ဆာန် ဆေးကုခန်း များကို ဖွင့်လှစ်ဆောင်ရွက်ခွင့်ရှိသည်။

၈။ ကော်မတီသည် တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေအရ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိရစ္ဆာန်နှိပ်စက်ညှင်းပန်းခြင်းမှ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့တော်နယ်နိမိတ်အတွင်း ယင်းလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သလို ကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း ပြုနိုင်သည်။

အခန်း (၃)

သားငါးများ ရောင်းချခြင်းနှင့် တိရစ္ဆာန်များ သတ်ဖြတ်မှုကို စီမံခန့်ခွဲခြင်း

၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူစားသုံးနိုင်ရန် သန့်ရှင်းလတ်ဆတ်သော သားငါး ထုတ်လုပ်ရေး စည်းကမ်းများကို သတ်မှတ်ရမည်။

၁ဝ။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း လိုင်စင်ဖြင့် သားငါးရောင်းချခြင်းလုပ်ငန်းကို နေအိမ်ဥပစာ အတွင်း၌ဖြစ်စေ၊ စျေးများအတွင်း၌ဖြစ်စေ စည်းကမ်းချက်များ သတ်မှတ်လျက်ခွင့်ပြုနိုင်သည်။

၁၁။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကသတ်မှတ်သည့်သားငါးများကို သတ်မှတ်သည့် သားငါးတင်ယာဉ်ဖြင့်သာ သတ်မှတ်သည့်လမ်းကြောင်းမှ သယ်ဆောင်ခွင့်ပြုရမည်။

၁၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းသို့ ရောင်းချရန်တင်သွင်းလာသည့် ကျွဲ၊ နွားတိရစ္ဆာန်၊ ကြက်၊ ဘဲနှင့် အိမ်မွေးတိရစ္ဆာန်များကို ကော်မတီက သတ်မှတ်သည့်စျေးများတွင် အခွန်အခပေးဆောင်စေပြီး ရောင်းချ ခွင့်ပြုနိုင်သည်။

၁၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းသို့ ရောင်းချရန်တင်သွင်းလာသော သားငါးများကို အများ ပြည်သူစားသုံးရန် သင့်မသင့်စစ်ဆေးရမည်။ အများပြည်သူစားသုံးရန်သင့်ကြောင်း စစ်ဆေးတွေ့ရှိလျှင် ကော်မတီက အခါအားလျော်စွာ သတ်မှတ်သည့်အခွန်အခကို ပေးဆောင်စေပြီး ယင်းသားငါးကိုရောင်းချခွင့် ပြုနိုင်သည်။

၁၄။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း စျေးများရှိ သားငါးများကို အများပြည်သူစားသုံးရန် သင့်မသင့် စစ်ဆေးရန် စည်ပင်သာယာဝန်ထမ်းတစ်ဦးဦးအား တာဝန်ပေးအပ်နိုင်သည်။

၁၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူစားသုံးရန် ကျွဲ၊ နွားတိရစ္ဆာန် သားသတ်ခွင့် လိုင်စင်ကို စည်းကမ်းချက်သတ်မှတ်၍ ခွင့်ပြုနိုင်သည်။

၁၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူစားသုံးရန် ကျွဲ၊ နွားတိရစ္ဆာန်များကို ကော်မတီက ထုတ်ပေးသော လိုင်စင်ဖြင့်သာ သားသတ်ရုံတွင်သတ်ဖြတ်ခွင့်ပြုရမည်။

၁၇။ ကော်မတီကတာဝန်ပေးအပ်ခြင်းခံရသည့် စည်ပင်သာယာဝန်ထမ်းသည် မြို့တော်နယ်နမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကျွဲ ၊ နွားတိရစ္ဆာန် တစ်စုံတစ်ရာကို သတ်ဖြတ်နေကြောင်း သို့မဟုတ် သတ်ဖြတ် ပြီးကြောင်း ယုံကြည်ရန်အကြောင်းရှိလျှင် ရပ်ကွက်လူကြီးနှစ်ဦးနှင့်အတူ ဝင်ရောက်စစ်ဆေးခွင့်ရှိသည့်အပြင် တရားမဝင်သတ်ဖြတ်ထားသည့် မည်သည့်ကျွဲ ၊ နွားတိရစ္ဆာန် အသေကောင်ကိုမဆို သိမ်းယူ၍ တည်ဆဲဥပဒေ များနှင့်အညီ အရေးယူခွင့်ရှိသည်။

၁၈။ ကော်မတီကတာဝန်ပေးအပ်ခြင်းခံရသည့် စည်ပင်သာယာဝန်ထမ်းသည် မြို့တော်နယ်နမိတ်အတွင်း ပိုင်နက်တစ်ခုခုတွင် ကျွဲ ၊ နွားတိရစ္ဆာန် တစ်ကောင်ကောင်ကို တည်ဆဲဥပဒေပါ ပြဌာန်းချက်များနှင့်ဆန့်ကျင်၍ ထိန်းသိမ်းထားကြောင်း ယုံကြည်ရန်အကြောင်းရှိလျှင် ရပ်ကွက်လူကြီးနှစ်ဦးနှင့်အတူ ဝင်ရောက်စစ်ဆေးခွင့်ရှိ သည့်အပြင် တွေ့ရှိရသည့် ကျွဲ ၊ နွားတိရစ္ဆာန်ကိုလည်း ဖမ်းဆီးခွင့်ရှိသည်။

၁၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူစားသုံးရန်မှအပ သက်ဆိုင်ရာအာဏာပိုင်က ဘာသာရေးနှင့်အခြားကိစ္စရပ်များအတွက် ကျွဲ၊ နွား၊ သိုး၊ ဆိတ် သတ်ဖြတ်ခွင့်အမိန့်ထုတ်ပေးသည့်အခါ သတ်ဖြတ်ရန် သီးခြားနေရာများ သတ်မှတ်ပေးရမည်။

၂ဝ။ ကော်မတီသည် မိမိပိုင်တိရစ္ဆာန်စျေးအတွင်း၌ဖြစ်စေ ၊ သားသတ်ရုံဝင်းအတွင်း၌ဖြစ်စေ အောက်ပါလုပ်ငန်း ကိစ္စရပ်များအတွက် ဆိုင်ခွန် ၊ ဆိုင်ခများနှင့် အခြားအခွန်အခများကို အခါအားလျော်စွာ သတ်မှတ် ကောက်ခံခွင့် ရှိသည်-

(က) ဆိုင်ကြီး ၊ ဆိုင်ငယ် ၊ တင်းကုပ် ၊ လှောင်အိမ် ၊ လှောင်ခြံ ၊ သတ်ခြံ သို့မဟုတ် အခြားအဆောက်အုံတစ်ခုကို အသုံးပြုခြင်း ၊

(ခ ) စျေးခင်းကျင်းခြင်း ၊

(ဂ ) ကုန်ပစ္စည်းများကို ချင်တွယ်ခြင်း ၊ ချိန်တွယ်ခြင်း သို့မဟုတ် တိုင်းတာခြင်း။

၂၁။ ကော်မတီသည် နည်းဥပဒေ ၂ဝ ပါ ပြဌာန်းချက်များအရ ဆိုင်ခွန် ၊ ဆိုင်ခများနှင့် အခြားအခွန်အခများ ကောက်ခံခွင့်ကို ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်အား လေလံစနစ်ဖြင့်ဖြစ်စေ ၊ တင်ဒါစနစ်ဖြင့် ဖြစ်စေ ခွင့်ပြုနိုင်သည်။

အခန်း(၄)

တိရစ္ဆာန် မွေးမြူခြင်း၊ ထိန်းကျောင်းခြင်း၊သယ်ဆောင်ခြင်းကို ကြီးကြပ်ခြင်း

၂၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အောက်ပါတို့ကို စည်းကမ်းချက်သတ်မှတ်လျက် ခွင့်ပြုနိုင်သည်-

(က) ကော်မတီကမှတ်ပုံတင်ရန်လိုအပ်သည်ဟု သတ်မှတ်ထားသောအိမ်မွေးတိရစ္ဆာန်ကို မွေးမြူခြင်း၊

(ခ ) ကျွဲ ၊ နွားတိရစ္ဆာန်နှင့် အိမ်မွေးတိရစ္ဆာန်များမှအပ အများပြည်သူအားအန္တရာယ်ဖြစ်စေနိုင်သည်ဟု ကော်မတီကအခါအားလျော်စွာ သတ်မှတ်သော အခြားတိရစ္ဆာန်ကို မွေးမြူခြင်း၊

(ဂ ) ကော်မတီကအခါအားလျော်စွာ သတ်မှတ်သည့်နယ်မြေဒေသတွင် ကျွဲ ၊ နွားတိရစ္ဆာန်များကိုဖြစ်စေ၊ အိမ်မွေးတိရစ္ဆာန်မှအပ ကော်မတီကသတ်မှတ်သည့် အခြားတိရစ္ဆာန်တစ်မျိုးမျိုးကိုဖြစ်စေ မွေးမြူခြင်း၊
ထိန်းကျောင်းခြင်း ၊ မောင်းနှင်ခြင်း ၊ ဆွဲယူခြင်း ၊ စီးနင်းခြင်း သို့မဟုတ် သယ်ဆောင်ခြင်း။

အခန်း(၅)

ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသည့် တိရစ္ဆာန်များကို သုတ်သင်ရှင်းလင်းခြင်း

၂၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသည့် ခွေးလေခွေးလွင့်၊ ကြွက်၊ ကျီး နှင့်ရောဂါပိုး သယ်ဆောင်တတ်သည့် အခြားတိရစ္ဆာန်များကို အခါအားလျော်စွာ သုတ်သင်ရှင်းလင်းရမည်။

၂၄။ ကော်မတီသည် နည်းဥပဒေ ၂၃ ပါ လုပ်ငန်းများကိုဆောင်ရွက်နိုင်ရန် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်အား လေလံစနစ်ဖြင့်ဖြစ်စေ ၊ တင်ဒါစနစ်ဖြင့်ဖြစ်စေ ၊ အခြားသင့်လျော်သောနည်းဖြင့် ဖြစ်စေ စည်းကမ်းချက်များသတ်မှတ်၍ လိုင်စင်ထုတ်ပေးနိုင်သည်။

၂၅။ ကော်မတီက တာဝန်ပေးအပ်ခြင်းခံရသည့် စည်ပင်သာယာဝန်ထမ်းသည် စည်ပင်သာယာလမ်းများပေါ်တွင် စည်းကမ်းမဲ့သွားလာနေသော သို့မဟုတ် ပိုင်ရှင်ဖြစ်သူက စည်းကမ်းမဲ့လွှတ်ထားသော ကျွဲ၊ နွား တိရစ္ဆာန်များကို အချိန်မရွေး ဖမ်းဆီးခွင့်ရှိသည်။ ယင်းသို့ ဖမ်းဆီးရမိသော ကျွဲ၊ နွားတိရစ္ဆာန်များကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် သက်ဆိုင်ရာတိရစ္ဆာန်ထောင်သို့ ပို့အပ်ရမည်။

၂၆။ ကော်မတီက တာဝန်ပေးအပ်ခြင်းခံရသော စည်ပင်သာယာဝန်ထမ်းသည် စည်ပင်သာယာလမ်းများပေါ်တွင် စက်ဆုပ်ဖွယ်ရာဖြစ်သည့် တိရစ္ဆာန်အသေကောင်တွေ့ရှိရပါက ရှင်းလင်းစွန့်ပစ်သည့် အစီအစဉ်အတိုင်း ဆောင်ရွက်ရမည်။

၂၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း -

(က) မိမိအစီအစဉ်ဖြင့် တိရစ္ဆာန်ထောင်များကို တည်ထောင်ခွင့်ရှိသည်။

(ခ) လိုအပ်ပါက ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်အား သတ်မှတ်ချက်နှင့်အညီ တိရစ္ဆာန် ထောင် တည်ထောင်ခွင့်ပြုနိုင်သည်။

အခန်း(၆)

သားသတ်ရုံ

၂၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း-

(က) ကျွဲ၊ နွား တိရစ္ဆာန်များကိုသတ်ဖြတ်၍ အသားထုတ်လုပ်ရန် သားသတ်ရုံ တည်ထောင်ခွင့်ရှိသည်။

(ခ) လိုအပ်ပါက ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်အား အဝေးရောက်သားသတ်ရုံ တည်ထောင် ခွင့်ပြုနိုင်သည်။

၂၉။ ကော်မတီသည် သားသတ်ရုံအတွင်းသို့ ဝင်ရောက်ရန် ခွင့်ပြုချက်လက်မှတ်ကို ကူးစက်ရောဂါ မရှိသူကိုသာ ထုတ်ပေးရမည်။

၃ဝ။ ကော်မတီသည် ခွင့်ပြုချက်လက်မှတ်ရရှိသူကိုသာ သားသတ်ရုံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရမည်။

၃၁။ ကော်မတီသည် သားသတ်ရုံလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်အား လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့်ဖြစ်စေ၊ အခြားသင့်လျော်သော နည်းဖြင့် ဖြစ်စေ စည်းကမ်းချက်များ သတ်မှတ်၍ လိုင်စင်ထုတ်ပေးနိုင်သည်။

၃၂။ ကော်မတီသည် သားသတ်ရုံလုပ်ငန်းများကို သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ မရှိ အချိန်မရွေး ဝင်ရောက်စစ်ဆေးနိုင်သည်။

၃၃။ ကော်မတီသည် အများပြည်သူစားသုံးရန် သတ်ဖြတ်မည့် ကျွဲ၊ နွားတိရစ္ဆာန်များကို သားသတ်ရုံတွင် အနားပေးကာလအဖြစ်ထားရှိရန် အနည်းဆုံး ၂၄ နာရီ သတ်မှတ်ပေးရမည်။

အခန်း(၇)

တားမြစ်ချက်များ

၃၄။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း-

(က) ကော်မတီကထုတ်ပေးသည့်လိုင်စင်မရှိဘဲ သားငါးများကို ရောင်းချခြင်းမပြုရ။

(ခ ) ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ နေအိမ်ဥပစာတွင် သားငါးများကို ရောင်းချခြင်းမပြုရ။

(ဂ ) ကော်မတီကထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရှိဘဲ မှတ်ပုံတင်ရန်လိုအပ်သည်ဟု သတ်မှတ်ထားသော အိမ်မွေးတိရစ္ဆာန်ကို မွေးမြူခြင်းမပြုရ။

(ဃ) ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူအား အန္တရာယ်ဖြစ်စေနိုင်သည်ဟု ကော်မတီက အခါအားလျော်စွာ သတ်မှတ်သော အခြားတိရစ္ဆာန်ကို မွေးမြူခြင်းမပြုရ။

၃၅။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီက အခါအားလျော်စွာ သတ်မှတ်သည့် နယ်မြေဒေသတွင် ကျွဲ၊ နွားတိရစ္ဆာန်များကိုဖြစ်စေ အိမ်မွေးတိရစ္ဆာန်မှအပ ကော်မတီက သတ်မှတ်သည့် အခြားတိရစ္ဆာန်တစ်မျိုးမျိုးကိုဖြစ်စေ မွေးမြူခြင်း ၊ ထိန်းကျောင်းခြင်း ၊ မောင်းနှင်ခြင်း ၊ ဆွဲယူခြင်း ၊ စီးနင်းခြင်း သို့မဟုတ် သယ်ဆောင်ခြင်းမပြုရ။

၃၆။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း-

(က) သက်ဆိုင်ရာအာဏာပိုင်က ဘာသာရေးနှင့်အခြားကိစ္စရပ်များအတွက် သတ်ဖြတ်ခွင့်အမိန့် ထုတ်ပေးသည့် ကိစ္စမှအပ ကော်မတီကထုတ်ပေးသည့် သားသတ်ခွင့်လိုင်စင်မရှိဘဲ ကျွဲ၊ နွားတိရစ္ဆာန်ကို
သတ်ဖြတ်ခြင်းမပြုရ။

(ခ ) ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ သားသတ်ရုံတည်ထောင်ခြင်းမပြုရ။

၃၇။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင်သားသတ်ရုံနှင့် ကော်မတီက ခွင့်ပြုသည့် သားသတ်ရုံများမှအပ အခြားနေရာတစ်ခုခုတွင် ကျွဲ၊ နွား တိရစ္ဆာန်တစ်မျိုးမျိုးကို သတ်ဖြတ်ခြင်းမပြုရ။

၃၈။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကသတ်မှတ်သည့် သားငါးများကို သတ်မှတ်သည့် သားငါးတင်ယာဉ်မှအပ အခြားယာဉ်တစ်မျိုးမျိုးကို အသုံးပြုသယ်ဆောင်ခြင်းသော်လည်းကောင်း ၊ သားငါးတင် ယာဉ်ဖြင့် ကော်မတီကသတ်မှတ်မထားသည့်လမ်းကြောင်းမှ သယ်ဆောင်ခြင်းသော်လည်းကောင်းမပြုရ။

၃၉။ မည်သူမဆို ဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အခန်း (၈)

အထွေထွေ

၄ဝ။ ကော်မတီသည် ဤနည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းတာဝန်များကို မိမိလက်အောက်ရှိ သက်ဆိုင်ရာ ဌာန ၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

၄၁။ ကော်မတီသည် ဤနည်းဥပဒေများအပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သောအမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်သည်။

အမိန့်အရ

(ပုံ) ကို လေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာအမှတ် ၁၄/၉၉

ရန်ကုန်မြို့၊ ၁၃၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်

(၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဌ၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပစ္စည်းခွန်စည်းကြပ်ခြင်းနှင့် ကောက်ခံခြင်းဆိုင်ရာ နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) မြို့တော်နယ်နိမိတ် ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ကို ဆိုသည်။

(ခ ) မြေ ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်းရှိ မြေ သို့မဟုတ် ယင်း၏ အစိတ်အပိုင်းကို ဆိုသည်။

(ဂ ) အဆောက်အအုံ ဆိုသည်မှာ မည့်သည့်ဆောက်လုပ်ရေးပစ္စည်းဖြင့်မဆို ယာယီ သို့မဟုတ် အမြဲတမ်း ဆောက်လုပ်သည့် တိုက် ၊ အိမ် ၊ တဲ ၊ တစ်ဖက်ယပ် ၊ အမိုးပါရှိသော အဆောက်အအုံ သို့မဟုတ် ယင်းတို့၏
အစိတ်အပိုင်းကို ဆိုသည်။

(ဃ) ပိုင်ရှင် ဆိုသည်မှာ မြေ သို့မဟုတ် အဆောက်အအုံကို တရားဝင်ပိုင်ဆိုင်ပြီး ကိုယ်တိုင်နေထိုင်သူ သို့မဟုတ် ငှားရမ်းခများကို မိမိကိုယ်တိုင်ဖြစ်စေ ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ၊ ပစ္စည်းထိန်းဖြင့်ဖြစ်စေ
လက်ခံရယူသူကို ဆိုသည်။

(င ) နေထိုင်သူ ဆိုသည်မှာ အဆောက်အအုံတွင် အမြဲဖြစ်စေ ၊ ယာယီဖြစ်စေ နေထိုင်သူကိုဆိုသည်။

(စ) အသုံးပြုသူ ဆိုသည်မှာ မြေ သို့မဟုတ် အဆောက်အအုံကို အသုံးပြုနေသည့် ပိုင်ရှင် ၊ ငှားရမ်းယူသူ သို့မဟုတ် ခွင့်ပြုချက်ရရှိသူကို ဆိုသည်။

(ဆ) နှစ်စဉ်တန်ဖိုး ဆိုသည်မှာ ပစ္စည်းခွန်စည်းကြပ်မည့်မြေနှင့်အဆောက်အအုံကိုမည်သည့်အသုံး အဆောင်ပရိဘောဂမျှ မပါဝင်ဘဲ ငှားရမ်းပါက တစ်နှစ်အတွက်ရရှိနိုင်မည်ဟု မျှော်မှန်းထားသော တန်ဖိုးငွေကို
ဆိုသည်။ ယင်းစကားရပ်တွင် ပစ္စည်းခွန်စည်းကြပ်မည့်မြေနှင့် အဆောက်အအုံ၏ တန်ဖိုးအပေါ် ကော်မတီက အခါအားလျော်စွာသတ်မှတ်ပေးသည့် ရာခိုင်နှုန်းအရ ရရှိလာမည့် တန်ဖိုးငွေလည်း ပါဝင်သည်။

(ဇ ) ပစ္စည်းခွန် ဆိုသည်မှာ မြေဖြစ်စေ ၊ အဆောက်အအုံဖြစ်စေ မြေနှင့် အဆောက်အအုံဖြစ်စေ ၄င်းတို့၏နှစ်စဉ်တန်ဖိုးအပေါ် သတ်မှတ်သော ရာခိုင်နှုန်းဖြင့်ကောက်ခံသော အခွန်ကို ဆိုသည်။ ယင်းစကားရပ်တွင်
အထွေထွေခွန် ၊ မီးခွန် ၊ ရေခွန် ၊ သန့်ရှင်းရေးခွန်တို့ ပါဝင်သည်။

(စျ ) အထွေထွေခွန် ဆိုသည်မှာ အများပြည်သူဆိုင်ရာ လမ်းများ ၊ တံတားများ ၊ ရေမြောင်းများ၊ စျေးများ ၊ ပန်းခြံများ ၊ အားကစားကွင်း စသည်များ တည်ဆောက်ခြင်း ၊ ဖောက်လုပ်ခြင်း ၊ ပြုပြင်ထိန်းသိမ်းခြင်း
တို့အတွက် ကုန်ကျစရိတ်များကာမိစေရန် စည်းကြပ်သည့်အခွန်ကို ဆိုသည်။

(ည) မီးခွန် ဆိုသည်မှာ အများပြည်သူဆိုင်ရာ လမ်းများ ၊ တံတားများ ၊ စျေးများ ၊ ပန်းခြံများ ၊ အားကစားကွင်း များနှင့် စည်ပင်သာယာအဆောက်အအုံများတွင် မီးထွန်းစရိတ်ကာမိစေရန် စည်းကြပ်သည့်အခွန်ကို
ဆိုသည်။

(ဋ ) ရေခွန် ဆိုသည်မှာ ကော်မတီက ရေပေးဝေနိုင်ရေး ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်များကာမိစေရန် စည်းကြပ်သည့်အခွန်ကို ဆိုသည်။

(ဌ ) သန့်ရှင်းရေးခွန် ဆိုသည်မှာ အမှိုက်နှင့်အညစ်အကြေးများ စုပုံရွှေ့ပြောင်းစွန့်ပစ်ခြင်းနှင့် ရေစီးရေလာ မြောင်းများ ရှင်းလင်းခြင်းတို့အတွက် ဆောင်ရွက်ရသည့်စရိတ်များ ကာမိစေရန် စည်းကြပ်သည့်အခွန်ကို
ဆိုသည်။

အခန်း(၂)

ပစ္စည်းခွန် စည်းကြပ်ခြင်း

၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အစိုးရဌာန ၊ အဖွဲ့အစည်း သို့မဟုတ်ပုဂ္ဂလိကပိုင် မြေနှင့် အဆောက်အအုံများအပေါ် ပစ္စည်းခွန်စည်းကြပ်ရမည်။

၄။ ကော်မတီသည် ပစ္စည်းခွန်စည်းကြပ်ခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းဆောင်ရွက်ရမည်-

(က) မြေ နှင့် အဆောက်အအုံများအပေါ် နှစ်စဉ်တန်ဖိုး၏ ၂ဝ ရာခိုင်နှုန်းထက်မပိုဘဲ အထွေထွေခွန် စည်းကြပ် နိုင်သည်။

(ခ ) မြေ နှင့် အဆောက်အအုံများအပေါ် နှစ်စဉ်တန်ဖိုး၏ ၅ ရာခိုင်နှုန်းထက်မပိုဘဲ မီးခွန်စည်းကြပ်နိုင်သည်။

(ဂ ) မြေ နှင့် အဆောက်အအုံများအပေါ် နှစ်စဉ်တန်ဖိုး၏ ၁၂ ရာခိုင်နှုန်းထက်မပိုဘဲ ရေခွန်စည်းကြပ်နိုင်သည်။ သို့ရာတွင် နည်းဥပဒေတစ်ရပ်ရပ်အရ ရေဖိုးရေခကောက်ခံလျှင် ရေခွန်စည်းကြပ်ခြင်းမပြုရ။

(ဃ) မြေ နှင့် အဆောက်အအုံများအပေါ် နှစ်စဉ်တန်ဖိုး၏ ၁၅ ရာခိုင်နှုန်းထက်မပိုဘဲ သန့်ရှင်းရေးခွန် စည်းကြပ် နိုင်သည်။ သို့ရာတွင် နည်းဥပဒေတစ်ရပ်ရပ်အရ သန့်ရှင်းရေးဆောင်ရွက်ခ ကောက်ခံလျှင်
သန့်ရှင်းရေးခွန် စည်းကြပ်ခြင်းမပြုရ။

၅။ ကော်မတီသည် အောက်ပါတို့အပေါ် နိုင်ငံခြားငွေဖြင့် ပစ္စည်းခွန်စည်းကြပ်နိုင်သည်။-

(က) နိုင်ငံခြားငွေဖြင့်ငှားရမ်းခရယူ၍ အငှားချထားသော လူနေအိမ်အခန်း ၊ မြေ နှင့် အဆောက်အအုံများ

(ခ ) နိုင်ငံခြားငွေဖြင့်အခန်းခနှင့် ဝန်ဆောင်ခရယူလျက်ရှိသော ဟိုတယ် ၊ မိုတယ် ၊ ဧည့်ဂေဟာနှင့် တည်းခို ရိပ်သာများ၊

(ဂ ) ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်လျက်ရှိသောလုပ်ငန်းများနှင့် သက်ဆိုင်သောမြေနှင့် အဆောက် အအုံများ။

၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အောက်ဖော်ပြပါ မြေနှင့်အဆောက်အအုံများအပေါ် ပစ္စည်းခွန် စည်းကြပ်ခြင်းမပြုရ-

(က) ဘာသာရေးအတွက် အများပြည်သူ သီးသန့်အသုံးပြုသည့် မြေနှင့်အဆောက်အအုံများ၊

(ခ ) ကော်မတီပိုင်မြေနှင့်အဆောက်အအုံများ၊

(ဂ ) သင်္ချိုင်းမြေများ၊

၇။ ကော်မတီသည် ထူးခြားသည့် အကြောင်းကိစ္စများနှင့်စပ်လျဉ်း၍ သီးခြားအမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိလျှင် အောက်ဖော်ပြပါ မြေနှင့်အဆောက်အအုံများကို ဘာသာရေးအတွက် သီးသန့် သုံးစွဲသည့် မြေနှင့်အဆောက်အအုံဖြစ်သည်ဟု မမှတ်ယူရ-

(က) စီးပွားရေးလုပ်ငန်းတစ်ခုခုလုပ်ကိုင်သည့် မြေနှင့်အဆောက်အအုံများ၊

(ခ ) ငှားရမ်းခကို ဘာသာရေးအတွက်အသုံးပြုသည်ဖြစ်စေ ၊ မပြုသည်ဖြစ်စေ ငှားရမ်းခရရှိသည့် မြေနှင့် အဆောက်အအုံများ။

၈။ ကော်မတီသည် နည်းဥပဒေ ၇ တွင် အကျုံးဝင်သည့် မြေနှင့်အဆောက်အအုံကို သီးခြားပစ္စည်း ဖြစ်သည်ဟု မှတ်ယူ၍ ပစ္စည်းခွန်စည်းကြပ်ရမည်။

၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း လမ်းမီးတိုင်များနှင့် ပေ ၁ဝဝဝ အတွင်းရှိ မြေနှင့်အဆောက်အအုံ များအပေါ် မီးခွန်စည်းကြပ်နိုင်သည်။

၁ဝ။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အောက်ဖော်ပြပါ မြေနှင့်အဆောက်အအုံများအပေါ်ရေခွန် စည်းကြပ်ရမည်-

(က) သောက်သုံးရေနှင့် အိမ်သုံးရေများကို လုံလောက်စွာ ဖြန့်ဝေပေးမည် ဟု ကြေညာထားသော ဒေသအတွင်းရှိ မြေနှင့်အဆောက်အအုံများ။

(ခ ) ကော်မတီ၏ ရေပေးဝေရေးစနစ်မှ ရေဆက်သွယ်ရယူအသုံးပြုနေသော မြေနှင့်အဆောက်အအုံများ။

၁၁။ နည်းဥပဒေ ၁ဝ၊ နည်းဥပဒေခွဲ(က) အရ စည်းကြပ်သောရေခွန်သည် နည်းဥပဒေ ၁ဝ၊ နည်းဥပဒေခွဲ(ခ) အရစည်းကြပ်သောရေခွန်ထက် လျော့နည်းစေရမည်။

၁၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အောက်ဖော်ပြပါ မြေနှင့်အဆောက်အအုံများအပေါ် သန့်ရှင်းရေးခွန် စည်းကြပ်ရမည်-

(က) ကော်မတီကတာဝန်ယူ၍ အမှိုက်နှင့်အညစ်အကြေးများ သိမ်းဆည်းပေးမည်ဟု ကြေညာထားသော ဒေသအတွင်းရှိ မြေနှင့်အဆောက်အအုံများ၊

(ခ ) ကော်မတီ၏ မိလ္လာပြွန်စနစ်ရှိသည့် နေရာဒေသရှိ မိလ္လာပြွန်နှင့်ဆက်သွယ်ထားသော ရေမြောင်းနေရာ ဒေသအတွင်းရှိ မြေနှင့်အဆောက်အအုံများ။

၁၃။ နည်းဥပဒေ ၁၂ ၊ နည်းဥပဒေခွဲ (က)အရ စည်းကြပ်သော သန့်ရှင်းရေးခွန်သည် နည်းဥပဒေ ၁၂၊ နည်းဥပဒေခွဲ (ခ)အရ စည်းကြပ်သောသန့်ရှင်းရေးခွန်ထက် လျော့နည်းစေရမည်။

၁၄။ မြေ ၊ အဆောက်အအုံနှင့်သက်ဆိုင်သည့် ပိုင်ရှင် ၊ နေထိုင်သူ သို့မဟုတ် အသုံးပြုသူသည် ကော်မတီက သတ်မှတ်ထားသော ပစ္စည်းခွန်ကို ပူးပေါင်း၍ဖြစ်စေ ၊ တစ်ဦးချင်းဖြစ်စေ ပေးဆောင်နိုင်သည်။

၁၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မြေ ၊ အဆောက်အအုံကို ပိုင်ရှင်ကအခကြေးငွေရယူပြီး ငှားရမ်းထားလျှင် ယင်းမြေ၊ အဆောက်အအုံအပေါ် ပစ္စည်းခွန်စည်းကြပ်ရာ၌ ငှားရမ်းခ ရရှိငွေ စုစုပေါင်း၏ သတ်မှတ်သောရာခိုင်နှုန်းကို နှစ်စဉ်တန်ဖိုးတွင် ထပ်မံထည့်သွင်း သတ်မှတ်နိုင်သည်။

၁၆။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း မြေ ၊ အဆောက်အအုံကိုအသုံးပြုသူက အခကြေးငွေရယူပြီး ထပ်ဆင့်ငှားရမ်းထားလျှင် ယင်းမြေ၊ အဆောက်အအုံအပေါ် ပစ္စည်းခွန်စည်းကြပ်ရာ၌ ငှားရမ်းခရရှိငွေကို အခြေပြု၍ တိုးမြှင့်စည်းကြပ်နိုင်သည်။

၁၇။ ပစ္စည်းခွန်စည်းကြပ်ထားသော မြေ ၊ အဆောက်အအုံတွင် အနည်းဆုံးရက်ပေါင်း(၃ဝ) တစ်ဆက်တည်း မည်သူမျှ နေထိုင်အသုံးပြုခြင်းမရှိဘဲ လစ်လပ်နေလျှင်ဖြစ်စေ ၊ ငှားရမ်းခမရရှိလျှင်ဖြစ်စေ ပိုင်ရှင် သို့မဟုတ် ၄င်း၏ကိုယ်စားလှယ်က အကြောင်းကြားလာသောအခါ ကော်မတီသည် အောက်ပါအတိုင်းဆောင်ရွက်ရမည်-

(က) ယင်းကာလအတွင်းပေးဆောင်ရန်ရှိသော အထွေထွေခွန်ထက်ဝက်နှင့် ရေခွန် ၊ သန့်ရှင်းရေးခွန်များကို ကင်းလွတ်ခွင့်ပြုနိုင်သည်။

(ခ) ပေးရန်ရှိသည့်အခွန်ငွေအားလုံးကို တစ်လုံးတစ်ခဲတည်း သို့မဟုတ် အရစ်ကျပေးသွင်းပြီးနောက် ပိုင်ရှင်က ဤနည်းဥပဒေအရ ကင်းလွတ်ခွင့်ရရှိသောငွေကို ပြန်လည်ထုတ်ပေးရန် (၆)လအတွင်း
လျှောက်ထားလာလျှင် ပြန်လည်ထုတ်ပေးနိုင်သည်။

၁၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းကပိုင်ဆိုင်သည့် မြေ၊ အဆောက်အအုံတွင် လူနေထိုင်အသုံးပြုရန် အခကြေးငွေရယူပြီး ငှားရမ်းထားလျှင် ယင်းမြေ၊ အဆောက်အအုံ အပေါ် ပစ္စည်းခွန်စည်းကြပ်ရာ၌ လက်ရှိနေထိုင်သူကိုဖြစ်စေ ၊ အသုံးပြုသူကိုဖြစ်စေ ပစ္စည်းခွန် စည်းကြပ် နိုင်သည်။

၁၉။ ကော်မတီသည် အစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းကပိုင်ဆိုင်သည့် မြေ၊ အဆောက်အအုံအပေါ် အခွန် စည်းကြပ်ရာ၌ သင့်လျော်သလို နှစ်စဉ်စည်းကြပ်နိုင်သည်။

၂ဝ။ ကော်မတီသည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က နှစ်စဉ်ရရှိသော အရပ်ရပ်အခွန်ငွေစုစုပေါင်း၏ ၃ ရာခိုင်နှုန်း နှင့် ညီမျှသောငွေကို ပစ္စည်းခွန်အဖြစ် စည်းကြပ်ရမည်။

၂၁။ ကော်မတီသည် ပုဂ္ဂိုလ်တစ်ဦးဦးအပေါ်၌လည်းကောင်း ၊ အဖွဲ့အစည်းတစ်ရပ်ရပ်အပေါ်၌လည်းကောင်း၊ ပစ္စည်းတစ်မျိုးမျိုးအပေါ်၌လည်းကောင်း စည်းကြပ်သောပစ္စည်းခွန်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ကင်းလွတ်ခွင့်ပြုနိုင်သည်။

အခန်း(၃)

ပစ္စည်းခွန် ခွဲပုံစာရင်း ပြုစုခြင်း၊ ပြင်ဆင်ခြင်း နှင့် အယူခံခြင်း

၂၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြေနှင့် အဆောက်အအုံများအပေါ် ပစ္စည်းခွန်စည်းကြပ်ခြင်း နှင့်စပ်လျဉ်း၍ သတ်မှတ်ထားသည့်နည်းစနစ်များနှင့်အညီ နှစ်စဉ်တန်ဖိုးကို သတ်မှတ်ရမည်။ အဆိုပါ မြေနှင့် အဆောက်အအုံများတွင် စီးပွားရေးလုပ်ငန်းအလို့ငှာ စက်ယန္တရား သို့မဟုတ် စက်မှုကိရိယာများ တပ်ဆင် ထားပါက ယင်းတို့ကို နှစ်စဉ်တန်ဖိုးသတ်မှတ်ရာ၌ ထည့်သွင်းတွက်ချက်ရမည်။

၂၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ မြေနှင့် အဆောက်အအုံများအပေါ် ပစ္စည်းခွန်စည်းကြပ်ရာ၌ အထောက်အကူဖြစ်စေရန်အတွက် သင့်လျော်မည့်စနစ်ဖြင့် မြေနှင့်အဆောက်အအုံအမှတ်ကို သတ်မှတ်ပေးရမည်။

၂၄။ မြေ၊ အဆောက်အအုံနှင့်သက်ဆိုင်သည့် ပိုင်ရှင် သို့မဟုတ် နေထိုင်သူ သို့မဟုတ် အသုံးပြုသူသည် ကော်မတီက သတ်မှတ်ပေးသည့် မြေနှင့်အဆောက်အအုံအမှတ်ကို သတ်မှတ်သည့် အရွယ်အစားအတိုင်း ရေးသား ချိတ်ဆွဲထားရမည်။

၂၅။ မြေ၊ အဆောက်အအုံနှင့်သက်ဆိုင်သည့် ပိုင်ရှင် သို့မဟုတ် နေထိုင်သူ သို့မဟုတ် အသုံးပြုသူသည် နှစ်စဉ်တန်ဖိုး သတ်မှတ်ရန်အလို့ငှာ အောက်ဖော်ပြပါအချက်အလက်များကို ပြည့်စုံစွာဖော်ပြ၍ သတ်မှတ် ထားသည့် ကာလအတွင်း ကော်မတီသို့တင်ပြရမည် -

(က) မြေ၊ အဆောက်အအုံ သက်ဆိုင်သည့် ပိုင်ရှင် သို့မဟုတ် နေထိုင်သူ သို့မဟုတ် အသုံးပြုသူ၏ အမည်နှင့် နေရပ်လိပ်စာ၊

(ခ ) မြေ၊ အဆောက်အအုံ၏ အကျယ်အဝန်းအတိုင်းအတာ ၊ အမျိုးအစားခန့်မှန်းခြေ ကာလတန်ဖိုးနှင့် အမှန် ရရှိသော ငှားရမ်းခ၊

(ဂ) မြေ၊ အဆောက်အအုံတွင် စီးပွားရေးလုပ်ငန်းအလို့ငှာ စက်ယန္တရား သို့မဟုတ် စက်မှုကိရိယာ တပ်ဆင် ထားလျှင် ယင်းစက်ယန္တရား သို့မဟုတ် စက်မှုကိရိယာများ၏ ခန့်မှန်းခြေကာလတန်ဖိုး ၊ ထုတ်လုပ်မှု
တန်ဖိုး ၊ လည်ပတ်သုံးစွဲမှု ၊ ရငွေ သုံးငွေဆိုင်ရာ ငွေစာရင်းဇယားများ။

၂၆။ မြေ၊ အဆောက်အအုံနှင့်သက်ဆိုင်သည့် ပိုင်ရှင် သို့မဟုတ် နေထိုင်သူ သို့မဟုတ် အသုံးပြုသူသည် နည်းဥပဒေ ၂၅ တွင် ဖော်ပြသည့် အချက်အလက်များကို မပျက်မကွက်မှန်ကန်စွာဖော်ပြရန် တာဝန်ရှိသည်။

၂၇။ ကော်မတီသည် မြေ၊ အဆောက်အအုံနှင့်သက်ဆိုင်သည့် ပိုင်ရှင် သို့မဟုတ် နေထိုင်သူ သို့မဟုတ် အသုံးပြုသူက နည်းဥပဒေ ၂၅ တွင် ဖော်ပြသည့် အချက်အလက်များကို မမှန်မကန်ဖော်ပြထားကြောင်း စိစစ် တွေ့ရှိလျှင်သော်လည်းကောင်း ၊ အချက်အလက်များကို တင်ပြရန်ပျက်ကွက်ခဲ့လျှင်သော်လည်းကောင်း၊ နှစ်စဉ်တန်ဖိုး သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ သင့်လျော်သည့်အမိန့်ချမှတ်ရမည်။

၂၈။ ကော်မတီသည် မြေ၊ အဆောက်အအုံပိုင်ရှင်က အခကြေးငွေရယူပြီး ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ ပုဂ္ဂိုလ်အများကိုဖြစ်စေ ငှားရမ်းထားလျှင် အဆိုပါ မြေ၊ အဆောက်အအုံအပေါ် ပစ္စည်းခွန်စည်းကြပ်ရာ၌ ပစ္စည်းတစ်ခုတည်း အနေဖြင့်လည်းကောင်း ၊ သီးခြားနေထိုင်သူတစ်ဦးချင်း၏ သီးခြားပစ္စည်းအနေဖြင့် လည်းကောင်း သတ်မှတ်၍ ပစ္စည်းခွန်ကိုsသီးခြားစည်းကြပ်နိုင်သည်။

၂၉။ ကော်မတီသည် ပစ္စည်းခွန်ခွဲပုံစာရင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းဆောင်ရွက်ရမည်-

(က) ဘဏ္ဍာရေးနှစ်အလိုက် ပစ္စည်းခွန်ခွဲပုံစာရင်း ပြုစုထားရှိရမည်။

(ခ ) ဘဏ္ဍာရေးနှစ်အလိုက်ပြုစုထားသော ပစ္စည်းခွန်ခွဲပုံစာရင်းကို မည်သူမဆိုလာရောက်ကြည့်ရှုနိုင်သည်ဟု ကြေညာရမည်။

(ဂ ) ပစ္စည်းအရပ်ရပ်အတွက် နှစ်စဉ်တန်ဖိုးသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ မကျေနပ်လျှင် ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း (၃ဝ)အတွင်း မည်သူမဆိုစာဖြင့် တင်ပြကန့်ကွက်နိုင်သည်ဟု ကြေညာချက်တွင်
ဖော်ပြရမည်။

(ဃ) ယခင်ဘဏ္ဍာရေးနှစ်အလိုက်ပြုစုထားသော ပစ္စည်းခွန်ခွဲပုံစာရင်းကိုအခြေခံ၍ လာမည့်ဘဏ္ဍာရေးနှစ် အတွက် လိုအပ်သလိုပြင်ဆင်အသုံးပြုနိုင်သည်။

၃ဝ။ ကော်မတီသည် နှစ်စဉ်တန်ဖိုးသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာကို အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က) နည်းဥပဒေ ၂၉ ၊ နည်းဥပဒေခွဲ (ဂ)အရ တင်သွင်းလာသော ကန့်ကွက်လွှာကို သတ်မှတ်ချက်နှင့်အညီ ကြားနာစစ်ဆေးရမည်။

(ခ ) ကန့်ကွက်လွှာကို ကြားနာစစ်ဆေးပြီးသည့်အခါ နှစ်စဉ်တန်ဖိုးသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ အမိန့်ချမှတ် ရမည်။

(ဂ ) ချမှတ်သည့်အမိန့်အတိုင်း ပစ္စည်းခွန်ခွဲပုံစာရင်းတွင် လိုအပ်သလိုပြင်ဆင်ရမည်။

၃၁။ ကော်မတီသည် နှစ်စဉ်တန်ဖိုးသတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ လိမ်လည်ခြင်းကြောင့်ဖြစ်စေ ၊ လွဲမှားစည်းကြပ် ထားခြင်းကြောင့်ဖြစ်စေ ၊ ပစ္စည်းခွန်တိုးမြှင့်စည်းကြပ်ရန် လိုအပ်ခြင်းကြောင့်ဖြစ်စေ နှစ်စဉ်တန်ဖိုး သတ်မှတ်ခြင်း ကိုပြင်ဆင်ရန် လိုအပ်ပါက သက်ဆိုင်ရာပုဂ္ဂိုလ်အား အကြောင်းကြား၍ လိုအပ်သလိုပြင်ဆင်နိုင်သည်။

၃၂။ သက်ဆိုင်ရာပုဂ္ဂိုလ်သည် ကော်မတီက နည်းဥပဒေ ၃၁ အရ နှစ်စဉ်တန်ဖိုးသတ်မှတ်ခြင်းကိုပြင်ဆင်လျှင် အကြောင်းကြားစာတွင် သတ်မှတ်ထားသောနေ့ရက်အတွင်း ကော်မတီသို့စာဖြင့် ကန့်ကွက်လွှာ တင်သွင်းခွင့် ရှိသည်။

၃၃။ ကော်မတီသည် ကန့်ကွက်လွှာအရ ကန့်ကွက်သူအားကြားနာစစ်ဆေးပြီး နှစ်စဉ်တန်ဖိုး သတ်မှတ်ခြင်းကို ပြင်ဆင်အမိန့်ချမှတ်နိုင်သည်။

၃၄။ ကော်မတီသည် ပစ္စည်းခွန်ခွဲပုံစာရင်းအတည်ပြုပြီးနောက် အသစ်ဆောက်လုပ်ပြီးစီးသည့် အဆောက်အအုံ အပေါ် ပစ္စည်းခွန်စည်းကြပ်ရန် နောက်ဆက်တွဲပစ္စည်းခွန်ခွဲပုံစာရင်း၌ ထည့်သွင်းဖော်ပြပြီး ယင်း အဆောက် အအုံတွင် အမှန်နေထိုင်သည့်နေ့ သို့မဟုတ် အသုံးပြုသည့်နေ့မှအစပြု၍ ပစ္စည်းခွန်စည်းကြပ်ရမည်။

၃၅။ နည်းဥပဒေ ၂၇ ၊ နည်းဥပဒေ ၃ဝ ၊ နည်းဥပဒေခွဲ (ခ)နှင့် နည်းဥပဒေ ၃၃ တို့အရ နှစ်စဉ်တန်ဖိုး သတ်မှတ်ခြင်း နှင့်စပ်လျဉ်း၍ ကော်မတီက ယင်း၏လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရန် နည်းဥပဒေ ၅၄ အရ လွှဲအပ်ထားသော ဌာန ၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကချမှတ်သည့်အမိန့်အပေါ်မကျေနပ်ပါက ပစ္စည်းခွန် စည်းကြပ်ခြင်းခံရသူသည်-

(က) ကော်မတီသို့ အယူခံပိုင်ခွင့်ရှိသည်။

(ခ ) အယူခံလွှာကို ပစ္စည်းခွန်ထမ်းဆောင်ရန် အကြောင်းကြားစာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃ဝ) အတွင်း တင်သွင်းရမည်။

(ဂ ) စည်းကြပ်ခြင်းခံရသော ပစ္စည်းခွန်ကို ပေးဆောင်ပြီးမှသာ အယူခံပိုင်ခွင့်ရှိသည်။

၃၆။ နည်းဥပဒေ ၃၅ အရ အယူခံအမှုတွင် ကော်မတီ၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

၃၇။ ပစ္စည်းခွန်စည်းကြပ်ခြင်းခံရသူသည် အယူခံအမှုတွင် အနိုင်ရရှိပါက ပေးသွင်းထားသည့် ပစ္စည်းခွန် အားလုံး ကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ကော်မတီ၏ဆုံးဖြတ်ချက်နှင့်အညီ ပြန်လည်တောင်းခံပိုင်ခွင့်ရှိသည်။

၃၈။ ပစ္စည်းခွန်စည်းကြပ်ထားသော မြေ၊ အဆောက်အအုံနှင့် သက်ဆိုင်သည့် ပိုင်ရှင်၊ နေထိုင်သူ သို့မဟုတ် အသုံးပြုသူသည် နည်းဥပဒေ ၂၅ အရ လိုအပ်သော အသေးစိတ်အချက်အလက်များကို စာဖြင့်တင်ပြပြီးနောက် ငှားရမ်းခ ပြောင်းလဲလျှင် ယင်းကဲ့သို့ ငှားရမ်းခ ပြောင်းလဲသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း ကော်မတီသို့ စာဖြင့် အကြောင်းကြားရမည်။

၃၉။ မြေ၊ အဆောက်အအုံနှင့် သက်ဆိုင်သည့် ပိုင်ရှင်၊ နေထိုင်သူ သို့မဟုတ် အသုံးပြုသူသည် ငှားရမ်းခ ပြောင်းလဲခြင်းကို နည်းဥပဒေ ၃၈ အရ ကော်မတီသို့ စာဖြင့်အကြောင်းကြားရန် ပျက်ကွက်လျှင် ပစ္စည်းခွန် စည်းကြပ်မှုအပေါ် ကန့်ကွက်ပိုင်ခွင့် မရှိစေရ။

၄ဝ။ ကော်မတီသည် ပစ္စည်းခွန်စည်းကြပ်ရန်ကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းရန် လိုအပ်ပါက ပိုင်ရှင်၊ နေထိုင်သူ သို့မဟုတ် အသုံးပြုသူအား ကော်မတီသို့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြစ်စေ လာရောက်ရန် အကြောင်းကြား နိုင်သည်။

၄၁။ မြေ၊ အဆောက်အအုံနှင့် သက်ဆိုင်သည့် ပိုင်ရှင်၊ နေထိုင်သူ သို့မဟုတ် အသုံးပြုသူသည် နည်းဥပဒေ ၄ဝ အရ အကြောင်းကြားစာရရှိလျှင် ကော်မတီသို့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြစ်စေ မပျက်မကွက် သွားရောက်ရန် နှင့် မေးမြန်းချက်ကို မှန်ကန်စွာ ဖြေဆိုရန် တာဝန်ရှိသည်။

အခန်း(၄)

ပစ္စည်းခွန် လျော့ပေါ့ခြင်း နှင့် ပြန်အမ်းခြင်း

၄၂။ ပိုင်ရှင်သည်-

(က) မြို့တော်နယ်နိမိတ်အတွင်းရှိ မြေ၊ အဆောက်အအုံတွင် မည်သူမျှ နေထိုင်အသုံးပြုခြင်းမရှိဘဲ အနည်းဆုံး ရက်ပေါင်း ၃ဝ တစ်ဆက်တည်း လစ်လပ်နေလျှင်ဖြစ်စေ၊ ငှားရမ်းခမရရှိလျှင်ဖြစ်စေ ကော်မတီသို့
ရက်ပေါင်း ၃ဝ အတွင်း စာဖြင့် အကြောင်းကြားရမည်။

(ခ) နည်းဥပဒေခွဲ(က)အရ အကြောင်းကြားပါက ပစ္စည်းခွန်လျှော့ပေါ့ရန် သို့မဟုတ် ပြန်အမ်းရန် တောင်းခံပိုင်ခွင့် ရှိသည်။

(ဂ) နည်းဥပဒေခွဲ(က)အရ အကြောင်းကြားရန် ပျက်ကွက်ပါက မည်သည့်ပစ္စည်းခွန်ကိုမျှ လျှော့ပေါ့ရန် သို့မဟုတ် ပြန်အမ်းရန် တောင်းခံပိုင်ခွင့် မရှိစေရ။

၄၃။ ပိုင်ရှင်သည်-

(က) မြို့တော်နယ်နိမိတ်အတွင်းရှိ လစ်လပ်နေသော မြေ၊ အဆောက်အအုံကို ပြန်လည်အသုံးပြုလျှင်ဖြစ်စေ၊ ငှားရမ်းခ ရရှိလျှင်ဖြစ်စေ အသုံးပြုသည့်နေ့ သို့မဟုတ် ငှားရမ်းသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း
ကော်မတီသို့ စာဖြင့် အကြောင်းကြားရမည်။

(ခ) နည်းဥပဒေခွဲ(က)အရ အကြောင်းကြားရန် ပျက်ကွက်ပါက မည်သည့်ပစ္စည်းခွန်ကိုမျှ လျှော့ပေါ့ရန် သို့မဟုတ် ပြန်အမ်းရန် တောင်းခံပိုင်ခွင့် မရှိသည့်အပြင် ယခင်ခွင့်ပြုပြီးဖြစ်သည့် ပစ္စည်းခွန်လျှော့ပေါ့ငွေနှင့်
ပြန်အမ်းငွေ တို့ကိုလည်း ပြန်လည်ပေးသွင်းရမည်။

၄၄။ ကော်မတီသည် ပိုင်ရှင်က အဆောက်အအုံတစ်ခုလုံးကိုဖြစ်စေ ၊ အစိတ်အပိုင်းကိုဖြစ်စေ ပျက်စီးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းကြောင့် ပစ္စည်းခွန်ကို လျှော့ပေါ့ရန် သို့မဟုတ် ပြန်အမ်းရန်လျှောက်ထားလာလျှင် သင့်လျော်သည့် ပစ္စည်းခွန်ကို လျှော့ပေါ့ခြင်း သို့မဟုတ် ပြန်အမ်းခြင်း ပြုနိုင်သည်။

၄၅။ စီးပွားရေးလုပ်ငန်းအတွက် အသုံးပြုသော စက်ရုံ ၊ အလုပ်ရုံ ပိုင်ရှင် သို့မဟုတ် အသုံးပြုသူသည်-

(က) လုပ်ငန်းသဘာဝအလျောက် စက်ရုံ ၊ အလုပ်ရုံ ပိတ်ထားရသည့်အချိန်ကာလအတွက် ပစ္စည်းခွန်လျှော့ပေါရန် သို့မဟုတ် ပြန်အမ်းရန် တောင်းခံပိုင်ခွင့်မရှိစေရ။

(ခ) လုပ်ငန်းသဘာဝနှင့်လုံးဝပတ်သက်ခြင်းမရှိဘဲ စက်ရုံ ၊ အလုပ်ရုံ ပိတ်ထားရလျှင် အဆိုပါ ပိတ်ရက်များ အတွက် ဤနည်းဥပဒေများပါ ပြဌာန်းချက်များနှင့်အညီ ပစ္စည်းခွန်လျှော့ပေါ့ရန် သို့မဟုတ် ပြန်အမ်းရန်
တောင်းခံ ပိုင်ခွင့်ရှိသည်။

၄၆။ ပိုင်ရှင်သည် မြေ ၊ အဆောက်အအုံကို တစ်ခါတစ်ရံသာ အသုံးပြုသည်ဟူသော အကြောင်းပြချက်ဖြင့် ပစ္စည်းခွန် လျှော့ပေါရန် သို့မဟုတ် ပြန်အမ်းရန် တောင်းခံပိုင်ခွင့်မရှိစေရ။

၄၇။ မြေ ၊ အဆောက်အအုံပိုင်ရှင်သည်-

(က) နည်းဥပဒေ ၄၂၊ နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေ ၄၅၊ နည်းဥပဒေခွဲ(ခ)အရ ပစ္စည်းခွန် လျှော့ပေါ့ရန် သို့မဟုတ် ပြန်အမ်းရန် ၆ လအတွင်း တောင်းခံပိုင်ခွင့်ရှိသည်။

(ခ) မီးလောင်၍ဖြစ်စေ ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ အဆောက်အအုံ လုံးဝပျက်စီးသွားလျှင် သို့မဟုတ်ဖျက်သိမ်းသွားလျှင် ပစ္စည်းခွန်လျှော့ပေါ့ရန် သို့မဟုတ် ပြန်အမ်းရန် (၁)နှစ်အတွင်း တောင်းခံပိုင်
ခွင့်ရှိသည်။

(ဂ ) နည်းဥပဒေခွဲ(က)အရ ဖြစ်စေ ၊ နည်းဥပဒေခွဲ(ခ)အရ ဖြစ်စေ တောင်းခံရာတွင် သတ်မှတ်သည့် ကာလ အတွင်း တောင်းခံရန်ပျက်ကွက်ပါက ပစ္စည်းခွန်လျှော့ပေါရန် သို့မဟုတ် ပြန်အမ်းရန်
တောင်းခံပိုင်ခွင့်မရှိစေရ။

၄၈။ ကော်မတီသည် ဤနည်းဥပဒေများအရ ပစ္စည်းခွန်လျှော့ပေါ့ခြင်း သို့မဟုတ် ပြန်အမ်းခြင်းတွက်ချက်ရာ၌ (၁ဝ)ရက်ထက်နည်းသောရက်များကို ထည့်သွင်းတွက်ချက်ခြင်းမပြုရ။

အခန်း(၅)

ပစ္စည်းခွန်ကောက်ခံခြင်း

၄၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ပစ္စည်းခွန်ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရမည်-

(က) ပစ္စည်းခွန်စည်းကြပ်ကောက်ခံရန်အတွက် နယ်မြေအတန်းအစားပိုင်းခြားသတ်မှတ်ရမည်။

(ခ ) နည်းဥပဒေခွဲ(က)အရ ပိုင်းခြားထားသော နယ်မြေအတန်းအစားအလိုက် ပစ္စည်းခွန်စည်းကြပ်ရမည်။

(ဂ ) နည်းဥပဒေခွဲ(က)အရ ပိုင်းခြားထားသော နယ်မြေအတန်းအစားကို အခါအားလျော်စွာ ပြင်ဆင် သတ်မှတ် နိုင်သည်။

၅ဝ။ ပစ္စည်းခွန်စည်းကြပ်ခြင်းခံရသူသည် ပစ္စည်းခွန်များကို (၃)လတစ်ကြိမ်ဖြစ်စေ ၊ (၆)လတစ်ကြိမ်ဖြစ်စေ၊ (၁)နှစ်တစ်ကြိမ်ဖြစ်စေ စည်းကြပ်သည့်အတိုင်း ပေးဆောင်ရမည်။

၅၁။ ကော်မတီသည်-

(က) ပစ္စည်းခွန်ကောက်ခံရန်သင့်လျော်သည့် ဝန်ထမ်း သို့မဟုတ် အဖွဲ့အစည်းအား တာဝန်ပေးအပ်နိုင်သည်။

(ခ ) ပစ္စည်းခွန်ကောက်ခံသည့် အဖွဲ့အစည်းအား (၁)နှစ်အတွက် ပစ္စည်းခွန်ကောက်ခံပေးသွင်းသည့်ငွေအပေါ်တွင် ကော်မတီက အခါအားလျော်စွာ သတ်မှတ်သည့်နှုန်းထားဖြင့် ခိုင်ကြေးထုတ်ပေးနိုင်သည်။

၅၂။ ကော်မတီသည် ပစ္စည်းခွန်ကောက်ခံရာ၌ ပြေစာတွင်ဖော်ပြသည့် ကျသင့်ငွေကို တိကျစွာကောက်ခံ၍ ပြေစာကို သက်ဆိုင်ရာပစ္စည်းခွန်စည်းကြပ်ခြင်းခံရသူအား ချက်ချင်းပေးရန်နှင့် အမှန်တကယ်ပေးဆောင်ပြီး သော ပစ္စည်းခွန်ကို ထပ်မံကောက်ခံမှုများမပြုလုပ်ရန် ကြီးကြပ်ဆောင်ရွက်ရမည်။

အခန်း(၆)

အထွေထွေ

၅၃။ ကော်မတီသည် သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်အတွင်း ပစ္စည်းခွန် ကြွေးကျန်များကို မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံနိုင်သည်။

၅၄။ ကော်မတီသည် ဤနည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသောလုပ်ငန်းတာဝန်များကို မိမိလက်အောက်ရှိ သက်ဆိုင်ရာ ဌာန ၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

၅၅။ ကော်မတီသည် ဤနည်းဥပဒေများပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

အမိန့်အရ

(ပုံ) ကို လေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာအမှတ် ၁၅/၉၉

ရန်ကုန်မြို့၊ ၁၃၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်

(၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်။

အခန်း (၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင်ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင် ပါရှိသည့် အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-

(က) မြို့တော်နယ်နိမိတ် ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ကို ဆိုသည်။

(ခ ) ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဆိုသည်မှာ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအား တာဝန်ယူ ကြီးကြပ်အုပ်ချုပ်ရသော အရာရှိကို ဆိုသည်။

(ဂ) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဆိုသည်မှာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအား တာဝန်ယူ ကြီးကြပ်ကွပ်ကဲရသော အရာရှိကို ဆိုသည်။

(ဃ) လုပ်ငန်း ဆိုသည်မှာ အစားအသောက် ၊ သုံးစွဲရန်ပစ္စည်း သို့မဟုတ် သုံးစွဲရန် အထောက်အကူပစ္စည်းကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တည်ခင်းခြင်း၊ ဖြန့်ဖြူးခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် စက်ရုံ ၊
သိုလှောင်ရုံ၊ အလုပ်ရုံများအပြင် ဝန်ဆောင်မှု၊ အကျိုးဆောင်လုပ်ငန်း ဆောင်ရွက်ခြင်းများလည်း ပါဝင်သည်။

(င ) လုပ်ငန်းလိုင်စင် ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း မြို့တော်သာယာလှပရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကို ထိခိုက်စေနိုင်သည့် သို့မဟုတ် အများပြည်သူအား အသံဖြင့်လည်းကောင်း၊ အနံ့ဖြင့်
လည်းကောင်း၊ အရောင်ဖြင့်လည်းကောင်း၊ အတွေ့အမြင်အရလည်းကောင်း စိတ်ငြိုငြင်မှုဖြစ်စေနိုင်သည့် လုပ်ငန်း ၊ အများပြည်သူတို့၏အသက်ကိုဖြစ်စေ ၊ ကျန်းမာရေးကိုဖြစ်စေ ၊ ပစ္စည်းကိုဖြစ်စေ
အန္တရာယ်ဖြစ်စေနိုင်သည့် သို့မဟုတ် အများပြည်သူတို့အား စိတ်ငြိုငြင်မှုဖြစ်စေနိုင်သည့်အရာဝတ္ထုများ ၊ အစားအသောက်များကို သိုလှောင်ခြင်း ၊ ထုတ်လုပ်ခြင်း ၊ တည်ခင်းရောင်းချခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်း
လုပ်ငန်းလုပ်ကိုင်ရန် ကော်မတီ က ထုတ်ပေးသည့်လိုင်စင်ကို ဆိုသည်။

(စ ) တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင် ဆိုသည်မှာ ဟိုတယ်နှင့်ခရီးသွားလာရေး၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော ဟိုတယ် ၊ မိုတယ် ၊ ဧည့်ဂေဟာနှင့် တည်းခိုရိပ်သာများမှအပ အခြား
တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ကိုဆိုသည်။

(ဆ) ယာယီဇာတ်ရုံဆောက်လုပ်ခွင့်ပြုမိန့် ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ဘုရားပွဲ ၊ အားကစားပွဲ စသည့် ပွဲလမ်းသဘင်များတွင် အများပြည်သူများအား ဖျော်ဖြေနိုင်ရေးအတွက် ဇာတ်ရုံဆောက်လုပ်ရန်
ကော်မတီက ထုတ်ပေးသည့် ခွင့်ပြုမိန့်ကို ဆိုသည်။

(ဇ ) ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့်လိုင်စင် ဆိုသည်မှာ ယာဉ်တစ်မျိုးမျိုးကိုအသုံးပြု၍ ထီလက်မှတ် သို့မဟုတ် ကုန်ပစ္စည်းများ လှည့်လည်ကြော်ငြာခြင်း ၊ ရောင်းချခြင်း စသည့်လုပ်ငန်းများလုပ်ကိုင်ရန်
ကော်မတီက ထုတ်ပေး သည့်လိုင်စင်ကိုဆိုသည်။

(စျ ) လမ်းဘေးစျေးဆိုင် ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကသတ်မှတ်ပေးသော နေရာများတွင် အချိန်အကန့်အသတ်ဖြင့် အခပေးဆောင်၍ ခွင့်ပြုထားသည့်ကုန်ပစ္စည်းများကို ယာယီရောင်းချသော
စျေးဆိုင် ကိုဆိုသည်။

(ည) အိမ်ဆိုင် ဆိုသည်မှာ လူနေအိမ်ခန်းတွင်ဖြစ်စေ ၊ ဥပစာ၏ခြံစည်းရိုးကိုဖောက်၍ဖြစ်စေ ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်ကို ဆိုသည်။ ယင်းစကားရပ်တွင် ကော်မတီက ကင်းလွတ်ခွင့်ပြုထားသော
အိမ်ဆိုင်မပါဝင်။

(ဋ ) ပစ္စည်းစုံဆိုင် ဆိုသည်မှာ ကွမ်းယာနှင့်အခြားလူသုံးကုန်ပစ္စည်း သို့မဟုတ် လူသုံးကုန်ပစ္စည်းများကို တွဲဖက် ရောင်းချသည့်ဆိုင် သို့မဟုတ် လုပ်ငန်းကိုဆိုသည်။

(ဌ ) ကုန်ပဒေသာဆိုင် ဆိုသည်မှာ ဧရိယာအကျယ်အဝန်း စတုရန်းပေ ၁ဝဝဝအောက်ရှိသော အဆောက်အအုံတွင် လူသုံးကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်ကို ဆိုသည်။

(ဍ ) ကုန်တိုက် ဆိုသည်မှာ ဧရိယာအကျယ်အဝန်း စတုရန်းပေ ၁ဝဝဝနှင့်အထက်ရှိသော အဆောက်အအုံတွင် လူသုံးကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်ကို ဆိုသည်။

(ဎ ) နံရံကပ်ဆိုင် ဆိုသည်မှာ အဆောက်အအုံတစ်ခုခု၏ နံရံကပ်လျက် ဧရိယာ အကျယ်အဝန်း အနည်းဆုံး ၁၂ စတုရန်းပေရှိသည့်ဆိုင်ကို ဆိုသည်။

(ဏ) လှေကားခွင်တွင် ရောင်းချသည့်ဆိုင် အဆောက်အအုံ တစ်ခုခုတွင် အများပြည်သူသုံးစွဲသည့် လှေကား၏ အောက် ၊ လှေကားအဝအနီးတစ်ဝိုက်တွင် ဖွင့်လှစ်ရောင်းချသော ဆိုင် သို့မဟုတ် လုပ်ငန်းကို ဆိုသည်။

(တ) လက်ပွေ့ရောင်းချသူ ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း အထမ်းဖြင့်လည်းကောင်း ၊ လက်ပွေ့၍ လည်းကောင်း ၊ ခေါင်းရွက်၍လည်းကောင်း ကုန်ပစ္စည်းတစ်မျိုးမျိုး သို့မဟုတ် ကုန်ပစ္စည်းများကို
လှည့်လည် ရောင်းချသူကို ဆိုသည်။

(ထ) ကိုယ်ပိုင်စျေး ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ပုဂ္ဂိုလ်တစ်ဦးဦး သို့ မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ် က စျေးအဖြစ်အသုံးပြုရန် ကော်မတီထံမှ လိုင်စင်ရယူ၍ ဖွင့်လှစ်သောစျေးကို ဆိုသည်။
ယင်းစကားရပ်တွင် ကော်မတီက စျေးအဆင့်သတ်မှတ်သည့် ကုန်ပဒေသာဆိုင်နှင့် ကုန်တိုက်များလည်း ပါဝင်သည်။

အခန်း(၂)

လုပ်ငန်းတာဝန်များ

၃။ ကော်မတီသည် အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်-

(က) ဖွဲ့စည်းပုံရေးဆွဲခြင်း ၊ ရာထူးတီထွင်ခြင်း ၊ ဝန်ထမ်းများစတင်ခန့်ထားခြင်း ၊ အတည်ပြုခန့်ထားခြင်း ၊ ရာထူးတိုးမြှင့်ခန့်ထားခြင်း ၊ ပြောင်းရွှေ့ခြင်း၊

(ခ ) ဝန်ထမ်းများ ခွင့်ခံစားခြင်း ၊ အငြိမ်းစားယူခြင်း ၊ အငြိမ်းစားဝန်ထမ်းကို ဘဏ္ဍာရေးနှစ်အလိုက် ခန့်ထား ခြင်း ၊ ကျွမ်းကျင်ပညာရှင်များ ခန့်ထားခြင်း၊

(ဂ) ဝန်ထမ်းများ၏အမှုထမ်းသက်မှတ်တမ်း ၊ ဝန်ထမ်းအင်အားစာရင်းများကို ထိန်းသိမ်းခြင်း ၊ စိစစ်ခြင်း ၊ ကိုယ်ရေးအကျဉ်းမှတ်တမ်း ၊ အမှုထမ်းများ၏ အတွင်းရေးအစီရင်ခံစာများ ၊ ကိုယ်ရေးအရည်အချင်း
မှတ်တမ်းများ ထိန်းသိမ်းခြင်း၊

(ဃ) သင်တန်းများစေလွှတ်ခြင်း၊

(င ) နိုင်ငံတော်မှချီးမြှင့်သည့် ဂုဏ်ထူး ၊ ဘွဲ့ထူးလက်မှတ် ၊ ဆုတံဆိပ်များရရှိစေရန် ထောက်ခံတင်ပြခြင်း၊

(စ ) ဝန်ထမ်းများအား ရာထူးမှခေတ္တချထားခြင်း ၊ ပြန်လည်ခန့်ထားခြင်း ၊ ရာထူးမှရပ်စဲခြင်း ၊ ထုတ်ပယ်ခြင်း ၊ ထုတ်ပစ်ခြင်း၊

(ဆ) မြို့တော်နယ်နိမိတ်အတွင်းရှိ မြို့နယ်တရားရုံး(စည်ပင်သာယာ)၊ မြို့နယ်ဥပဒေရုံး (စည်ပင်သာယာ) ဖွင့်လှစ်ခြင်း ၊ ကြီးကြပ်ခြင်း၊

(ဇ) မြို့တော်နယ်နိမိတ်အတွင်း မြို့တော်သူ ၊ မြို့တော်သားများအား မြို့တော်အင်္ဂါရပ်နှင့်အညီ နေထိုင်ကြစေရန် စည်းရုံးခြင်း ၊ စည်ပင်သာယာလုပ်ငန်းများအကြောင်း သိကောင်းစရာအဖြာဖြာကို ပြည်သူတို့
ကျယ်ပြန့်စွာ သိရှိ နားလည်စေရန် သတင်းပြန်ကြားခြင်း ၊ မြို့တော်သူ ၊ မြို့တော်သားများ၏ စည်ပင်သာယာရေးဆိုင်ရာ အခက်အခဲ များကို ပြန်ကြားဖြေရှင်းပေးသည့် လုပ်ငန်းများဆောင်ရွက်ခြင်း၊

(စျ) မြို့တော်နယ်နိမိတ်အတွင်း လုပ်ငန်းလိုင်စင်များ ၊ တည်းခိုခန်းလိုင်စင် ၊ ဘော်ဒါဆောင်လိုင်စင်၊ ကိုယ်ပိုင် စျေးလိုင်စင်နှင့် ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့်လိုင်စင်များ စိစစ်ခွင့်ပြုခြင်း ၊ ပယ်ဖျက်ခြင်း၊
ယာယီဇာတ်ရုံများ ဆောက်လုပ်ခွင့်ပြုခြင်း ၊ ယင်းတို့နှင့်စပ်လျဉ်းသည့် စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(ည) မြို့တော်နယ်နိမိတ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများအား ကြီးကြပ် ကွက်ကဲခြင်း၊

(ဋ ) ကော်မတီက တာဝန်ခံဖွင့်လှစ်သော သင်တန်းကျောင်းအား ကြီးကြပ်ကွက်ကဲခြင်း၊

(ဌ ) ကော်မတီရှိ ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ခြင်း ၊ နေရာချထားခြင်းများကို ကြီးကြပ် ခြင်း၊ စည်းကမ်းထိန်းသိမ်းရေးတွင် ကြီးကြပ်ကွက်ကဲခြင်း၊

(ဍ ) လမ်းဘေးစျေးဆိုင် ၊ လမ်းဘေးစျေးသည်များနှင့်ပတ်သက်၍ ကြီးကြပ်ခြင်း ၊ စည်းကမ်းချက်များ သတ်မှတ် ခြင်း ၊ နေရာနှင့်အချိန်ကာလသတ်မှတ်ခြင်း၊

(ဎ ) ရုပ်မြင်သံကြား ၊ ရေဒီယို ၊ သတင်းစာ ၊ ဂျာနယ် ၊ မဂ္ဂဇင်းများတွင် သတင်းထုတ်ပြန်ခြင်း ၊ ပညာပေးခြင်း ၊ ထုတ်လွှင့်ပြသခြင်း ၊ ဖျော်ဖြေခြင်း ၊ အဆို ၊ အက အဖွဲ့များ ဖွဲ့စည်းခြင်း၊

(ဏ) မြို့တော်နယ်နိမိတ်အတွင်း လုပ်ငန်းလုပ်ကိုင်သည့်နေရာများ ၊ ကိုယ်ပိုင်စျေးများကို စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း ၊ လိုင်စင် သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်နေကြောင်းတွေ့ရှိပါက
အရေးယူခြင်း၊

(တ) မြို့တော်နယ်နိမိတ်အတွင်း တည်းခိုခန်း ၊ ဟိုတယ် ၊ မိုတယ် ၊ ဧည့်ဂေဟာနှင့် တည်းခိုရိပ်သာများအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ စစ်ဆေးခြင်း ၊ အရေးယူခြင်း၊

(ထ) လုပ်ငန်းလိုင်စင်သက်တမ်းတိုးမြှင့်ခြင်း ၊ လုပ်ငန်းအမည်ပြောင်းခြင်း ၊ လုပ်ငန်းတည်ရှိရာ နေရပ်လိပ်စာ ပြောင်းခြင်း ၊ လုပ်ငန်းပိုင်ဆိုင်မှုလွှဲပြောင်းခြင်း ၊ လုပ်ငန်းအမျိုးအစားပြောင်းခြင်း ၊ လုပ်ငန်း
အချင်းချင်း ပူးပေါင်းခြင်း ၊ လုပ်ငန်းခွဲခြားခြင်းများနှင့်ပတ်သက်၍ စိစစ်ခွင့်ပြုခြင်း၊ စည်းကမ်းချက်များ သတ်မှတ်ခြင်း ၊

(ဒ ) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများတွင် အကြောင်းအမျိုးမျိုးကြောင့်ကောက်ခံမရနိုင်သော အခွန် အခများကို ပယ်ဖျက်ခြင်းနှင့် ပယ်ဖျက်ခွင့်ရလျှင် စာရင်းမှလျှော့နိုင်ရေးကို ဆောင်ရွက်ခြင်း၊

(ဓ ) ယာယီစီးပွားရေး စုပုံလုပ်ငန်းများအား ယာယီခွင့်ပြုခြင်း ၊ ကြီးကြပ်ခြင်းနှင့် စည်းကမ်းချက်များ သတ်မှတ် ခြင်း ၊ ပြင်ဆင်ခြင်း ။

အခန်း(၃)

လုပ်ငန်းလိုင်စင်လျှောက်ထားခြင်း၊ ထုတ်ပေးခြင်း

၄။ မြို့တော်နယ်နိမိတ်အတွင်း လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်လုပ်ကိုင်လိုသူသည် သက်ဆိုင်ရာ လုပ်ငန်း လိုင်စင် ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့လျှောက်ထားရမည်။

၅။ ကော်မတီသည်-

(က) နည်းဥပဒေ ၄ အရ လျှောက်ထားသည့် လျှောက်လွှာပါအချက်များ မှန်ကန်မှု ရှိ မရှိ စိစစ်ရမည်။

(ခ ) လိုအပ်ပါက သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ထံ သဘောထား မှတ်ချက် တောင်းခံနိုင်သည်။

(ဂ ) လျှောက်ထားချက်အရ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ဃ) နည်းဥပဒေခွဲ (ဂ) အရ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်းကို လျှောက်ထားသူထံ ရက်ပေါင်း ၉၀ အတွင်း စာဖြင့်အကြောင်းကြားရမည်။

(င ) လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ခွင့်ပြုလျှင် သတ်မှတ်သည့်လိုင်စင်ခကိုပေးသွင်းစေပြီး သတ်မှတ် ထားသည့် လုပ်ငန်းလိုင်စင်ကို လျှောက်ထားသူအား ထုတ်ပေးရမည်။

၆။ လုပ်ငန်းလုပ်ကိုင်သူသည် လုပ်ငန်းလိုင်စင်သက်တမ်းကုန်ဆုံးပြီး လုပ်ငန်းကိုဆက်လက်လုပ်ကိုင်လိုပါက လုပ်ငန်းလိုင်စင် သက်တမ်းတိုးမြှင့်ရန် သက်တမ်းမကုန်မီအနည်းဆုံး ရက်ပေါင်း(၃၀)ကြိုတင်၍ သတ်မှတ်ချက် များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။

၇။ ကော်မတီသည်-

(က) လုပ်ငန်းလိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် လျှောက်လွှာပါအချက်များ မှန်ကန်မှု ရှိ မရှိ စိစစ်ရမည်။

(ခ ) လိုအပ်ပါက သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ထံ သဘောထားမှတ်ချက် တောင်းခံနိုင်သည်။

(ဂ ) လုပ်ငန်းလိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ဃ) နည်းဥပဒေခွဲ (ဂ) အရ လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ငြင်းပယ်ခြင်းကို လျှောက်ထားသူထံ ရက်ပေါင်း (၉၀)အတွင်း စာဖြင့်အကြောင်းကြားရမည်။

(င) နည်းဥပဒေခွဲ (ဂ) အရ လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုလျှင် သတ်မှတ်သည့်ရက်အတွင်း လျှောက်ထားပါက သတ်မှတ်သည့်သက်တမ်းတိုးမြှင့်ခကိုလည်းကောင်း ၊ သတ်မှတ်သည့်ရက်အတွင်း
မလျှောက်ထားပါက သတ်မှတ်သည့်သက်တမ်းတိုးမြှင့်ခနှင့် ဒဏ်ကြေးတို့ ကိုလည်းကောင်း ပေးသွင်းစေပြီး လုပ်ငန်းလိုင်စင်သက်တမ်းတိုးမြှင့်ပေးရမည်။

၈။ လုပ်ငန်းလုပ်ကိုင်သူသည် လုပ်ငန်းလိုင်စင်ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းအတွက် လုပ်ငန်းလိုင်စင် မိတ္တူမှန်ရရှိရန် ခိုင်လုံသောအထောက်အထားများ ပူးတွဲ၍ ကော်မတီသို့လျှောက်ထားရမည်။

၉။ ကော်မတီသည်-

(က) နည်းဥပဒေ ၈ အရ လျှောက်ထားသည့် လျှောက်လွှာကို စိစစ်၍ လုပ်ငန်း လိုင်စင်မိတ္တူထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ခ ) နည်းဥပဒေခွဲ (က) အရ လုပ်ငန်းလိုင်စင်မိတ္တူထုတ်ပေးရန် ခွင့်ပြုပါက သတ်မှတ်သည့်အခကြေးငွေကို ပေးသွင်းစေပြီး လုပ်ငန်းလိုင်စင်မိတ္တူကို လျှောက်ထားသူအား ထုတ်ပေးရမည်။

၁၀။ လုပ်ငန်းလုပ်ကိုင်သူသည် လုပ်ငန်းနှင့်စပ်လျဉ်း၍ အမည်ပြောင်းခြင်း ၊ တည်ရှိရာနေရာ လိပ်စာပြောင်းခြင်း၊ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း ၊ အမျိုးအစားပြောင်းခြင်း သို့မဟုတ် အချင်းချင်းပူးပေါင်းခြင်း ခွဲခြားခြင်း ဆောင်ရွက် လိုပါက လုပ်ငန်းလိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း(၃၀) ကြိုတင်၍ သတ်မှတ်ချက်များနှင့် အညီ ကော်မတီသို့လျှောက်ထားရမည်။

၁၁။ ကော်မတီသည်-

(က) နည်းဥပဒေ ၁၀ အရ လျှောက်ထားသည့် လျှောက်လွှာပါအချက်များ မှန်ကန်မှု ရှိ မရှိ စိစစ်ရမည်။

(ခ ) လိုအပ်ပါက လျှောက်လွှာပါအချက်များနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးနိုင်သည်။

(ဂ ) လျှောက်ထားချက်အရ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

၁၂။ ကော်မတီသည် ထုတ်ပေးထားသည့်လိုင်စင်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို လုပ်ငန်းလုပ်ကိုင်သူက ဖောက်ဖျက်ကျူးလွန်ကြောင်း စိစစ်တွေ့ရှိရလျှင် အောက်ပါစီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊

(ခ ) လိုင်စင်ကို ပယ်ဖျက်ခြင်း၊

၁၃။ (က) နည်းဥပဒေ ၁၂ ၊ နည်းဥပဒေခွဲ (က) အရ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း ခံရသူသည် သတ်မှတ်ကာလကုန်ဆုံးသည့်အခါ လိုင်စင်ပြန်လည်ရရှိရန် ကော်မတီသို့လျှောက်ထားနိုင်သည်။

(ခ) ကော်မတီသည် နည်းဉပဒေခွဲ(က)အရ လျှောက်ထားချက်ကို စိစစ်၍ လိုင်စင်ကို ပြန်လည်ထုတ်ပေးနိုင်သည်။

အခန်း(၄)

ယာယီဇာတ်ရုံဆောင်လုပ်ခွင့်ပြုခြင်း

၁၄။ မြို့တော်နယ်နမိတ်အတွင်း ယာယီဇာတ်ရုံဆောက်လုပ်လိုသူသည် ယာယီဇာတ်ရုံဆောက်လုပ်ခွင့်ရရှိရန် ကော်မတီသို့ လျှောက်ထားရမည်။

၁၅။ ကော်မတီသည်-

(က) နည်းဥပဒေ ၁၄ အရ လျှောက်ထားသည့် လျှောက်လွှာပါအချက်များ မှန်ကန်မှု ရှိ မရှိစိစစ်ရမည်။

(ခ ) လိုအပ်ပါက သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ထံ သဘောထားမှတ်ချက် တောင်းခံနိုင်သည်။

(ဂ ) လျှောက်ထားချက်အပေါ် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ဃ) နည်းဥပဒေခွဲ (ဂ) အရ ယာယီဇာတ်ရုံ ဆောက်လုပ်ခွင့်ပြုလျှင် သတ်မှတ်သည့် အခကြေးငွေကိုပေးသွင်းစေပြီး စည်းကမ်းချက်များသတ်မှတ်၍ ကာလအကန့်အသတ်ဖြင့် ယာယီဇာတ်ရုံ ဆောက်လုပ်ရန်
ခွင့်ပြုမိန့်ကို လျှောက်ထားသူအား ထုတ်ပေးရမည်။

အခန်း(၅)

ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့်လိုင်စင် လျှောက်ထားခြင်း ၊ထုတ်ပေးခြင်း

၁၆။ မြို့တော်နယ်နမိတ်အတွင်း ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့်လိုင်စင် ရရှိလိုသူသည် သတ်မှတ်ချက် များနှင့်အညီ ကော်မတီသို့လျှောက်ထားရမည်။

၁၇။ ကော်မတီသည်-

(က) နည်းဥပဒေ ၁၆ အရ လျှောက်ထားသည့် လျှောက်လွှာပါအချက်များ မှန်ကန်မှု ရှိ မရှိစိစစ်ရမည်။

(ခ ) လျှောက်ထားချက်အပေါ် လိုင်စင်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ဂ ) နည်းဥပဒေခွဲ (ခ ) အရ လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်းကို လျှောက်ထားသူထံ ရက်ပေါင်း (၉၀) အတွင်း စာဖြင့်အကြောင်းကြားရမည်။

(ဃ) နည်းဥပဒေခွဲ (ခ )လုပ်ငန်းလိုင်စင်ထုတ်ပေးရန် ခွင့်ပြုလျှင် သတ်မှတ်သည့်လိုင်စင်ခကို ပေးသွင်းစေပြီး ယာဉ်ဖြင့် လှည့်လည်ရောင်းချခွင့်လိုင်စင်ကို လျှောက်ထားသူအား ထုတ်ပေး ရမည်။

အခန်း(၆)

လမ်းဘေးစျေးဆိုင်နှင့် အိမ်ဆိုင် များကိုကြီးကြပ်ခြင်း

၁၈။ ကော်မတီသည် မြို့တော်နယ်နမိတ်အတွင်း နေ့လမ်းဘေးဈေးဆိုင်နှင့်ညလမ်းဘေးဈေးဆိုင်များကို ဖွင့်လှစ်ရမည့်နေရာ၊ ရောင်းချရမည့် ကုန်ပစ္စည်း၊ ဖွင့်လှစ်ရမည့်အချိန်နှင့် ပိတ်သိမ်းရမည့်အချိန်၊ ပေးဆောင် ရမည့် အခွန်အခတို့ကို သတ်မှတ်၍ခွင့်ပြုနိုင်သည်။

၁၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အိမ်ဆိုင်၊ ပစ္စည်းစုံဆိုင်၊ ကုန်ပဒေသာဆိုင်နှင့် ကုန်တိုက် များဖွင့်လှစ်ရောင်းချခြင်းကို သတ်မှတ်သည့်အခွန်အခပေးသွင်းစေပြီး စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြု နိုင်သည်။

၂၀။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း လမ်းဘေးဈေးဆိုင် သို့မဟုတ် အိမ်ဆိုင်ကိုဖွင့်လှစ်ခွင့်ပြု ရာတွင် အနီးကပ်ဆုံးအိမ်နှင့် မျက်နှာမူလျက်ရှိသောအိမ်တွင် နေထိုင်အသုံးပြုသူက ကန့်ကွက်လျှင် ကန့်ကွက် ချက်များကိုထည့်သွင်းစဉ်းစားပြီးမှသာ ဖွင့်လှစ်ခွင့်ပြုသင့်၊ မသင့် အဆုံးအဖြတ်ပြုရမည်။

၂၁။ လမ်းဘေးဈေးဆိုင်ရောင်းချသူသည် ကော်မတီက သတ်မှတ်သည့်နေရာတွင် သတ်မှတ်သည့်အချိန် အတွင်း သတ်မှတ်ထားသည့်ကုန်ပစ္စည်းကိုသာ ရောင်းချရမည်။

၂၂။ ကော်မတီသည် လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်၊ ပစ္စည်းစုံဆိုင်၊ ကုန်ပဒေသာဆိုင်နှင့် ကုန်တိုက်များ ဖွင့်လှစ် ရောင်းချခြင်းကိုကြီးကြပ်နိုင်ရန် ကော်မတီ၏ စည်ပင်သာယာ၀န်ထမ်းတစ်ဦးဦးကိုသော်လည်းကောင်း၊ အဖွဲ့ဖွဲ့၍ သော်လည်းကောင်း တာ၀န်ပေးအပ်နိုင်သည်။

၂၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အောက်ပါလုပ်ငန်းတစ်ရပ်ရပ်ကို အခွန်အခကောက်ခံပြီး စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုချက်ထုတ်ပေးနိုင်သည်-

(က) ကော်မတီက သတ်မှတ်ထားသော အတိုင်းအတာပြည့်မီသည့် နံရံကပ်ဆိုင်ဖွင့်လှစ်ရောင်းချခြင်း၊

(ခ ) လှေကားခွင်တွင် ရောင်းချခြင်း၊

(ဂ ) လက်ပွေ့ရောင်းချခြင်း။

၂၄။ ကော်မတီသည် နည်းဥပဒေ ၂၃ အရ ကော်မတီ၏ခွင့်ပြုချက်ဖြင့် ရောင်းချသူက သတ်မှတ်ထားသည့် စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် အောက်ပါစီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊

(ခ ) ခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်းခြင်း၊

၂၅။ ကော်မတီသည် နည်းဥပဒေ ၂၄၊ နည်းဥပဒေခွဲ(က)အရ ဒဏ်ကြေးငွေတပ်ရိုက်နိုင်ရန်အလို့ငှာရောင်းချ သည့်လုပ်ငန်းအမျိုးအစားအလိုက် စည်းကမ်းချက်များသတ်မှတ်ခြင်း သို့မဟုတ် ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်။

၂၆။ ကော်မတီသည်-

(က) နည်းဥပဒေ ၂၄၊ နည်းဥပဒေခွဲ(ခ)အရ ခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရသူသည် ခွင့်ပြုချက်ကို ပြန်လည်ရရှိရန် ကော်မတီသို့ လျှောက်ထားနိုင်သည်။

(ခ ) ကော်မတီသည် နည်းဥပဒေခွဲ(က)အရ လျှောက်ထားသူက သတ်မှတ်ထားသည့်စည်းကမ်းချက်များကို ထပ်မံ၍ ဖောက်ဖျက်ခြင်းမပြုပါဟု ၀န်ခံကတိပြုလျှင် ခွင့်ပြုချက်ကို ပြန်လည်ထုတ်ပေးနိုင်သည်။

၂၇။ ကော်မတီသည် လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်၊ ပစ္စည်းစုံဆိုင်၊ ကုန်ပဒေသာဆိုင်နှင့် ကုန်တိုက်များတွင် ခင်းကျင်းရောင်းချခြင်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ၊ မရှိစစ်ဆေးရန် သက်ဆိုင်ရာအစား အသောက်နှင့် ဆေးဝါးများကြီးကြပ်ကွပ်ကဲရေး ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

အခန်း(၇)

ကိုယ်ပိုင်စျေးလိုင်စင်လျှောက်ထားခြင်း/ ထုတ်ပေးခြင်း

၂၈။ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်သည် မြို့တော်နယ်နိမိတ်အတွင်း ကိုယ်ပိုင်ဈေး ဖွင့်လှစ်ဆောင်ရွက်လုပ်ကိုင်လိုလျှင် ကိုယ်ပိုင်ဈေးဖွင့်လှစ်ခွင့် လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။

၂၉။ ကော်မတီသည်-

(က) နည်းဥပဒေ ၂၈ အရ လျှောက်ထားသည့်လျှောက်လွှာပါအချက်များ မှန်ကန်ခြင်းရှိ၊ မရှိစိစစ်ရမည်။

(ခ ) လိုအပ်ပါက သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ထံ သဘောထားမှတ်ချက် တောင်းခံနိုင်သည်။

(ဂ ) လျှောက်ထားချက်အပေါ် လိုင်စင်ထုတ်ပေးရန်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ဃ) နည်းဥပဒေခွဲ(ဂ)အရ လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်းကို လျှောက်ထားသူထံ ရက်ပေါင်း ၉၀ အတွင်း စာဖြင့် အကြောင်းကြားရမည်။

(င ) လိုင်စင်ထုတ်ပေးရန်ခွင့်ပြုလျှင် သတ်မှတ်သည့်လိုင်စင်ခကိုပေးသွင်းစေပြီး လိုင်စင်ကိုလျှောက်ထားသူ အား ထုတ်ပေးရမည်။

၃၀။ ကော်မတီသည် ကိုယ်ပိုင်ဈေး၏ အကျယ်အ၀န်း၊ အဆောက်အအုံအမျိုးအစား၊ ရောင်း၀ယ်ဖောက်ကားမှု အခြေအနေတို့ကို ထောက်ရှု၍ ကိုယ်ပိုင်ဈေးများကို အဆင့်ခွဲခြား သတ်မှတ်နိုင်သည်။

၃၁။ ကိုယ်ပိုင်ဈေးပိုင်ရှင်သည်-

(က) ကိုယ်ပိုင်ဈေးအဆောက်အအုံခိုင်ခံ့ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို တာ၀န်ယူရမည်။

(ခ ) ကိုယ်ပိုင်ဈေးသန့်ရှင်းရေး၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး အထွေထွေစီမံ ခန့်ခွဲရေး တို့အတွက် ကော်မတီက သတ်မှတ်သည့်အတိုင်း တာ၀န်ယူဆောင်ရွက်ရမည်။

(ဂ ) ကိုယ်ပိုင်ဈေး၀န်းကျင်တွင် လိုအပ်ပါက ယာဉ်ရပ်နားရန်နေရာများ စီမံထားရှိရမည်။

၃၂။ ကိုယ်ပိုင်ဈေးပိုင်ရှင်သည် လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် လုပ်ငန်းကိုဆက်လက်လုပ်ကိုင်လိုပါက လိုင်စင်သက်တမ်းတိုးမြှင့်ရန် သက်တမ်းမကုန်မီ အနည်းဆုံးရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့် အညီ ကော်မတီသို့ လျှောက်ထားရမည်။

၃၃။ ကော်မတီသည်-

(က) ကိုယ်ပိုင်ဈေးလိုင်စင် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်လွှာပါအချက်များ မှန်ကန်ခြင်းရှိ၊ မရှိ စိစစ်ရမည်။

(ခ ) လိုအပ်ပါက သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ထံ သဘောထားမှတ်ချက် တောင်းခံနိုင်သည်။

(ဂ ) လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ဃ) နည်းဥပဒေခွဲ(ဂ)အရ လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ငြင်းပယ်ခြင်းကို လျှောက်ထားသူထံရက်ပေါင်း ၉၀ အတွင်း စာဖြင့်အကြောင်းကြားရမည်။

(င ) နည်းဥပဒေခွဲ(ဂ)အရ လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုလျှင် သတ်မှတ်သည့်ရက်အတွင်းလျှောက် ထားပါက သတ်မှတ်သည့်သက်တမ်းတိုးမြှင့်ခကိုလည်းကောင်း၊ သတ်မှတ်သည့်ရက်အတွင်း
မလျှောက်ထား ပါက သတ်မှတ်သည့်သက်တမ်းတိုးမြှင့်ခနှင့် ဒဏ်ကြေးတို့ကိုလည်းကောင်းပေးသွင်းစေပြီး လိုင်စင် သက်တမ်း တိုးမြှင့်ပေးရမည်။

၃၄။ ကိုယ်ပိုင်ဈေးပိုင်ရှင်သည် ကိုယ်ပိုင်ဈေးလိုင်စင်ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းအတွက် လုပ်ငန်း လိုင်စင် မိတ္တူရရှိရန် ခိုင်လုံသောအထောက်အထားများ ပူးတွဲ၍ ကော်မတီသို့လျှောက်ထားရမည်။

၃၅။ ကော်မတီသည်-

(က) နည်းဥပဒေ ၃၄ အရ လျှောက်ထားသည့်လျှောက်လွှာကို စိစစ်၍ ကိုယ်ပိုင်ဈေးလိုင်စင်မိတ္တူထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ခ ) နည်းဥပဒေခွဲ(က)အရ လိုင်စင်မိတ္တူထုတ်ပေးရန် ခွင့်ပြုပါက သတ်မှတ်သည့်အခကြေးငွေကိုပေးသွင်း စေပြီး ကိုယ်ပိုင်ဈေးလိုင်စင်မိတ္တူကို လျှောက်ထားသူအား ထုတ်ပေးရမည်။

၃၆။ ကိုယ်ပိုင်ဈေးပိုင်ရှင်သည် ကိုယ်ပိုင်ဈေးနှင့်စပ်လျဉ်း၍ အမည်ပြောင်းခြင်း၊ တည်ရှိရာနေရပ်လိပ်စာ ပြောင်းခြင်း၊ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း၊ အမျိုးအစားပြောင်းခြင်း သို့မဟုတ် အချင်းချင်းပူးပေါင်းခြင်း၊ ခွဲခြားခြင်း ဆောင်ရွက်လိုပါက လိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံးရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။

၃၇။ ကော်မတီသည်-

(က) နည်းဥပဒေ ၃၆ အရလျှောက်ထားသည့် လျှောက်လွှာပါအချက်များမှန်ကန်မှုရှိ မရှိစိစစ်ရမည်။

(ခ ) လိုအပ်ပါက လျှောက်လွှာပါအချက်များနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးနိုင်သည်။

(ဂ ) လျှောက်ထားချက်ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

၃၈။ ကော်မတီသည် သတ်မှတ်ထားသော ဈေးများဆိုင်ရာ စည်းကမ်းချက်တစ်ရပ်ရပ်ကို ကိုယ်ပိုင်ဈေး ပိုင်ရှင်က ဖောက်ဖျက်ကျူးလွန်ကြောင်း စိစစ်တွေ့ရှိလျှင် အောက်ပါစီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊

(ခ ) ကိုယ်ပိုင်ဈေးလိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊

(ဂ ) ကိုယ်ပိုင်ဈေးလိုင်စင်ကို ပယ်ဖျက်ခြင်း။

၃၉။ ကော်မတီသည် နည်းဥပဒေ ၃၈၊ နည်းဥပဒေခွဲ(က)အရ ဒဏ်ကြေးငွေတပ်ရိုက်နိုင်ရန်အလို့ငှာ ကိုယ်ပိုင်ဈေးအဆင့်အလိုက် တပ်ရိုက်မည့်ဒဏ်ကြေးငွေကို ကြိုတင်သတ်မှတ်ခြင်း၊ အခါအားလျော်စွာပြင်ဆင် သတ်မှတ်ခြင်းပြုနိုင်သည်။

၄၀။ ကော်မတီသည် နည်းဥပဒေ ၃၈၊ နည်းဥပဒေခွဲ(က)အရ တစ်နှစ်အတွင်း ဒဏ်ကြေးငွေအနည်းဆုံး သုံးကြိမ်တပ်ရိုက်ခြင်းခံရသော ကိုယ်ပိုင်ဈေးပိုင်ရှင်၏ ကိုယ်ပိုင်ဈေးလိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းနိုင်သည်။

၄၁။ ကိုယ်ပိုင်ဈေးပိုင်ရှင်သည် နည်းဥပဒေ ၃၈၊ နည်းဥပဒေခွဲ(ခ)အရဖြစ်စေ၊ နည်းဥပဒေ ၄၀ အရဖြစ်စေ ကိုယ်ပိုင်ဈေးလိုင်စင် ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်းခံရသည့် သတ်မှတ်ကာလကုန်ဆုံးသည့်အခါ ကိုယ်ပိုင်ဈေးလိုင်စင် ပြန်လည်ရရှိရန် ကော်မတီသို့လျှောက်ထားနိုင်သည်။

၄၂။ ကော်မတီသည် နည်းဥပဒေ ၄၁ အရ လျှောက်ထားလာလျှင် ကိုယ်ပိုင်ဈေးပိုင်ရှင်က ဈေးများဆိုင်ရာ စည်းကမ်းချက်များကို ထပ်မံ၍ဖောက်ဖျက်ခြင်းမပြုပါဟူ၍ ၀န်ခံကတိပြုပြီး ရုပ်သိမ်းခြင်းခံရသည့်ကာလအတွက် ကော်မတီကသတ်မှတ်သည့် အခကြေးငွေများကို အကျေပေးသွင်းပြီးပါက ကိုယ်ပိုင်ဈေးလိုင်စင်ကို ပြန်လည်ထုတ်ပေးနိုင်သည်။

၄၃။ ကော်မတီသည် နည်းဥပဒေ ၄၂ အရ ကိုယ်ပိုင်ဈေးပိုင်ရှင်က လိုင်စင်ပြန်လည်ရရှိပြီးနောက် သတ်မှတ်ထားသည့်ဈေးများဆိုင်ရာ စည်းကမ်းချက်တစ်ရပ်ရပ်ကို ထပ်မံဖောက်ဖျက်ကျူးလွန်လျှင် ကိုယ်ပိုင်ဈေး လိုင်စင်ကို ပယ်ဖျက်နိုင်သည်။

၄၄။ ကော်မတီသည် ကိုယ်ပိုင်ဈေးအသီးသီးရှိ ဆိုင်ခန်းများတွင် ခင်းကျင်းရောင်းချခြင်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်ညီညွတ်မှုရှိ မရှိစစ်ဆေးရန် သက်ဆိုင်ရာအစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။

အခန်း(၈)

တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်လိုင်စင်လျှောက်ထားခြင်း၊ ထုတ်ပေးခြင်း

၄၅။ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်သည် မြို့တော်နယ်နိမိတ်အတွင်း တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ဖွင့်လှစ်ဆောင်ရွက်လုပ်ကိုင်လိုလျှင် တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင် ဖွင့်လှစ်ခွင့် လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။

၄၆။ ကော်မတီသည်-

(က) နည်းဥပဒေ ၄၅ အရ လျှောက်ထားသည့်လျှောက်လွှာပါအချက်များ မှန်ကန်ခြင်းရှိ မရှိစိစစ်ရမည်။

(ခ ) လိုအပ်ပါက သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ထံ သဘောထားမှတ်ချက် တောင်းခံနိုင်သည်။

(ဂ ) လျှောက်ထားချက်အရ လိုင်စင်ထုတ်ပေးရန်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ဃ) နည်းဥပဒေခွဲ(ဂ)အရ လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်းကို လျှောက်ထားသူထံ ရက်ပေါင်း၉၀ အတွင်း စာဖြင့် အကြောင်းကြားရမည်။

(င ) လိုင်စင်ထုတ်ပေးရန်ခွင့်ပြုလျှင် သတ်မှတ်သည့်လိုင်စင်ခကို ပေးသွင်းစေပြီး လိုင်စင်ကိုလျှောက်ထား သူအား ထုတ်ပေးရမည်။

၄၇။ ကော်မတီသည် တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်၏ အကျယ်အ၀န်းအဆောက်အအုံအမျိုးအစား၊ တည်ရှိရာမြို့နယ်၊ အခြေအနေတို့ကို ထောက်ရှု၍ တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်များကိုအဆင့်ခွဲခြား သတ်မှတ်နိုင်သည်။

၄၈။ တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ပိုင်ရှင်သည်-

(က) တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်၏ အဆောက်အအုံခိုင်ခံ့ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို တာ၀န်ယူရမည်။

(ခ ) တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်၏သန့်ရှင်းရေး၊ လုံခြုံရေးနှင့် မီးဘေးအန္တရာယ်တားဆီး ကာကွယ်ရေး၊ အထွေထွေ စီမံခန့်ခွဲရေးတို့အတွက် ကော်မတီက သတ်မှတ်သည့်အတိုင်း တာ၀န်ယူ
ဆောင်ရွက်ရမည်။

(ဂ ) တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်၏၀န်းကျင်တွင် လိုအပ်ပါက ယာဉ်ရပ်နားရန်နေရာများ စီမံ ထားရှိရမည်။

၄၉။ တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ပိုင်ရှင်သည် လိုင်စင်သက်တမ်းကုန်ဆုံးပြီးနောက် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုပါက လိုင်စင်သက်တမ်းတိုးမြှင့်ရန် သက်တမ်းမကုန်မီ အနည်းဆုံးရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။

၅၀။ ကော်မတီသည်-

(က) တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်လိုင်စင် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်လွှာပါအချက်များ မှန်ကန်ခြင်းရှိ မရှိ စိစစ်ရမည်။

(ခ ) လိုအပ်ပါက သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ထံ သဘောထားမှတ်ချက် တောင်းခံနိုင်သည်။

(ဂ ) လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ဃ) နည်းဥပဒေခွဲ(ဂ)အရ လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ငြင်းပယ်ခြင်းကို လျှောက်ထားသူထံရက်ပေါင်း ၉၀ အတွင်းစာဖြင့် အကြောင်းကြားရမည်။

(င) နည်းဥပဒေခွဲ(ဂ)အရ လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုလျှင် သတ်မှတ်သည့်ရက်အတွင်း လျှောက်ထားပါက သတ်မှတ်သည့်သက်တမ်း တိုးမြှင့်ခကိုလည်းကောင်း၊ သတ်မှတ်သည့်ရက်အတွင်း
မလျှောက်ထားပါက သတ်မှတ်သည့်သက်တမ်းတိုးမြှင့်ခနှင့် ဒဏ်ကြေးတို့ကိုလည်းကောင်း ပေးသွင်းစေပြီး လိုင်စင်သက်တမ်းတိုးမြှင့်ပေးရမည်။

၅၁။ တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ပိုင်ရှင်သည် တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်လိုင်စင် ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းအတွက် လိုင်စင်မိတ္တူရရှိရန် ခိုင်လုံသောအထောက်အထားများ ပူးတွဲ၍ ကော်မတီသို့ လျှောက်ထားရမည်။

၅၂။ ကော်မတီသည်-

(က) နည်းဥပဒေ ၅၁ အရ လျှောက်ထားသည့် လျှောက်လွှာကို စိစစ်၍ တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင် လိုင်စင် မိတ္တူထုတ်ပေးရန်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

(ခ ) နည်းဥပဒေခွဲ(က)အရ လိုင်စင်မိတ္တူထုတ်ပေးရန်ခွင့်ပြုပါက သတ်မှတ်သည့်အခကြေးငွေကိုပေးသွင်း စေပြီး တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်လိုင်စင်မိတ္တူကို လျှောက်ထားသူအား ထုတ်ပေးရမည်။

၅၃။ တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ပိုင်ရှင်သည် တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်နှင့်စပ်လျဉ်း ၍အမည်ပြောင်းခြင်း၊ တည်ရှိရာနေရပ်လိပ်စာပြောင်းခြင်း၊ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်း၊ အမျိုးအစားပြောင်းခြင်း သို့မဟုတ် အချ င်းချင်းပူးပေါင်းခြင်း၊ ခွဲခြားခြင်းဆောင်ရွက်လိုပါက လိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ လျှောက်ထားရမည်။

၅၄။ ကော်မတီသည်-

(က) နည်းဥပဒေ ၅၃ အရ လျှောက်ထားသည့် လျှောက်လွှာပါအချက်များ မှန်ကန်မှုရှိ မရှိစိစစ် ရမည်။

(ခ ) လိုအပ်ပါက လျှောက်လွှာပါအချက်များနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးနိုင်သည်။

(ဂ ) လျှောက်ထားချက်ကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

၅၅။ ကော်မတီသည် သတမှတ်ထားသော တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်လိုင်စင်ပါ စည်းကမ်းချက် တစ်ရပ်ရပ်ကို တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ပိုင်ရှင်က ဖောက်ဖျက်ကျူးလွန်းကြောင်း စိစစ်တွေ့ရှိလျှင် အောက်ပါစီမံခန့်ခွဲရေးပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) ဒဏ်ကြေးငွေတပ်ရိုက်ခြင်း။

(ခ ) တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း။

(ဂ ) တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်လိုင်စင်ကို ပယ်ဖျက်ခြင်း။

၅၆။ ကော်မတီသည် နည်းဥပဒေ ၅၅၊ နည်းဥပဒေခွဲ(က)အရ ဒဏ်ကြေးငွေတပ်ရိုက်နိုင်ရန်အလို့ငှာ တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်အဆင့်အလိုက် တပ်ရိုက်မည့်ဒဏ်ကြေးငွေကို ကြိုတင်သတ်မှတ်ခြင်း၊ အခါအားလျော်စွာပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်။

၅၇။ ကော်မတီသည် နည်းဥပဒေ ၅၅၊ နည်းဥပဒေခွဲ(က)အရ တစ်နှစ်အတွင်း ဒဏ်ကြေးငွေအနည်းဆုံးသုံးကြိမ် တပ်ရိုက်ခြင်းခံရသော တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ပိုင်ရှင်၏ တည်းခိုခန်း သို့မဟုတ်ဘော်ဒါဆောင် လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းနိုင်သည်။

၅၈။ တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ပိုင်ရှင်သည် နည်းဥပဒေ ၅၅၊ နည်းဥပဒေခွဲ(ခ)အရဖြစ်စေ၊ နည်းဥပဒေ ၅၇ အရဖြစ်စေ တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်လိုင်စင် ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်းခံရသည့် သတ်မှတ်ကာလကုန်ဆုံးသည့်အခါ တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်လိုင်စင် ပြန်လည်ရရှိရန် ကော်မတီသို့ လျှောက်ထားနိုင်သည်။

၅၉။ ကော်မတီသည် နည်းဥပဒေ ၅၈ အရ လျှောက်ထားလာလျှင် တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင် ပိုင်ရှင်က တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ဆိုင်ရာ စည်းကမ်းချက်များကိုထပ်မံ၍ ဖောက်ဖျက်ခြင်းမပြု ပါဟူ၍၀န်ခံကတိပြုပြီး ရုပ်သိမ်းခြင်းခံရသည့်ကာလအတွက် ကော်မတီကသတ်မှတ်သည့်အခကြေးငွေများကို အကျေပေးသွင်းပြီးပါက တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်လိုင်စင်ကို ပြန်လည်ထုတ်ပေးနိုင်သည်။

၆၀။ ကော်မတီသည် နည်းဥပဒေ ၅၉ အရတည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ပိုင်ရှင်ကလိုင်စင်ပြန်လည် ရရှိပြီးနောက် သတ်မှတ်ထားသည့် တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ဆိုင်ရာ စည်းကမ်းချက် တစ်ရပ် ရပ်ကိုထပ်မံဖောက်ဖျက်ကျူးလွန်လျှင် တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်လိုင်စင်ကို ပယ်ဖျက်နိုင်သည်။

၆၁။ ကော်မတီသည် တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်အသီးသီးရှိ အခန်း၊ ဥပစာများတွင် အစား အသောက်နှင့် အခြားပစ္စည်းတစ်ရပ်ရပ်ကို ခင်းကျင်းရောင်းချခြင်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် ညီညွတ်မှု ရှိ မရှိစစ်ဆေးရန် သက်ဆိုင်ရာ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။

အခန်း(၉)

တားမြစ်ချက်များ

၆၂။ မည်သူမျှ ကော်မတီကထုတ်ပေးထားသော လုပ်ငန်းလိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း လုပ်ငန်း တစ်ရပ်ရပ်ကိုဖြစ်စေ၊ တည်းခိုခန်း၊ ဘော်ဒါဆောင်လုပ်ငန်းကိုဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ။

၆၃။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ယာယီဇာတ်ရုံ ဆောက်လုပ်ခြင်း မပြုရ။

၆၄။ မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အိမ်ဆိုင်၊ ပစ္စည်းစုံဆိုင်၊ ကုန်ပဒေသာဆိုင် သို့မဟုတ် ကုန်တိုက်များ ဖွင့်လှစ်ရောင်းချခြင်း မပြုရ။

၆၅။ မည်သူမျှ ကော်မတီက ထုတ်ပေးထားသော လုပ်ငန်းလိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ကိုယ်ပိုင်ဈေးဖွင့်လှစ်ရောင်းချခြင်း မပြုရ။

၆၆။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း-

(က) ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ လမ်းဘေးဈေးဆိုင်ဖွင့်လှစ်ရောင်းချခြင်းမပြုရ။

(ခ ) ကော်မတီက ကန့်သတ်ထားသည့်နေရာနှင့် အချိန်တို့တွင် လမ်းဘေးဈေးဆိုင် ဖွင့်လှစ်ရောင်းချခြင်း မပြုရ။

၆၇။ မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရဘဲ မြို့တော်နယ်နိမိတ်အတွင်း နည်းဥပဒေ ၂၃ အရ သတ်မှတ် ထားသည့်လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ။

၆၈။ မည်သူမျှ ကော်မတီကထုတ်ပေးထားသော ယာဉ်ဖြင့် လှည့်လည်ရောင်းချခွင့်လိုင်စင်မရှိဘဲ မြို့တော် နယ်နိမိတ်တွင်း ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ ထီလက်မှတ် သို့မဟုတ် ကုန်ပစ္စည်းများကို လှည့်လည် ကြော်ငြာခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရ။

၆၉။ မည်သူမဆို ဤနည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန် မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အခန်း(၁၀)

အထွေထွေ

၇၀။ ကော်မတီသည် လိုင်စင်ခ၊ အခွန်အခ၊ သက်တမ်းတိုးမြှင့်ခ၊ ဒဏ်ကြေးနှင့် ၀န်ဆောင်မှုအခကြေးငွေတို့ကို သတ်မှတ်ခြင်း သို့မဟုတ် ပြင်ဆင်သတ်မှတ်ခြင်းပြုနိုင်သည်။

၇၁။ ကော်မတီသည် ဤနည်းဥပဒေများအရ ကင်းလွတ်ခွင့်ရှိသော အိမ်ဆိုင်အမျိုးအစားကိုသတ်မှတ်ခြင်း သို့မဟုတ် ပြင်ဆင်သတ်မှတ်ခြင်းပြုနိုင်သည်။

၇၂။ ကော်မတီသည် ဤနည်းဥပဒေများအရ ချမှတ်သည့်အမိန့်အပေါ် ပြန်လည်သုံးသပ်ပြင်ဆင်နိုင်သည်။

၇၃။ ကော်မတီသည် ဤနည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသော လုပ်ငန်းတာ၀န်များကို မိမိ လက်အောက်ရှိ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွှဲအပ်ဆောင်ရွက် စေနိုင်သည်။

၇၄။ ကော်မတီသည် ဤနည်းဥပဒေများပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သောအမိန့်နှင့်ညွှန်ကြား ချက်များ ထုတ်ပြန်နိုင်သည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဋ္ဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

အမိန့်ကြော်ငြာစာအမှတ် ၃/ ၂၀၀၁

ရန်ကုန်မြို့၊ ၁၃၆၃ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်

( ၂၀၀၁ ခုနှစ်၊ မေလ ၇ ရက် )

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ၃၃၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကို ထုတ်ပြန်လိုက်သည်-

အခန်း(၁)

အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်

၁။ ဤနည်းဥပဒေများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများဟု ခေါ်တွင်စေရမည်။

၂။ ဤနည်းဥပဒေများတွင် ပါရှိသော စကားရပ်များသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေတွင် ပါရှိသည့်အတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။ ထို့ပြင် အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) မြို့တော်နယ်နိမိတ် ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်ကိုဆိုလိုသည်။

(ခ) မြေခွန်မြေခ ဆိုသည်မှာ ဤနည်းဥပဒေများအရ စည်းကြပ်ကောက်ခံသော မြေခွန်နှင့် မြေငှားရမ်းခ တို့ကို ဆိုသည်။

(ဂ ) မြေငှားစာချုပ် ဆိုသည်မှာ ကော်မတီက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီနှစ်တို၊နှစ်ရှည်ကာလ သတ်မှတ်၍ အငှားချထားသည့်စာချုပ်ကိုဆိုသည်။

(ဃ) လိုင်စင် ဆိုသည်မှ မြေနှင့်စပ်လျဉ်း၍ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့် အညီ မြေကို ယာယီအသုံးပြုခွင့် ပေးခြင်းကိုဆိုသည်။

(င ) ပါမစ် ဆိုသည်မှာ မြေနှင့်စပ်လျဉ်း၍ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်နှင့်အညီ လူနေအိမ် သို့မဟုတ် အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့် ပြုခြင်းကိုဆိုသည်။

(စ ) ဌာနမှူး ဆိုသည်မှာ ကော်မတီ လက်အောက်ရှိ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနကို ကြီးကြပ် ကွပ်ကဲရသော အရာရှိကိုဆိုသည်။

အခန်း(၂)

မြေများကို စီမံခန့်ခွဲခြင်း

၃။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ အောက်ပါမြေများမှအပ ကော်မတီပိုင်မြေများ၊ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများ၊ ကော်မတီက တည်ဆဲဥပဒေနှင့်အညီ လွှဲပြောင်းရယူထားသော မြေများ၊ ပုဂ္ဂလိက ပိုင်မြေများနှင့် မြေငှားစာချုပ်ဖြင့် ဖြစ်စေ၊ လိုင်စင်ဖြင့်ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ ပုဂ္ဂလိကအား နေထိုင် အသုံးပြုခွင့်ပေးထားသော မြေများကို မြို့ပြစီမံကိန်းနှင့်အညီ စီမံခန့်ခွဲပိုင်ခွင့်ရှိသည်-

(က) နိုင်ငံတော်ပိုင်မြေ။

(ခ ) အစိုးရကစီမံခန့်ခွဲခွင့်ရှိသောမြေ။

(ဂ ) အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေ။

(ဃ) အခွန်လွတ်၊ သာသနာ့မြေနှင့် ) အခွန်လွတ် ဗုဒ္ဓသိမ်မြေ။

(င ) လယ်ယာမြေနှင့် မြေလွတ်မြေရိုင်း။

၄။ ကော်မတီသည် နည်းဥပဒေ ၃ အရ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကို အောက်ပါအတိုင်း စီမံခန့်ခွဲ ပိုင်ခွင့်ရှိသည်-

(က) မြို့ပြစီမံကိန်းနှင့်အညီ မြေအသုံးချခြင်းနှင့် စပ်လျဉ်း၍ စီမံချက်ချမှတ်ဆောင်ရွက်ခြင်း။

(ခ ) မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့်အညီ မြို့ကွက်များဖော်ထုတ်၍ မြို့သစ်များတည်ထောင်ခြင်း၊ မြို့မြေစာရင်းများ၊ မြို့နယ်၊ ရပ်ကွက်၊ မြို့ကွက်မြေပုံများ ပြုစုထိန်းသိမ်းခြင်း။

(ဂ ) မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးခြင်းနှင့် နေထိုင်အသုံးပြုခွင့်ပေးခြင်း။

(ဃ) မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို သက်တမ်းသတ်မှတ်ခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်း၊ စည်းကမ်းဖောက်ဖျက်ပါက ဖျက်သိမ်းခြင်း။

(င) မြေများကိုလဲလှယ်ခြင်း၊ မြေပိုင်ဆိုင်ခွင့်အမည်လွှဲပြောင်းခြင်း၊ မြေတိုင်းတာခြင်း၊ ခွဲစိတ်ခွင့်ပြုခြင်း၊ သက်သေခံမြေပုံမြေရာဇ၀င်ထုတ်ပေးခြင်း၊ မြေတန်ဖိုးဖြတ်ခြင်းနှင့် အခြားနည်းဖြင့်စီမံခန့်ခွဲခြင်း။

(စ) မြေခွန်မြေခစည်းကြပ်ခြင်း၊ ကောက်ခံခြင်း၊ ကြွေးကျန်ကောက်ခံခြင်း၊ မြေခွန်မြေခကင်းလွတ် ခွင့်ပြုခြင်း၊ သက်သာခွင့်ပြုခြင်း၊ ပြန်လည်သတ်မှတ်စည်းကြပ်ခြင်း၊ စာရင်းမှပယ်ဖျက်ခြင်းနှင့် အခွန်ပိုငွေ
ပြန်အမ်းခြင်း။

(ဆ) တရားမ၀င် ကျူးကျော်ခြင်းမပြုနိုင်ရန် တားမြစ်ခြင်းနှင့် တရားမ၀င်ကျူးကျော်သည့်အဆောက် အအုံများ၊ တရားမ၀င်ကျူးကျော်သူများကို ဖယ်ရှားခြင်း၊ တရားစွဲဆိုခြင်း။

(ဇ ) ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးအက်ဥပဒေပုဒ်မ ၃(ခ)ပါ ပြဋ္ဌာန်းချက်အရ ''လယ်ယာမြေ'' ဟူသော စကားရပ်တွင် အကျုံးမ၀င်ကြောင်း ၀န်ခံချက်လက်မှတ်ထုတ်ပေးခြင်း သို့မဟုတ်
ငြင်းပယ်ခြင်း။

(ဈ ) မြို့ပြဖွံ့ဖြိုးမှုစီမံကိန်း အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော ပုဂ္ဂလိကပိုင်မြေမှ အဆောက် အအုံကို ဖယ်ရှားခြင်း။

(ည) သက်ဆိုင်ရာ၀န်ကြီးဌာနက မြို့ပြစီမံကိန်းနှင့်အညီ တည်ထောင်ပြီးသောမြို့သစ်များ၊ စီမံကိန်းဇုံများ၊ အိမ်ရာစီမံကိန်းများကို သက်ဆိုင်ရာ၀န်ကြီးဌာနနှင့် ညှိနှိုင်း၍ လွှဲပြောင်းရယူပြီး ဤနည်းဥပဒေများနှင့်အညီ
စီမံခန့်ခွဲခြင်း။

(ဋ ) လူနေရပ်ကွက်များ၊ မြို့တွင်းမြို့ပြင်ရှိအဆောက်အအုံများ၊ စက်ရုံအလုပ်ရုံများ၊ ဌာနဆိုင်ရာအဆောက် အအုံများ၊ မီးလောင်ပျက်စီးသွားပါက ယင်းမီးလောင်မြေများကို မြို့ပြဖွံ့ဖြိုးမှုနှင့် လိုက်လျောညီထွေမှုရှိ
စေရန် စနစ်တကျစီမံခန့်ခွဲခြင်း၊ ယင်းကဲ့သို့စီမံခန့်ခွဲနိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း။

(ဌ ) မြစ်ချောင်းကမ်းပါပြိုခြင်း၊ ရေတိုက်စားခြင်းစသည့် သဘာ၀ဘေးအန္တရာယ်တစ်ခုခုကြောင့် ပျက်စီးသွား၍ ပေါ်ပေါက်လာသောမြေများကို စီမံခန့်ခွဲခြင်းနှင့် စနစ်တကျနေရာချထားရန်ဆောင်ရွက်ခြင်း။

(ဍ ) အသုံးပြုခွင့်မရှိသော ပိတ်သိမ်းပြီးဖြစ်သည့် သုသာန်မြေများကို မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့်အညီ စီမံ ခန့်ခွဲခြင်း။

၅။ ကော်မတီသည်-

(က) နည်းဥပဒေ ၃၅ နှင့်အညီ အများပြည်သူအကျိုးအတွက် သိမ်းယူထားသော သို့မဟုတ် ၀ယ်ယူ ထားသောမြေနှင့် အဆောက်အအုံများကို မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့်အညီ လိုအပ်သလိုစီမံခန့်ခွဲနိုင်သည်။

(ခ) နည်းဥပဒေ ၃၆၊ ၃၇၊ ၃၈ နှင့် ၃၉ တို့နှင့်အညီ လွှဲပြောင်းရယူထားသောမြေများကို မြို့ပြ ဖွံ့ဖြိုးမှုစီမံကိန်းနှင့်အညီ လိုအပ်သလိုစီမံခန့်ခွဲနိုင်သည်။

၆။ ကော်မတီသည် နည်းဥပဒေ ၄ နှင့် ၅ တို့အရ ကော်မတီ၏မြေများ စီမံခန့်ခွဲပိုင်ခွင့်ကို သတ်မှတ်များနှင့် အညီဆောင်ရွက်ရန် ရုံးအကြီးအကဲနှင့် ဌာနမှူးတို့အား လွှဲအပ်တာ၀န်ပေးနိုင်သည်။

၇။ ကော်မတီသည် ဤနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြေစီမံခန့်ခွဲမှုနှင့် မြေခွန်မြေခအရပ်ရပ် ကောက်ခံမှုဆိုင်ရာ လုပ်ငန်းတာ၀န်များကို ဆောင်ရွက်နိုင်ရန် ကော်လိတ္တော်အရာရှိ၊ မြေခွန်တော်အရာရှိ၊ မြေအရာရှိနှင့် နယ်နိမိတ်သတ်မှတ်ရေးအရာရှိများအဖြစ် သင့်လျော်သည့်၀န်ထမ်းအား တာ၀န်ပေးအပ်၍ ဆောင်ရွက်စေနိုင်သည်။

အခန်း(၃)

မြို့ပြစီမံကိန်းများရေးဆွဲခြင်း

၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွက်ဖြစ်စေ၊ တိုးချဲ့ရန် ရည်ရွယ်သည့်နယ်မြေအတွက်ဖြစ်စေ၊ ရေးဆွဲ ထားသော မြို့ပြစီမံကိန်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌထံသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။

၉။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ မြို့တော်၏ မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတစ်ရပ်ကို အသေးစိတ်ရေးဆွဲ အကောင် အထည်ဖော်ခြင်း၊ ပြန်လည်သုံးသပ်၍ပြုပြင်ပြောင်းလဲခြင်းများ ပြုလုပ်နိုင်သည်။

၁၀။ ကော်မတီသည် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့်အညီ မြို့ကွက်များဖော်ထုတ်၍ မြို့သစ်များတည်ထောင်နိုင် သည်။

၁၁။ ကော်မတီသည် မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်ခြင်းမရှိသည့် နေရာများကို စနစ်တကျမြို့ကွက်ရိုက်ခြင်း၊ ပြန်လည် နေရာချထားခြင်းတို့ကို ပြုလုပ်နိုင်သည်။

၁၂။ ကော်မတီသည် ကျူးကျော်ရပ်ကွက်များအား ရှင်းလင်းဖယ်ရှားပြီး စနစ်တကျပြန်လည်နေရာချထား ခြင်း၊ ပြောင်းရွှေ့နေရာချထားခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

၁၃။ ကော်မတီသည် မြို့ပြပြန်လည်တည်ထောင်ရေး၊ မြို့ပြပြန်လည်သစ်လွင်ရေးနှင့် မြို့ပြဒီဇိုင်းပုံစံရေးဆွဲရေး တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။

၁၄။ ကော်မတီသည် မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းတို့အတွက် ပြည်တွင်းပြည်ပအဖွဲ့ အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။

အခန်း(၄)

မြို့ပြစီမံကိန်းနှင့်အညီ မြေအသုံးချခြင်း

၁၅။ ကော်မတီသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့် မြေယာမူဝါဒများရေးဆွဲခြင်းနှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များရေးဆွဲခြင်းတို့ကို ပြုလုပ်နိုင်သည်။

၁၆။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ လိုအပ်ပါက မြေအသုံးချမှုများကို သတ်မှတ်ခြင်းနှင့် ပြုပြင် ပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်သည်။

၁၇။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုကသော်လည်းကောင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုခုကသော်လည်းကောင်း မြို့ပြဆိုင်ရာဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကော်မတီက ရေးဆွဲထားသည့်မြို့တော်၏ မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့် လိုက်လျောညီထွေမှုရှိ၊ မရှိစိစစ်ရမည်။

၁၈။ အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကအဖွဲ့အစည်းသည် မြို့တော်နယ်နိမိတ်အတွင်း မြေအသုံး ချလိုပါက ကော်မတီနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ရမည်။

၁၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း စီမံကိန်းဇုံများကို မြို့တော်၏ မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့်အညီ ရေးဆွဲသတ်မှတ်နိုင်သည်။

၂၀။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ ဖော်ထုတ်ပြီးသော အိမ်ယာမြေကွက်များကို အသေးစိတ် တိုင်းတာ၍ မြို့ကွက်မြေပုံ၊ မြို့မြေစာရင်းနှင့် ကွန်ပျူတာမှတ်တမ်းတို့တွင် မှတ်တမ်းတင်ထားရမည်။

၂၁။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ မြေအသုံးချခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဆုံး အဖြတ်ပေးနိုင်သည်။

အခန်း(၅)

မြေငှားစာချုပ်များ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးခြင်း သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် ဖျက်သိမ်းခြင်း

၂၂။ ကော်မတီသည် လူနေထိုင်ရန်အတွက် အဆောက်အအုံများဆောက်လုပ်ရန် ၊ စက်မှုလုပ်ငန်းများ လုပ်ကိုင်ရန် ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရန် သို့မဟုတ် အခြားလုပ်ငန်းများ ဆောင်ရွက်ရန် မြေငှားစာချုပ်များ ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးနိုင်သည်။

၂၃။ ကော်မတီသည် မြေငှားစာချုပ်များ ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးရာတွင် မြေယာမူဝါဒ နှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များကို ထိခိုက်နိုင်သည့် ကိစ္စရပ်များမှအပ အထူးကိစ္စရပ်များ၌ လိုအပ်သော အချက်အလက်များ ပြည့်စုံမှုမရှိသော်လည်း လျော့ပေါ့သတ်မှတ်၍ထုတ်ပေးနိုင်သည်။

၂၄။ ကော်မတီသည် အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် မြေငှားအသစ်ချထား၍ မြေငှားရမ်းခွင့်ရရှိသည့် ပုဂ္ဂိုလ်အား မြေငှားစာချုပ်ကို ထုတ်ပေးနိုင်သည်-

(က) တစ်ဦးချင်းစနစ်၊

(ခ ) တင်ဒါစနစ်၊

(ဂ ) လေလံစနစ်။

၂၅။ ကော်မတီသည် မြေငှားစာချုပ်များ ၊ လိုင်စင်များနှင့် ပါမစ်များ၏ သက်တမ်းကို သတ်မှတ်ခြင်း ၊ ပြင်ဆင်ခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။

၂၆။ (က) ကော်မတီသည် မြေငှားစာချုပ်စည်းကမ်းများ ၊ လိုင်စင်စည်းကမ်းများနှင့် ပါမစ်စည်းကမ်းများကို သတ်မှတ်နိုင်သည်။

(ခ ) နည်းဥပဒေခွဲ (က) အရ သတ်မှတ်ထားသော စည်းကမ်းတစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက မြေငှားစာချုပ် ၊ လိုင်စင် သို့မဟုတ် ပါမစ်ကို ဖျက်သိမ်း၍ လိုအပ်သလိုစီမံခန့်ခွဲနိုင်သည်။ ယင်းသို့ ဖျက်သိမ်းခြင်းခံရပါက
ပေးသွင်း ထားသောငွေကို ပြန်လည်တောင်းခံပိုင်ခွင့်မရှိစေရ။

၂၇။ ကော်မတီသည် သာသနာရေးဆိုင်ရာကိစ္စရပ်များအတွက် အခွန်လွတ်သာသနာ့မြေဂရန်နှင့် အခွန်လွတ် ဗုဒ္ဓသိမ်မြေဂရန်များကို ပြည်ထဲရေး၀န်ကြီးဌာန၏ခွင့်ပြုချက်ဖြင့်ထုတ်ပေးနိုင်သည်။

၂၈။ ကော်မတီသည် မြေငှားစာချုပ်များ ၊ လိုင်စင်များနှင့် ပါမစ်များထုတ်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ လိုအပ် ပါက သက်ဆိုင်ရာအစိုးရဌာန ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။

၂၉။ မြေငှားစာချုပ်များ ၊ လိုင်စင်များနှင့် ပါမစ်များကို ထုတ်ပေးရာတွင် သတ်မှတ်သည့်ကာလအတွင်း မြေငှားစာချုပ် ၊ လိုင်စင်သို့မဟုတ် ပါမစ် ရရှိသည့်ပုဂ္ဂိုလ်က ငွေပေးသွင်းရန်ပျက်ကွက်ပါက ကော်မတီသည် မြေငှားစာချုပ် ၊ လိုင်စင်သို့မဟုတ် ပါမစ်ချထားခြင်းကို ဖျက်သိမ်းနိုင်သည်။

အခန်း(၆)

မြေခွန်၊ မြေခ စည်းကြပ်စည်းခြင်း၊ ကောက်ခံခြင်း၊ ကင်းလွတ်ခွင့်ပြုခြင်းနှင့် သက်သာခွင့်ပြုခြင်း

၃၀။ ကော်မတီသည် နည်းဥပဒေ ၃ အရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၏ မြေခွန်မြေခများကို တည်ဆဲဥပဒေ များနှင့်အညီ စည်းကြပ်ကောက်ခံရမည်။

၃၁။ ကော်မတီသည် စည်းကြပ်ကောက်ခံမည့် မြေခွန်မြေခအမျိုးအစားနှင့် နှုန်းထားများကို အခါအားလျော်စွာ သတ်မှတ်ခြင်း ၊ ပြင်ဆင်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင်သည်။

၃၂။ ကော်မတီသည် ရရန်ရှိသော မြေခွန်မြေခ ကြွေးကျန်များကို မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့အရ တောင်းခံ နိုင်သည်။

၃၃။ မြို့တော်နယ်နမိတ်အတွင်း လွှဲပြောင်းသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းတန်ဖိုးအပေါ်တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန်အက်ဥပဒေအရ ရရှိသည့်ငွေ၏ ၂ ရာခိုင်နှုန်းကို ကော်မတီသည် ဘဏ္ဍာရေးနှစ် အခွန်၀န်ကြီးဌာနထံမှ တောင်းခံရယူရမည်။

၃၄။ ကော်မတီသည် မြေငှားစာချုပ် ၊ လိုင်စင်သို့မဟုတ် ပါမစ်အတွက် ရရန်ရှိသည့် မြေခွန်မြေခများကို ကင်းလွတ်ခွင့် သို့မဟုတ် သက်သာခွင့်ပြုနိုင်သည်။

အခန်း(၇)

မြေသိမ်းယူခြင်း၊ မြေဝယ်ယူခြင်းနှင့် မြေလွှဲပြောင်းရယူခြင်း

၃၅။ ကော်မတီသည် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော ပုဂ္ဂလိကပိုင် မြေနှင့်အဆောက်အအုံများကို အများပြည်သူအကျိုးအတွက် တည်ဆဲဥပဒေများနှင့်အညီ လျော်ကြေးပေး၍ မြေသိမ်းယူခြင်း သို့မဟုတ် သင့်လျော်သောတန်ဖိုးပေး၍ ၀ယ်ယူခြင်းပြုနိုင်သည်။

၃၆။ ကော်မတီသည် မြို့ပြစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ပုဂ္ဂလိကပိုင်မြေကို အများပြည်သူအကျိုးအတွက် လွှဲပြောင်းရယူရန် လိုအပ်ပါက မြေသိမ်းယူခြင်းနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့် အပ်နှင်းထားခြင်းခံရသော သက်ဆိုင်ရာ ဝန်ကြီးဌာနက တည်ဆဲဥပဒေများနှင့်အညီ မြေသိမ်းယူရေးနှင့် သိမ်းယူပြီးသော မြေကို လွှဲပြောင်းရယူရေး တို့အတွက် သက်ဆိုင်ရာ၀န်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်သည်။

၃၇။ ကော်မတီသည် သက်ဆိုင်ရာ၀န်ကြီးဌာနက မြို့ပြစီမံကိန်းအညီ တည်ထောင်ပြီးသော မြို့သစ်များ၊ စီမံကိန်းဇုံများ ၊ အိမ်ရာစီမံကိန်းများကို သက်ဆိုင်ရာ၀န်ကြီးဌာနနှင့် ညှိနှိုင်း၍ လွှဲပြောင်းရယူပြီး ဤနည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲနိုင်သည်။

၃၈။ ကော်မတီသည် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအကောင်အထည်ဖော်ရာတွင် အစိုးရဌာန ၊ အဖွဲ့အစည်းပိုင်မြေ ကို လွှဲပြောင်းရယူရန် လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန ၊ အဖွဲ့အစည်းနှင့်ညှိနှိုင်းပြီး လွှဲပြောင်း ရယူနိုင်သည်။

၃၉။ ကော်မတီသည် မြို့တော်နယ်နမိတ်အတွင်း တည်ရှိသော စားကျက်မြေများကို သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းနှင့်ညှိနှိုင်းပြီး လွှဲပြောင်းရယူနိုင်သည်။

အခန်း(၈)

မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို စီမံခန့်ခွဲခြင်း

၄၀။ ကော်မတီသည် ပုဂ္ဂလိကပိုင်မြေများနှင့် မြေငှားစာချုပ်ဖြင့်ဖြစ်စေ ၊ လိုင်စင်ဖြင့်ဖြစ်စေ ၊ ပါမစ်ဖြင့်ဖြစ်စေ ပုဂ္ဂလိကအား နေထိုင်အသုံးပြုခွင့်ပေးထားသောမြေနှင့် မြေပေါ်ရှိမရွှေ့မပြောင်းနိုင်သော ပစ္စည်းများ မှအပ မိမိစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေနှင့်မြေပေါ်ရှိမရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို ရောင်းချခြင်း ၊ လဲလှယ်ခြင်း အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်နိုင်သည်။

၄၁။ ကော်မတီသည် ဤနည်းဥပဒေများ၏ အခန်း(၇)ပါ ပြဌာန်းချက်များနှင့်အညီ သိမ်းယူထားသောမြေ များ ၊ ၀ယ်ယူထားသောမြေများနှင့် လွှဲပြောင်းရယူထားသောမြေများကို ဤနည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲခွင့်ရှိသည်။

အခန်း(၉)

မှတ်တမ်းများ၊ ပုံစံများသတ်မှတ်ခြင်း၊ ထိန်းသိမ်းထားရှိခြင်းနှင့် မိတ္တူကူးယူခြင်း

၄၂။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်မြို့တော်၏မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းများ ၊ မြေစီမံခန့်ခွဲခြင်းဆိုင်ရာလုပ်ငန်း များနှင့်စပ်လျဉ်း၍-

(က) ကွန်ပျူတာမှတ်တမ်းများထားရှိရမည်။

(ခ ) လိုအပ်သည့်မှတ်တမ်းများ ၊ စာအုပ်စာတမ်းများ ၊ စာရင်းဇယားများ ၊ ပုံစံများကို သတ်မှတ် ထားရှိရမည်။

(ဂ ) ကွန်ပျူတာမှတ်တမ်းများ ၊ အခြားလိုအပ်သည့်မှတ်တမ်းများ ၊ စာအုပ်စာတမ်းများ ၊ စာရင်းဇယား များကို စနစ်တကျထိန်းသိမ်းထားရှိရမည်။

၄၃။ ကော်မတီသည် မြေစာရင်းမှတ်တမ်းများကို သတ်မှတ်ချက်များနှင့်အညီ အများပြည်သူအား ကြည့်ရှုခွင့် ပေးခြင်း ၊ မိတ္တူကူးယူခွင့်ပြုခြင်း ၊ မိတ္တူကူးခသတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။

အခန်း(၁၀)

မြေတိုင်းတာခြင်း

၄၄။ ကော်မတီသည် အစိုးရဌာန ၊ အဖွဲ့အစည်းတစ်ခုခု၏ လိုအပ်ချက်အရဖြစ်စေ ၊ ပုဂ္ဂိုလ်တစ်ဦးဦး ၏လျှောက်ထားချက်အရဖြစ်စေ ၊ မြေတိုင်းတာပြီး အတည်ပြုမြေတိုင်းမြေပုံကို ထုတ်ပေးနိုင်သည်။

၄၅။ ကော်မတီ၏ခွင့်ပြုချက်အရ ဆောင်ရွက်သော မြေတိုင်းတာရေးအဖွဲ့သည် ကော်မတီက စီမံခန့်ခွဲပိုင် ခွင့်ရှိသော မြေနှင့်ကော်မတီက မြေငှားစာချုပ် ၊ လိုင်စင် ၊ ပါမစ် ထုတ်ပေးထားသော မြေအတွင်းသို့ သတ်မှတ် ချက်များနှင့်အညီ ၀င်ရောက်တိုင်းတာခွင့်ရှိသည်။

၄၆။ မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြေတိုင်းတာရေးဆောင်ရွက်သည့် မြေတိုင်းတာရေးအဖွဲ့၀င် တစ်ဦးဦးအား ဟန့်တားနှောင့်ယှက်ခြင်းမပြုရ။

အခန်း(၁၁)

တရားမဝင်း ကျူးကျော်သည့် အဆောက်အအုံများနှင့် ကျူးကျော်သူများအား ဖယ်ရှားခြင်း

၄၇။ ကော်မတီသည် မြို့ပြစီမံကိန်းနှင့်အညီ လိုအပ်ပါက ကော်မတီပိုင်မြေနှင့်ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေများပေါ်တွင် တရားမ၀င်ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဖယ်ရှားခြင်း ၊ တရားမ၀င် ကျူးကျော်ခြင်းမပြုနိုင်ရန် တားမြစ်ခြင်းနှင့် တရားမ၀င်ကျူးကျော်သူများအား ဖယ်ရှားခြင်းတို့ကို ပြုလုပ်နိုင်သည်။

၄၈။ ကော်မတီသည် မြို့ပြစီမံကိန်းဆောင်ရွက်ရန် လွှဲပြောင်းရယူထားသောမြေများပေါ်ရှိ တရားမ၀င် ကျူးကျော် ဆောက်လုပ်ထားသည့် အဆောက်အအုံများနှင့် တရားမ၀င်ကျူးကျော်သူများအား ဖယ်ရှားနိုင်သည်။

အခန်း(၁၂)

အယူခံခြင်း

၄၉။ ဤနည်းဥပဒေများအရ ချမှတ်သော အမိန့်နှင့်စပ်လျဉ်း၍မကျေနပ်သူသည် အောက်ပါအတိုင်း အယူခံ၀င်နိုင်သည်-

(က) ဌာနမှူးက ချမှတ်သောအမိန့်ကို ရုံးအကြီးအကဲထံသို့ အမိန့်ချမှတ်ကြောင်း အကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း(၃၀)အတွင်း၊

(ခ ) ရုံးအကြီးအကဲက ချမှတ်သောအမိန့်ကို ကော်မတီထံသို့ အမိန့်ချမှတ်ကြောင်း အကြောင်း ကြားစာရရှိသည့်နေ့မှ ရက်ပေါင်း(၆၀)အတွင်း။

၅၀။ ကော်မတီက ချမှတ်သောအမိန့်သည် အပြီးအပြတ်ဖြစ်စေရမည်။

အခန်း(၁၃)

အထွေထွေ

၅၁။ ကော်မတီသည် မြို့တော်နယ်နမိတ်အတွင်း သင့်တင့်လျောက်ပတ်စွာ အခြေချနေထိုင်သင့်သည့် လူဦးရေ ကို သတ်မှတ်ပြီး လိုအပ်သောအစီအစဉ်များ ချမှတ်ဆောင်ရွက်နိုင်သည်။

၅၂။ ကော်မတီသည် မြို့တော်၏ မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့် လိုက်လျောညီထွေမှုရှိစေရန် မြို့တော်နယ်နမိတ်ကို အခါးအားလျော်စွာ ပြင်ဆင်တိုးချဲ့ သတ်မှတ်နိုင်သည်။

၅၃။ ဤနည်းဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် အကူအညီများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအ၀င် သက်ဆိုင်ရာအစိုးရဌာန ၊ အဖွဲ့အစည်းများထံ တောင်းခံနိုင်သည်။

၅၄။ ကော်မတီသည် ဤနည်းဥပဒေများအရ ဆောင်ရွက်ရန်ရှိသော လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာ၀န်များကို ရုံးအကြီးအကဲနှင့် ဌာနမှူးတို့အားဖြစ်စေ ၊ မိမိလက်အောက်ရှိ သက်ဆိုင်ရာဌာန ၊ အဖွဲ့အစည်းအားဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

၅၅။ ရုံးအကြီးအကဲနှင့် ဌာနမှူးတို့သည် ဤနည်းဥပဒေများအရ မိမိတို့အား ပေးအပ်ထားသောလုပ်ငန်း တာ၀န်များကို သင့်လျော်သည့်၀န်ထမ်းများအား လွှဲအပ်၍ဆောင်ရွက်စေနိုင်သည်။

၅၆။ ကော်မတီသည် ဤနည်းဥပဒေများပါကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန်လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဋ္ဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မြို့တော်ခန်းမ၊ ရန်ကုန်မြို့
အမိန့်အမှတ်၊ ၁/၉၅
ရန်ကုန်မြို့၊ ၁၃၅၇ ခုနှစ်၊ ဝါခေါင်လဆုတ် ၁၄ ရက်
( ၁၉၉၅ ခုနှစ်၊ သြရတ်လ ၂၄ ရက် )

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ၃၃၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အောက်ပါအမိန့်ကို ထုတ်ပြန်လိုက်သည်-

၁။ ရန်ကုန်မြို့လယ်ဒေသလမ်းများတွင် မလိုအပ်ဘဲမော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်တန့်နားနေခြင်းများပပျောက်၍ ယာဉ်များသွားလာမှု အဆင်ပြေချောမွေ့စေရန်အတွက် ယာဉ်ရပ်နားရန် ကန့်သတ် နယ်မြေကို ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှစ၍ အောက်ပါအတိုင်း သတ်မှတ်လိုက်သည်-
(က) အရှေ့ဘက်လားသော် - ဗိုလ်အောင်ကျော်လမ်း လမ်း
(ခ ) အနောက်ဘက်လားသော် - လမ်းမတော်လမ်း နှစ်ဖက်
(ဂ ) မြောက်ဘက်လားသော် - ဗိုလ်ချုပ်အောင်ဆန်းလမ်း စလုံး
(ဃ) တောင်ဘက်လားသော် - ကမ်းနားလမ်း အပါအ၀င်

၂။ ကင်းလွတ်ခွင့်ပြုထားသောယာဉ်များမှအပ မည်သည့်ယာဉ်မဆို နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၆နာရီ အတွင်းယာဉ်ရပ်နားရန် ကန့်သတ်နယ်မြေရှိ လမ်းများပေါ်၏ သတ်မှတ်ထားသည့်ယာဉ်ရပ်နားခကို ပေးဆောင်ပြီးမှသာ ရပ်နားခွင့်ရှိသည်။

၃။ ယာဉ်မောင်းနှင်သူမည်သူမဆို ယာဉ်ရပ်နားခပေးဆောင်ရန် ပျက်ကွက်လျှင်ဖြစ်စေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ညီညွတ်ခြင်းမရှိဘဲ ရပ်နားလျှင်ဖြစ်စေ တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဋ္ဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မြို့တော်ခန်းမ၊ ရန်ကုန်မြို့
အမိန့်အမှတ်၊ ၁/၉၆
ရန်ကုန်မြို့၊ ၁၃၅၇ ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၁ ရက်
( ၁၉၉၆ ခုနှစ်၊ မတ်လ ၁၉ ရက် )

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်ကို အဆင့်မြင့်မြို့တော်နှင့် သန့်ရှင်းသပ်ရပ် သာယာလှပသည့် ဥယျာဉ်မြို့တော်အဖြစ် တည်ဆောက်လျှက်ရှိရာတွင် စီးပွားရေး လုပ်ငန်းရှင်များအတွက် လိုအပ်သော လုပ်ငန်းလိုင်စင်များကို နည်းလမ်းတကျ စိစစ်ထုတ်ပေးလျှက် ရှိပါသည်။
သို့သော်လည်း အချို့သော စီးပွားရေးလုပ်ငန်းရှင်များသည် လိုအပ်သော လုပ်ငန်းလိုင်စင်များကို လျှောက်ထား ရယူခြင်းမရှိဘဲ မိမိတို့သဘောအလျှောက် လုပ်ငန်းများလုပ်ကိုင်လျှက်ရှိနေကြရာ အများပြည်သူ တို့၏ ကျန်းမာရေးနှင့်သန့်ရှင်းရေးကို ထိခိုက်စေလျှက်ရှိသည့်အပြင် ပတ်၀န်းကျင် ညစ်ညမ်းမှုကိုလည်း ဖြစ်ပေါ်စေလျှက်ရှိပါသည်။
ဖော်ပြပါမလိုလားအပ်သည့် ဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရန်အလို့ငှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ မည်သူမဆို အောက်ပါလုပ်ငန်းတစ်ရပ်ရပ်ကို မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက် ရယူပြီးမှသာ လုပ်ကိုင်ခွင့်ရှိသည်-
(က) မြို့တော်သာယာလှပရေးနှင့် ပတ်၀န်းကျင်သန့်ရှင်းရေးကို ထိခိုက်စေနိုင်သည့် သို့မဟုတ် အများပြည်သူအား စိတ်ငြိုငြင်မှုဖြစ်စေနိုင်သည့် လုပ်ငန်း။
(ခ) အများပြည်သူတို့၏အသက်ကိုဖြစ်စေ၊ ကျန်းမာရေးကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ အန္တရာယ် ဖြစ်စေနိုင်သည့် သို့မဟုတ် အများပြည်သူတို့အား စိတ်ငြိုငြင်မှုဖြစ်စေနိုင်သည့်အရာ၀တ္ထုများ အစားအသောက်များကို
သိုလှောင်ခြင်း၊ ထုတ်လုပ်ခြင်း၊ တည်ခင်းရောင်းချခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းလုပ်ငန်း။
(ဂ ) ကော်မတီက သတ်မှတ်ထားသော အတိုင်းအတာပြည့်မီသည့် နံရံကပ်ဆိုင်များ ဖွင့်လှစ်ရောင်း ချခြင်းလုပ်ငန်း။
(ဃ) ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ ထီလက်မှတ် သို့မဟုတ် အခြားကုန်ပစ္စည်းများကို လှည့်လည် ရောင်းချခြင်းလုပ်ငန်း။
(င) ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ဖွင့်လှစ်သော ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနှင့် တည်းခိုရိပ်သာများမှအပ အခြားတည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင်ကို တည်ထောင်
ဖွင့်လှစ်ခြင်းလုပ်ငန်း။

၂။ မည်သူမဆို ဤအမိန့်ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မြို့တော်ခန်းမ၊ ရန်ကုန်မြို့
အမိန့်အမှတ်၊ ၂/၉၆
ရန်ကုန်မြို့၊ ၁၃၅၈ ခုနှစ်၊ ပထမဝါဆိုလဆန်း ရက်
( ၁၉၉၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် )


၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်ကို သန့်ရှင်းသာယာလှပသည့် အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်လျှက်ရှိရာ မြို့တော်သူမြို့တော်သားများအတွက် သန့်ရှင်းကောင်းမွန် သော သောက်သုံးရေလုံလောက်စွာရရှိရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အတူ မြို့တော်သူ မြို့တော်သားများ ကျန်းမာသန့်ရှင်းရေးအတွက် အဆောက်အအုံများမှ ထွက်ရှိသော မိလ္လာ၊ မိလ္လာအညစ် အကြေးနှင့် ရေသိုးရေပုတ်များကို စနစ်တကျစွန့်ပစ်ရေးကိုလည်း ကြပ်မတ်လုပ်ဆောင်လျှက်ရှိပါသည်။

၂။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရေဆက်သွယ်သုံးစွဲခွင့် လျှောက်ထားလာသူများအား စနစ်တကျစိစစ်ခွင့်ပြု၍ ရေဆက်သွယ်ဆောင်ရွက်ပေးလျှက်ရှိသော်လည်း တချို့သော မြို့တော်သူ မြို့တော်သားများသည် ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တရားမ၀င်ရေဆက်သွယ်သုံးစွဲမှုများ ရှိနေပါသည်။ ထို့အပြင် ရေသုံးစွဲခွင့်ရသူအချို့သည် ရေကိုစနစ်တကျ သုံးစွဲမှုမရှိသောကြောင့် ရေဖြုန်းတီးမှုများကိုလည်း စစ်ဆေးတွေ့ရှိရပါသည်။

၃။ ရန်ကုန်မြို့တော်သူမြို့တော်သားများသည် အဆောက်အအုံများမှ ထွက်ရှိသော မိလ္လာနှင့် မိလ္လာအညစ် အကြေးများကို မိလ္လာပြွန်ရှိသောမြို့နယ်များသို့ စွန့်ပစ်ခြင်း၊ မိလ္လာပြွန်မရှိသေးသော မြို့နယ်များတွင် ကိုယ်ပိုင် မိလ္လာကန်တည်ဆောက်၍ စွန့်ပစ်ခြင်းများအတွက် ကော်မတီထံ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပါသည်။

၄။ သို့သော်လည်း မြို့တော်သူမြို့တော်သားအချို့သည် မိလ္လာနှင့် မိလ္လာအညစ်အကြေးများကို စည်းကမ်းမဲ့စွာ ရေမြောင်းများ၊ ရေကန်များအတွင်းသို့ စွန့်ပစ်နေကြောင်းတွေ့ရပါသည်။ ဤသို့မသင့်မလျော် စွန့်ပစ် ခြင်းသည် မြို့တော်သူမြို့တော်သားတို့ ကျန်းမာရေးကိုထိခိုက်စေပြီး ရောဂါအန္တရာယ်များလည်း ဖြစ်ပေါ်စေ နိုင်ပါသည်။

၅။ သို့ပါ၍ တရားမ၀င်ရေဆက်သွယ်မှုများ၊ ရေဖြုန်းတီးမှုများမှ ကာကွယ်ရန်အတွက်လည်းကောင်း၊ မိလ္လာ၊ မိလ္လာအညစ်အကြေးနှင့် ရေသိုးရေပုတ်များကို စည်းကမ်းနှင့်အညီ တိကျစွာစွန့်ပစ်ရန်အတွက်လည်းကောင်း ကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထား သည့်လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အောက်ပါအမိန့်ကိုထုတ်ပြန်လိုက်သည်
(က) ကော်မတီခွင့်ပြုချက်မရရှိဘဲ ကော်မတီပိုင်ရေပိုက် သို့မဟုတ် ရေကန်မှ မိမိအဆောက်အအုံ အ၀န်း အဝိုင်း မည်သည့်နေရာသို့မဆို တိုက်ရိုက်ဖြစ်စေ၊ တစ်ဆင့်ခံ၍ဖြစ်စေ သွယ်ယူသုံးစွဲခြင်း၊ ကော်မတီ
မူလခွင့်ပြုချက်ထက် ကျော်လွန်သုံးစွဲခြင်း၊ စွမ်းအင်တစ်မျိုးမျိုးကိုသုံး၍ ရေစုပ်စက်တပ်ဆင်သုံးစွဲခြင်းများ မပြုရ။
(ခ ) ရေကိုရေမီတာဖြင့် တပ်ဆင်သုံးစွဲသည့်အခါ ကော်မတီက တပ်ဆင်ထားသော ရေမီတာကို ဖျက်စီးခြင်း၊ ပြုပြင်ပြောင်းလဲတပ်ဆင်ခြင်း သို့မဟုတ် ရေမီတာအစိတ်အပိုင်းကို ဖြုတ်ခြင်း၊ ရေမီတာကိုကျော်၍
ရေဆက်သွယ်ခြင်း မပြုလုပ်ရ။
(ဂ ) ကော်မတီပိုင် ကန်ကြီးများရှိရေကိုသော်လည်းကောင်း၊ ခွင့်ပြုချက်ဖြင့် စနစ်တကျဆက်သွယ် သုံးစွဲခွင့် ရသောရေကိုသော်လည်းကောင်း တရား၀င်ခွင့်ပြုထားသည့်ကိစ္စမှအပ အခြားကိစ္စရပ်များတွင်
အသုံးပြုခြင်း၊ ဖြုန်းတီးခြင်းမပြုရ။
(ဃ) ကော်မတီပိုင်ရေဖြန့်ဝေပေးသည့် ရေပြွန်၊ ရေပိုက်များတွင် တပ်ဆင်ထားရှိသော ရေတံခါးများကို ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲ ဖွင့်ခြင်း၊ ပိတ်ခြင်း၊ အတိုးအလျော့ပြုလုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်
တပ်ဆင်ခြင်း၊ ဖြုတ်သိမ်းခြင်း၊ နေရာရွှေ့ပြောင်းခြင်းမပြုရ။
(င) လက်ရှိအဆောက်အအုံ၊ အသစ်ပြန်လည်ပြင်ဆင်တည်ဆောက်သော အဆောက်အအုံများတွင် အသုံးပြုနေသော မိလ္လာပြွန်စနစ်နှင့် မိလ္လာကန်စနစ်များ စံချိန်စံညွှန်းနှင့်မကိုက်ညီသဖြင့် ကော်မတီက
ပြန်လည်ပြင်ဆင်တည်ဆောက်ရန် နို့တစ်စာပေးလျှင် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းမရှိစေရ။
(စ) မိမိနေထိုင်အသုံးပြုသောခြံ၊ မြေ၊ အဆောက်အအုံပိုင်နက်အတွင်း အများပြည်သူကိုအန္တရာယ် ဖြစ်စေ နိုင်သော သို့မဟုတ် စိတ်ငြိုငြင်ဖွယ်ဖြစ်စေနိုင်သော အညစ်အကြေး သို့မဟုတ် အနံ့အသက်ဆိုး
ထွက်စေသောအရာများ စုပုံထားခြင်း၊ အိုင်ထွန်းစေခြင်း၊ ပြင်ပသို့စီးထွက်စေခြင်း၊ စိမ့်ထွက်စေခြင်း၊ စွန့်ပစ်ခြင်းမပြုရ။
(ဆ) မိမိနေထိုင်အသုံးပြုသော အဆောက်အအုံ၌ တပ်ဆင်ထားသော ရေပိုက် သို့မဟုတ် မိလ္လာပိုက် ပျက်စီး ချို့ယွင်းခြင်းကို ကော်မတီက အချိန်သတ်မှတ်၍ပြင်ဆင်ရန် နို့တစ်စာပေးထားပါလျက် သက်ဆိုင်ရာ
အဆောက်အအုံပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်အသုံးပြုသူသည် သတ်မှတ်ရက်အတွင်း အပြီးပြင်ဆင်ရန် ပျက်ကွက်ခြင်းမရှိရ။
(ဇ) မိမိနေထိုင်အသုံးပြုသော အဆောက်အအုံ သို့မဟုတ် အ၀န်းအဝိုင်းမှထွက်ရှိသော မိလ္လာ သို့မဟုတ် မိလ္လာအညစ်အကြေးကို ကော်မတီ၏ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ကော်မတီပိုင် မိလ္လာပြွန်စနစ်သို့ ဆက်သွယ်
စွန့်ထုတ်ခြင်းမပြုရ။
(ဈ) မိလ္လာ သို့မဟုတ် မိလ္လာအညစ်အကြေးများကို ရေမြောင်းများ၊ ရေကန်များ၊ အများပြည်သူ ဆိုင်ရာ နေရာများတွင် စွန့်ပစ်ခြင်းမပြုရ။

၆။ မည်သူမဆို ဤအမိန့်ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မြို့တော်ခန်းမ၊ ရန်ကုန်မြို့
အမိန့်အမှတ်၊ ၃/၉၆
ရန်ကုန်မြို့၊ ၁၃၅၈ ခုနှစ်၊ ပထမဝါဆိုလဆန်း ၃ ရက်
( ၁၉၉၆ ခုနှစ်၊ ဇွန်လ ၁၈ ရက် )

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်ကို စိမ်းလန်းစိုပြေ၍ သန့်ရှင်းသပ်ရပ် သာယာလှပသည့် အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်ရာတွင် မြို့တော်သူမြို့တော်သားများ၏လူအား၊ ငွေအား၊ အကြံဉာဏ်အား ပါ၀င်ကူညီမှုဖြင့် ခေတ်မီအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ အဆောက် အအုံများ သန့်ရှင်းသပ်ရပ်လှပစေရေး ထိန်းသိမ်းခြင်း၊ လမ်းများကို ကတ္တရာခင်းခြင်း၊ နောက်ဖေး လမ်းကြားများကို ကွန်ကရစ်ခင်းခြင်း၊ ပန်းအလှပင်နှင့် အရိပ်ရပင်များ စိုက်ပျိုးခြင်း၊ အမှိုက်သရိုက်များ စနစ်တကျစွန့်ပစ်နိုင်ရန် စီစဉ်ပေးခြင်းစသည့် စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါသည်။

၂။ ဤသို့ မြို့တော်သူ မြို့တော်သားများနှင့် ကော်မတီတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြို့တော်၏ အခြေအနေမှာ တိုးတက်မှုရှိလာသော်လည်း အချို့သော စည်းကမ်းမလိုက်နာသူများ၏ ပြုမူမှုကြောင့် ပတ်၀န်းကျင် ညစ်ညမ်းမှုကိုဖြစ်ပေါ်စေပြီး မြို့တော်၏သန့်ရှင်းရေးနှင့် မြို့တော်သူမြို့တော်သားများ၏ ကျန်းမာရေးကိုထိခိုက်စေလျက်ရှိပါသည်။

၃။ သို့ပါ၍ စည်းကမ်းမလိုက်နာသူများ၏ စည်းကမ်းမဲ့မှုများမှ ကာကွယ်နိုင်ရန်အလို့ငှာ ကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါအမိန့်ကိုထုတ်ပြန်လိုက်သည်-
(က) တည်ဆောက်ရေးလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံ၊ ဥယျာဉ်ခြံမြေတို့မှထွက်သော အမှိုက်နှင့် အညစ်အကြေးများအား အများပြည်သူဆိုင်ရာလမ်း၊ ရေမြောင်း၊ ရေကန်၊ မြစ်ချောင်း၊ မြစ်ကျဉ်း၊
ချိုင့်ဝှမ်းစသည့်နေရာများသို့ စွန့်ပစ်ခြင်း သို့မဟုတ် စွန့်ထုတ်ခြင်းမပြုရ။
(ခ ) အဆောက်အအုံ၏ မည်သည့်အထပ်တွင် နေထိုင်သူမဆို အိမ်ထွက်အမှိုက်များ၊ စက်ဆုတ်ဖွယ်ရာ အရာများနှင့် ရေသိုးရေပုတ်များကို ကော်မတီက သတ်မှတ်ပေးထားသောနေရာနှင့် သတ်မှတ်ပေးထားသော
နည်းလမ်းအတိုင်း စွန့်ပစ်ရမည်။ အိမ်ရှေ့လမ်း၊ နောက်ဖေးလမ်း၊ အိမ်ဘေးလမ်းပေါ်သို့ လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်းများမပြုရ။
(ဂ ) အများပြည်သူဆိုင်ရာ နေရာများတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပြစ်ခြင်း၊ ကျရေက်စေခြင်း၊ ပြန့်ကျဲအောင် ပြုလုပ်ခြင်းနှင့် ကွမ်းတံတွေးထွေးခြင်း၊ အပေါ့အလေးစွန့်ခြင်းများမပြုရ။
(ဃ) ခွင့်ပြုချက်မရဘဲ ကော်မတီပိုင်မြေပေါ်ရှိ သစ်ပင်များကိုဖြစ်စေ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ရှိသစ်ပင်များကိုဖြစ်စေ၊ ဌာနနှင့် အဖွဲ့အစည်းပိုင်မြေပေါ်ရှိ သစ်ပင်များကိုဖြစ်စေ၊ ပုဂ္ဂလိကပိုင်မြေပေါ်ရှိ
သစ်ပင်များကိုဖြစ်စေ၊ ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲ ခုတ်ထွင်ခြင်း၊ ချိုင်ခြင်း၊ ခုတ်လှဲခြင်း၊ နှုတ်ခြင်း၊ ချိုးဖဲ့ခြင်း၊ ဖျက်စီးခြင်းမပြုလုပ်ရ။
(င ) လမ်းမကြီးများ ဘေးဝဲယာတွင်လည်းကောင်း၊ လမ်းလယ်ကျွန်းနှင့် အဝိုင်းများတွင်လည်းကောင်း၊ တြိဂံကျွန်းများနှင့် မြေကွက်လပ်များတွင်လည်းကောင်း၊ စိုက်ပျိုးထားသည့်အရိပ်ရပင်၊ ပန်းအလှပင်နှင့်
မြက်ခင်းများကို ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ ခိုးယူခြင်းမပြုလုပ်ရ။
(စ ) ကော်မတီခွင့်ပြုချက်မရရှိဘဲ မြို့တော်၏လမ်းများပေါ်တွင် ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ၀က်၊ ကြက်၊ ဘဲများကို မောင်းနှင်ခြင်း၊ လွှတ်ကျောင်းခြင်း၊ အပျော်စီးနင်းခြင်း၊ ယင်းတိရစ္ဆာန် အသေကောင် များကို
မသင့်မလျော် သယ်ဆောင်ခြင်း၊ ရွှေ့ပြောင်းခြင်းမပြုရ။
(ဆ) အဆောက်အအုံတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ အမိုးကိုဖြစ်စေ၊ ခြံစည်းရိုးကို ဖြစ်စေ ထုံးသုတ်ရန်၊ ဆေးသုတ်ရန်၊ သန့်ရှင်းရေးပြုလုပ်ရန် ကော်မတီကနို့တစ်စာပေးလျှင် အဆောက်အအုံပိုင်ရှင်
သို့မဟုတ် လက်ရှိနေထိုင်အသုံးပြုသူသည် သတ်မှတ်ရက်အတွင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း မရှိစေရ။
(ဇ) ဥပစာတစ်ခုတွင်ဖြစ်စေ၊ ခြံ၀င်းတစ်ခုတွင်ဖြစ်စေ၊ တိုက်ကပ်ပင်များ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ ပေါက်ပြဲ ပျက်စီးနေသော ခြံစည်းရိုးများစသည့် မသင့်လျော်သောအရာများအား ရှင်းလင်းပြုပြင်ရန် ကော်မတီက
နို့တစ်စာပေးလျှင် ဥပစာပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်အသုံးပြုသူသည် သတ်မှတ်ရက်အတွင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းမရှိစေရ။
(ဈ ) ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲ ကြော်ငြာဆိုင်းဘုတ်များကို ဌာနဆိုင်ရာမြေ၊ ပုဂ္ဂလိကမြေ၊ တိုက်နံရံများ၊ ခေါင်းမိုးများ၊ ယာဉ်များ၊ ရထားများနှင့် အများပြည်သူမြင်သာသည့်နေရာများ တွင်စိုက်ထူခြင်း၊
ချိတ်ဆွဲခြင်း၊ တပ်ဆင်ခြင်း၊ ကပ်ခြင်း၊ ရေးဆွဲခြင်းမပြုလုပ်ရ။

၄။ မည်သူမဆို ဤအမိန့်ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မြို့တော်ခန်းမ၊ ရန်ကုန်မြို့
အမိန့်အမှတ်၊ ၄/၉၆
ရန်ကုန်မြို့၊ ၁၃၅၈ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက်
( ၁၉၉၆ ခုနှစ်၊ သြဂုတ်လ ၁၉ ရက် )

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်ကို သန့်ရှင်းသပ်ရပ် သာယာလှပသည့် အဆင့်မြင့်မြို့တော်နှင့် ဥယျာဉ်မြို့တော်အဖြစ် တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေရန် ၁၉၉၆ ခုနှစ်၊ မြန်မာ့ခရီးသွားနှစ်အမီ ယာဉ်ရောင်း၀ယ်ရေးစခန်းများကို စနစ်တကျ သတ်မှတ် ဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

၂။ သို့သော်လည်းအချို့သော ယာဉ်ရောင်း၀ယ်ရေးပြုလုပ်သူများသည် စနစ်တကျ သတ်မှတ် ဆောင်ရွက်ထား သည့် ယာဉ်ရောင်း၀ယ်ရေးစခန်းများ၌ ယာဉ်ရောင်း၀ယ်ခြင်းမပြုဘဲ ခွင့်ပြုမထားသော နေရာများတွင် မိမိတို့သဘောအလျှောက် ယာဉ်ရောင်း၀ယ်ရေးလုပ်ငန်းများ ပြုလုပ်နေကြသဖြင့် ယာဉ်ကြောများ ပိတ်ဆို့မှုဖြစ်ခြင်း၊ အများပြည်သူစိတ်ငြိုငြင်မှုများဖြစ်စေခြင်း၊ မြို့တော်သာယာမှုနှင့် စနစ်ကျမှုကို ထိခိုက်စေခြင်းနှင့် ပတ်၀န်းကျင်သန့်ရှင်းမှုကို ထိခုက်စေခြင်းစသည်များ ဖြစ်ပေါ်လျက်ရှိနေပါသည်။

၃။ ဖော်ပြပါ မလိုလားအပ်သည့်ကိစ္စရပ်များ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်း ထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမိန့်ကိုထုတ်ပြန်လိုက်သည်။

၄။ မည်သူမဆို ယာဉ်ရောင်း၀ယ်ရေးလုပ်ငန်းများကို မြို့တော်နယ်နိမိတ်အတွင်း အောက်ဖော်ပြပါ ယာဉ်ရောင်း၀ယ်ရေး စခန်းများမှအပ အခြားမည်သည့်နေရာတွင်မျှ မပြုလုပ်ရ-
(က) ယာဉ်ရောင်း၀ယ်ရေးစခန်း၊ ဗိုလ်တထောင်၊ ဗိုလ်တထောင်မြို့နယ်၊
(တစ်တန်အောက် ယာဉ်ငယ်ဆလွန်းကားများ၊ ဆိုင်ကယ်များ)
(ခ ) ယာဉ်ရောင်း၀ယ်ရေးစခန်း၊ ယမုံနာ၊ ဒေါပုံမြို့နယ်
(မည်သည့်ကားမဆို ရောင်း၀ယ်နိုင်သည်)
(ဂ ) ယာဉ်ရောင်း၀ယ်ရေးစခန်း၊ ဟံသာ၀တီ၊ စမ်းချောင်းမြို့နယ်
(မည်သည့်ကားမဆို ရောင်း၀ယ်နိုင်သည်)

၅။ မည်သူမဆို ဤအမိန့်ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဋ္ဌ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မြို့တော်ခန်းမ၊ ရန်ကုန်မြို့
အမိန့်အမှတ်၊ ၅/၉၆
ရန်ကုန်မြို့၊ ၁၃၅၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ ရက်
( ၁၉၉၆ ခုနှစ်၊ နို၀င်ဘာလ ၁၂ ရက် )

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ် အတွင်း တိုးတက်များပြားလာသောယာဉ်များ မောင်းနှင်သွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် လမ်းများတိုးချဲ့ ဖောက်လုပ်ခြင်း၊ တံတားများတည်ဆောက်ခြင်း၊ ယင်းတို့ကိုပြင်ဆင်ထိန်းသိမ်းခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ လမ်းများ၊ တံတားများပျက်စီးမှုနည်းပါးရေး၊ ယာဉ်သွား လမ်းများ ပိတ်ဆို့မှုမရှိစေရေး၊ ယာဉ်တိုက်ခိုက်မှုများ မဖြစ်ပေါ်စေရေးတို့အတွက်လည်း ယာဉ်နှင့် အနှေးယာဉ်များသွားလာခြင်း၊ ရပ်နားခြင်းတို့နှင့်စပ်လျဉ်း၍ လမ်းညွှန်အမှတ်အသားများ၊ စာအမှတ်အသားများဖြင့် စနစ်တကျသတ်မှတ် ထားရှိခဲ့ပါသည်။

၂။ သို့သော်လည်း အချို့သောယာဉ်များနှင့် အနှေးယာဉ်များသည် လမ်းများပေါ်တွင် ရေဆေးခြင်း၊ ပြုပြင်ခြင်း၊ ကြံ့ခိုင်ရေးပြုလုပ်ခြင်း၊ ယာဉ်များမရပ်ရနေရာတွင်ရပ်ခြင်း၊ အကြောင်းမဲ့အချိန်ကြာမြင့်စွာ ရပ်ထားခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းကြောင့် လမ်းပျက်စီးမှု၊ လမ်းပိတ်ဆို့မှုနှင့် ယာဉ်တိုက်ခိုက်မှုများ ဖြစ်ပွား လျက်ရှိပါသည်။

၃။ ဖော်ပြပါ မလိုလားအပ်သည့် ဘေးအန္တရာယ်များ မဖြစ်ပွားစေရန်အလို့ငှာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ဆ)နှင့် ပုဒ်မ(၃၃)၊ ပုဒ်မခွဲ(ခ)တို့အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ အောက်ပါအမိန့်ကိုထုတ်ပြန်လိုက်သည်-
(က) မည်သူမဆို ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လမ်းများပေါ်တွင် ယာဉ်နှင့် အနှေးယာဉ်များအား ရေဆေးခြင်း၊ ပြုပြင်ခြင်း၊ ကြံ့ခိုင်ရေးပြုလုပ်ခြင်း၊ အကြောင်းမဲ့ အချိန်ကြာမြင့်စွာ
ရပ်တန့်ထားခြင်း မပြုလုပ်ရ။
(ခ) မည်သူမဆို ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လမ်းများပေါ်တွင် ပျက်စီး ချွတ်ယွင်းနေသည့်ယာဉ်နှင့် အနှေးယာဉ်များကို အချိန်ကြာမြင့်စွာ ရပ်ထားခြင်းမပြုရ။
(ဂ) မည်သူမဆို ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ယာဉ်ရပ်နားရန်မဟုတ် သည့်နေရာနှင့် လမ်းများပေါ်တွင် ဘတ်စ်ကားများ၊ ကုန်တင်ယာဉ်များ၊ ကွန်တိန်နာနောက်တွဲယာဉ်များ၊
အခြားယာဉ်များကို ရပ်နားထားခြင်းမပြုရ။

၄။ မည်သူမဆို ဤအမိန့်ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မြို့တော်ခန်းမ၊ ရန်ကုန်မြို့
အမိန့်အမှတ်၊ ၁/၉၇
ရန်ကုန်မြို့၊ ၁၃၅၈ ခုနှစ်၊ တန်ပေါင်းလဆုတ် ၃ ရက်
( ၁၉၉၇ ခုနှစ်၊ မတ်လ ၂၆ ရက် )

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်ကို သန့်ရှင်းသာယာလှပသည့် အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်လျက်ရှိရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ မြစ်၊ ချောင်း၊ ကမ်းနံဘေးနယ်မြေများ၌ တည်ဆောက်ရေးလုပ်ငန်းသုံး အုတ်၊ သဲ၊ ကျောက်၊ သစ်၊ ဝါးနှင့် ဓနိများကို စနစ်တကျစုပုံနိုင်ရန် လုပ်ငန်းရှင်များအား သတ်မှတ်ထားသော အခွန်အခကောက်ခံလျက် ယာယီစုပုံခွင့်ကို စိစစ်ထုတ်ပေးလျက်ရှိပါသည်။ သို့သော်လည်း လုပ်ငန်းရှင်အချို့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြစ်၊ ချောင်း၊ ကမ်းနံဘေးနယ်မြေများတွင် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကို စည်းကမ်းမဲ့စုပုံနေကြောင်း တွေ့ရှိရပါသည်။ ဤသို့စည်းကမ်းမဲ့ စုပုံခြင်းသည် ရန်ကုန်မြို့တော်အား သန့်ရှင်းသာယာလှပသည့် အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်ရေးကို အဟန့်အတားဖြစ်စေပါသည်။
သို့ပါ၍ ဖော်ပြပါမလိုလားအပ်သော စည်းကမ်းမဲ့ ပစ္စည်းစုပုံခြင်းများ မဖြစ်ပေါ်စေရန်အလို့ငှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အောက်ပါအမိန့်ကိုထုတ်ပြန်လိုက်သည်-

၁။ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ မြစ်၊ ချောင်း၊ ကမ်းနံဘေးနယ်မြေများတွင် အမြင့်ဆုံးဒီရေတက်ချိန် ၌ မြစ်ရေရောက်ရှိရာနေရာမှ ကုန်းတင်းဘက်သို့ ပေတစ်ရာ့ငါးဆယ်အတွင်း-
(က) ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ စုပုံခြင်းမပြုရ။
(ခ ) ကော်မတီ၏ခွင့်ပြုချက်ဖြင့် စုပုံထားသော တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကို လုပ်ငန်းလိုင်စင် မရှိဘဲ ရောင်းချခြင်းမပြုရ။

၂။ မည်သူမဆို ဤအမိန့်ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဌ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မြို့တော်ခန်းမ၊ ရန်ကုန်မြို့
အမိန့်အမှတ်၊ ၂/၉၇
ရန်ကုန်မြို့၊ ၁၃၅၉ ခုနှစ်၊ တော်သလင်းလဆုတ် ၃ ရက်
( ၁၉၉၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် )

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်ကို သန့်ရှင်းသာယာလှပသည့် အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်လျက်ရှိရာတွင် လမ်းကြောင်းများတစ်လျှောက် သန့်ရှင်းရေးလုပ်ငန်း များကို နေ့ညမပြတ် ဆောင်ရွက်လျက်ရှိပါသည်။

၂။ ဤသို့ ဆောင်ရွက်ပေးမှုကြောင့် လမ်းများသန့်ရှင်းမှု တိုးတက်မှုရှိလာသော်လည်း အုတ်၊ သဲ၊ ကျောက်၊ မြေကြီး၊ ဆောက်လုပ်ရေးသုံး အခြားပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံး စွန့်ပစ်ပစ္စည်းများ သယ်ဆောင်သည့်
အချို့သောယာဉ်များသည် ပစ္စည်းများလမ်းပေါ်မကျစေရေးအတွက် ကြိုတင်စီမံမှုမရှိခြင်း၊ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ သယ်ဆောင်ခြင်းမရှိသည့်အတွက် လမ်းများ၏ သန့်ရှင်းမှုနှင့် စနစ်တကျရှိမှုကိုနေ့စဉ်နှင့်အမျှ ထိခိုက်လျက်ရှိနေပါသည်။

၃။ သို့ပါ၍ အုတ်၊ သဲ၊ ကျောက်၊ မြေကြီးနှင့် ဆောက်လုပ်ရေးသုံး အခြားပစ္စည်းများ သယ်ဆောင်သည့် ယာဉ်များနှင့်စပ်လျဉ်း၍ စည်းကမ်းမဲ့မှုများမှ ကာကွယ်ရန်အလို့ငှာ ကော်မတီသည် ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(ဆ)နှင့် ပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ)တို့အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အမိန့်ကို အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်-
(က) မည်သူမျှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လမ်းများပေါ်တွင် အများပြည်သူကို အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေရန်၊ စိတ်ငြိုငြင်စေရန် သို့မဟုတ် လမ်းများ ပျက်စီးစေရန်၊
သန့်ရှင်းမှုကို ထိခိုက်စေရန် အုတ်၊ သဲ၊ ကျောက်၊ မြေကြီးနှင့် ဆောက်လုပ်ရေးသုံးအခြားပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးစွန့်ပစ်ပစ္စည်းများ၊ ညစ်ညမ်းသည့်အရည်များနှင့် အမှိုက်များကို ဖိတ်ကျစေခြင်းမရှိစေရ
သို့မဟုတ် စွန့်ပစ်ခြင်းမပြုရ။
(ခ ) မည်သူမျှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရဘဲ တားမြစ်ထားသည့် လမ်းများပေါ်တွင် အုတ်၊ သဲ၊ ကျောက်၊ မြေကြီး၊ ဆောက်လုပ်ရေးသုံး အခြားပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံး
စွန့်ပစ်ပစ္စည်းများကို သယ်ဆောင်ခြင်းမပြုရ။
(ဂ ) မည်သူမျှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ လမ်းများပေါ်တွင် သံချောင်းများ၊ သစ်၊ ဝါးများနှင့် ဆောက်လုပ်ရေးသုံး အခြားပစ္စည်းများ သယ်ယူရာတွင်လမ်းသားနှင့် ပလက်ဖောင်းအား
ထိခိုက်စေသော တရွတ်တိုက်ဆွဲခြင်းမပြုရ။

၄။ မည်သူမဆို ဤအမိန့်ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မြို့တော်ခန်းမ၊ ရန်ကုန်မြို့
အမိန့်အမှတ်၊ ၁/၉၉
ရန်ကုန်မြို့၊ ၁၃၆၁ ခုနှစ်၊ ကဆုန်လဆုတ် ၅ ရက်
( ၁၉၉၉ ခုနှစ်၊ မေလ ၄ ရက် )

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ၃၃၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အောက်ပါအမိန့်ကို ထုတ်ပြန်လိုက်သည်-

၁။ ရန်ကုန်မြို့တော်ကို မြို့တော်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ မြို့တော်တွင်းယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေရန်အတွက်လည်းကောင်း ရည်ရွယ်၍ အနှေးယာဉ် (ဆိုက်ကား) မ၀င်ရနယ်မြေကို အောက်ပါအတိုင်း သတ်မှတ်လိုက်သည်-
(က) အရှေ့ဘက်လားသော် - သိမ်ဖြူလမ်း
(ခ ) တောင်ဘက်လားသော် - ကုန်သည်လမ်း
(ဂ ) အနောက်ဘက်လားသော် - လမ်းမတော်လမ်း
(ဃ) မြောက်ဘက်လားသော် - ဗိုလ်ချုပ်အောင်ဆန်းလမ်း

၂။ အပိုဒ်(၁)အရ သတ်မှတ်ထားသော အနှေးယာဉ်(ဆိုက်ကား)မ၀င်ရ နယ်မြေတွင် နံနက် ၅ နာရီမှ ည ၁၀ နာရီအတွင်း မည်သည့်အနှေးယာဉ်(ဆိုက်ကား)မျှ ၀င်ထွက်သွားလာခြင်းမပြုရန် စည်းကမ်းချက် သတ်မှတ် လိုက်သည်။

၃။ မည်သူမဆို အပိုဒ်(၂)ပါ စည်းကမ်းချက်များကို ဖောက်ဖျက်လျှင် တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၃၀-၈-၉၃ ရက်စွဲဖြင့်ထုတ်ပြန်ထားသော အမိန့် ကြော်ငြာစာကို ရုပ်သိမ်းလိုက်သည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဋ္ဌ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုသမ္မတနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

မြို့တော်ခန်းမ၊ ရန်ကုန်မြို့

အမိန့်အမှတ် (၁ / ၂ဝဝ၂ )

ရန်ကုန်မြို့ ၁၃၆၃ ခုနှစ်၊ တပို့တွဲလဆုတ် ၇ ရက်

(၂ဝဝ၂ ခုနှစ်၊ မတ်လ ၆ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်ကို မြို့ပြစီမံကိန်းနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အလို့ငှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများပေါ်တွင် တရားမဝင် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများ၊ နေအိမ်များနှင့် တဲများအား ဖျက်သိမ်းဖယ်ရှားရန် ရှိသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၇၊ ပုဒ်မခွဲ(င)၊ ပုဒ်မ၃၃၊ ပုဒ်မခွဲ(ခ)နှင့် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၄၇ နှင့် ၄၈ တို့အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ မည်သူမျှ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများပေါ်တွင် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးများ၊ နေအိမ်များနှင့် တဲများကို ကျူးကျော် ဆောက်လုပ် နေထိုင်ခြင်းမပြုရ။

၂။ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများပေါ်တွင် အဆောက်အအုံ များ၊ နေအိမ်များနှင့် တဲများကို ကျူးကျော်ဆောက်လုပ်နေထိုင်သူများသည် ကော်မတီက ဖျက်သိမ်းဖယ်ရှား ပေးရန် အကြောင်းကြားစာဖြင့် သတ်မှတ်ပေးသည့် နေ့ရက်အတွင်း ထိုအဆောက်အအုံများ၊ နေအိမ်များနှင့် တဲများကို ဖျက်သိမ်းပြီး ယင်းတို့နှင့်တကွ ကျူးကျော်နေထိုင်သူများအားလုံး ဖယ်ရှားပေးရမည်။

၃။ အထက်အပိုဒ်(၂)ပါ အတိုင်း လိုက်နာဆောင်ရွက်ခြင်း မရှိပါက ကော်မတီသည် ရန်ကုန် မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၇၊ ပုဒ်မခွဲ(င)နှင့် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေး ဆိုင်ရာနည်းဥပဒေများ၏ နည်းဥပဒေ ၄၇ နှင့် ၄၈ တို့အရ တရားမဝင် ကျူးကျော်ဆောက်လုပ်ထားသည့် အဆောက်အအုံများကို ဖျက်သိမ်းပြီး ယင်းတို့နှင့် တကွ ကျူးကျော်သူများကို ဖယ်ရှားမည် ဖြစ်သည်။

၄။ မည်သူမဆို ဤအမိန့်ပါ တားမြစ်ချက်ကို ဖောက်ဖျက်လျှင် သို့မဟုတ် တာဝန်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၃ဝ အရ အရေးယူခြင်းခံရမည်။ ထို့ပြင် ဆက်လက်၍ ဖောက်ဖျက်ခြင်း။ လိုက်နာရန် ပျက်ကွက်ခြင်းပြုပါက ပုဒ်မ ၃၁ အရလည်း အရေးယူခြင်း ခံရမည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုသမ္မတနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

မြို့တော်ခန်းမ၊ ရန်ကုန်မြို့

အမိန့်အမှတ် (၁ / ၂ဝဝ၃ )

ရန်ကုန်မြို့ ၁၃၆၅ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်

(၂ဝဝ၃ ခုနှစ်၊ သြဂုတ်လ ၅ ရက်)

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်ကို ကျန်းမာရေး၊ သန့်ရှင်း သာယာ လှပရေး အတွက် အစဉ်တစိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့တော်သူ၊ မြို့တော်သားများ စည်းကမ်းတကျနှင့် အဆင်ပြေစွာ အမှိုက်စွန့်ပစ်ရန် အမှိုက်ကန်များ၊ အမှိုက်ပုံးများအား လိုအပ်သည့်နေရာ များတွင် တည်ဆောက် ချထားပေးခဲ့ပါသည်။ သို့ရာတွင် အချို့သော စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး မြင်ကွင်းသာယာလှပမှုကိုပါ ပျက်စီးစေပါသည်။

၂။ သို့ပါ၍ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို ကာကွယ်တားဆီးရန်အလို့ငှာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထား သော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါအမိန့်ကို ထုတ်ပြန်လိုက်သည်-

(က) တည်ဆောက်ထားသည့် အမှိုက်ကန်များအတွင်းသို့ မီးဖိုချောင်ထွက်အမှိုက်များနှင့် သာမန်အမှိုက်များကိုသာ စွန့်ပစ်ရမည်။

(ခ) ယင်းသို့ စွန့်ပစ်ရာတွင် အမှိုက်ကန်အတွင်း စနစ်တကျစွန့်ပစ်ရမည်ဖြစ်ပြီး၊ အမှိုက်ကန်ပတ်ဝန်းကျင်သို့ အမှိုက်များ ထွက်ကျခြင်း၊ ပြန့်ကြဲစေခြင်း၊ ရှုပ်ပွစေခြင်း မဖြစ်ပေါ်စေရ။

(ဂ) သတ်မှတ်ထားသည့် အမှိုက်ပုံး၊ အမှိုက်ကန် သို့မဟုတ် ယာယီအမှိုက်စုပုံထားသောနေရာရှိ အမှိုက်ထုပ်များ ကို ဆွဲဖြဲ၍လည်းကောင်း၊ အမှိုက်များ ပြန့်ကြဲစေ၍လည်းကောင်း ပစ္စည်းများ ရှာဖွေရွေးချယ်
ခြင်း မပြုရ။

(ဃ) အမှိုက်ကန်သို့ သွားရောက်ရသည့် အဝင်အထွက်လမ်းကြောင်းတွင်လည်း မည်သည့် အမှိုက်မျှ စွန့်ပစ်ခြင်း မပြုရ။

(င) လမ်းသွားလမ်းလာများ။ ခရီးသည်များ လွယ်လင့်တကူစွန့်ပစ်ရန် သတ်မှတ်ချ ထားသော အမှိုက်ပုံးများ အတွင်းသို့ ထုထည်သေးငယ်ပြီး ညစ်ညမ်းမှု မဖြစ်စေနိုင်သည့် အမှိုက်များ ကိုသာ စွန့်ပစ်ရမည်။
ထုထည်ကြီးမားသည့် အမှိုက်များ၊ မီးဖိုချောင်ထွက်အမှိုက်များ၊ ခြံထွက်အမှိုက်များ၊စက်ရုံ အလုပ်ရုံထွက်အမှိုက်များ၊တည်ဆောက်ရေး၊ လုပ်ငန်းထွက် အမှိုက်များ၊ ဆေးရုံဆေးခန်း အမှိုက်များကို
စွန့်ပစ်ခြင်း မပြုရ။

(စ) လမ်းသွားလမ်းလာခရီးသည်များအတွက် ထားရှိသည့် အမှိုက်ပုံးများအတွင်းသို့ ကွမ်းတံတွေး ထွေးခြင်း၊ နှပ်ညစ်ချခြင်း၊ သလိပ်၊ တံထွေးနှင့် အခြား စက်ဆုပ်ဖွယ်ရာ အန်ဖတ်များ၊ အရည်များ
စွန့်ပစ်ခြင်း လုံးဝမပြုလုပ်ရ။

၃။ မည်သူမဆို ဤအမိန့်ပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ အရေးယူခြင်းခံရမည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုသမ္မတနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

မြို့တော်ခန်းမ၊ ရန်ကုန်မြို့

အမိန့်အမှတ် (၂ / ၂ဝဝ၃ )

ရန်ကုန်မြို့ ၁၃၆၅ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်

(၂ဝဝ၃ ခုနှစ်၊ သြဂုတ်လ ၅ ရက်)

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် မြို့တော်သန့်ရှင်းသာယာရေး အတွက် အမှိုက်များကို စည်းကမ်းတကျနှင့် အဆင်ပြေစွာ စွန့်ပစ်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း၌ အမှိုက်ကန်များ တည်ဆောက်ပေးခြင်း၊ အမှိုက်ပုံးများ ချထားပေးခြင်းများ ဆောင်ရွက် လျက်ရှိပါသည်။ မြို့တော်သူ မြို့တော်သားများက မြို့တော်နေ ပြည်သူလူထု၏ ကျန်းမာရေးနှင့် မြို့တော်သန့်ရှင်းသာယာရေးအတွက် တစ်ဖက်တစ်လမ်းမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် တာဝန်ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိပိုင်ခြံဝင်းအတွင်းတွင် လည်းကောင်း၊ လုပ်ငန်းနယ်မြေများတွင် လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးလုပ်ဆောင်သည့် နေရာများတွင် လည်းကောင်း၊ အမှိုက်ပုံးများကို လုံလောက်စွာ ထားရှိပေးရန် လိုအပ်လာပါသည်။

၂။ သို့ပါ၍ ပုဂ္ဂလိကပရဝုဏ်များ၌ အမှိုက်ပုံးများ လုံလောက်စွာ ထားရှိကြစေရန်အလို့ငှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၃၃၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါအမိန့်ကို ထုတ်ပြန်လိုက်သည်-

(က) အောက်ဖော်ပြပါနေရာများတွင် နေထိုင်သူ သို့မဟုတ် ပိုင်ဆိုင်သူတိုင်းသည် မီးဖိုချောင်ထွက် အမှိုက်နှင့် သာမန်အမှိုက်များကို အဆင်ပြေစွာ စွန့်ပစ်နိုင်ရန်အတွက် သင့်လျော်သည့် အမှိုက်ပုံးများကို မိမိတို့စရိတ်ဖြင့် လုံလောက်စွာ ချထားရမည်-

(၁) ပုဂ္ဂလိကပိုင်ခြံဝင်းများ၊

(၂) ကိုယ်ပိုင်လမ်းများ၊

(၃) စုပေါင်းအိမ်ရာများ၊

(၄) တည်ဆောက်ရေးလုပ်ငန်းခွင်များ၊

(၅) ဆေးရုံ ဆေးခန်းများ၊

(၆) စားသောက်ဖွယ်ရာရောင်းချသည့်နေရာများ၊

(၇) ကုန်ပစ္စည်းမျိုးစုံရောင်းချသည့် ဆိုင်ကြီးများ၊

(၈) စျေးဆိုင်များ စုပေါင်းထားရှိသည့် နေရာများ၊

(၉) ပုဂ္ဂလိကပိုင်စျေးများ၊

(၁ဝ) ကော်မတီက အမှိုက်ပုံးများထားရှိရန် လိုအပ်သည်ဟု ထင်မြင်ယူဆ၍ သတ်မှတ်ညွှန် ကြားသည့်နေရာများ။

(ခ) အပိုဒ် ၂(က)အရ အမှိုက်ပုံးများ ထားရှိရာတွင် ယင်းအမှိုက်ပုံးသည် မိမိတို့ စွန့်ပစ်မည့် အမှိုက်များ လုံလောက်စွာ ဝင်ဆန့်နိုင်သည့် ထုထည်ရှိရမည်ဖြစ်ပြီး အမှိုက်ပုံးများကို ကော်မတီက သတ်မှတ်
ပေးထားသည့် နေရာများ၌ လုံလောက်စွာ ချထားပေးရမည်။

(ဂ) မိမိပိုင် အမှိုက်ပုံးများအတွင်းသို့ အမှိုက်စွန့်ပစ်ရာတွင် အမှိုက်များ ထွက်ကျပြန့်ကြဲစေခြင်း၊ ရှုပ်ပွစေခြင်းများ မဖြစ်ပေါ်စေဘဲ စနစ်တကျ စွန့်ပစ်ရမည်။

၃။ မည်သူမဆို ဤအမိန့်ပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ အရေးယူခြင်းခံရမည်။

အမိန့်အရ

(ပုံ) ကိုလေး

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ပြည်ထောင်စုသမ္မတနိုင်ငံတော်

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

မြို့တော်ခန်းမ၊ ရန်ကုန်မြို့

အမိန့်အမှတ်( ၁ / ၂ဝဝ၅ )

၁၃၆၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၄ ရက်

(၂ဝဝ၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရရန်ရှိသည့် မပြေကျန်ငွေများကို အရကောက်ခံ နိုင်ရန် အလို့ငှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ (ခ)နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဘဏ္ဍာရေးဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၄၂ တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါဌာနမှူးများအား ကော်လိတ္တော်အရာရှိ၏ လုပ်ပိုင်ခွင့်များကို အပ်နှင်းလိုက်သည်-

(က) ဌာနမှူး၊ စီမံရေးရာဌာန

(ခ) ဌာနမှူး၊ ဘတ်ဂျက်နှင့်ငွေစာရင်းဌာန

(ဂ) ဌာနမှူး၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန

(ဃ) ဌာနမှူး၊ ရာပြတ်ဌာန

(င) ဌာနမှူး၊ အခွန်ဌာန

(စ) ဌာနမှူး၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)

(ဆ) ဌာနမှူး၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)

(ဇ) ဌာနမှူး၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)

(စျ) ဌာနမှူး၊ စျေးများဌာန

(ည) ဌာနမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန

အမိန့်အရ

(ပုံ)ဗိုလ်မှူးချုပ်အောင်သိန်းလင်း

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(၂ဝ၁၁ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေအမှတ် ၁။)

၁၃၇၃ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်

(၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာ လ ၁၁ ရက်)

၁။ ဤဥပဒေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၂၈တွင်ပါရှိသော ''ငွေဒဏ်ကျပ် ၅ဝဝဝဝ အထိ'' ဆိုသည့်စကားရပ်ကို ''အနည်းဆုံးငွေဒဏ်ကျပ်တစ်သောင်းမှ အများဆုံးငွေဒဏ်ကျပ်ငါးသိန်းအထိ'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၂၉ တွင်ပါရှိသော ''အနည်းဆုံးငွေဒဏ်ကျပ် ၂ဝဝ မှ အများဆုံးငွေဒဏ်ကျပ် ၁ဝဝဝ အထိ'' ဆိုသည့်စကားရပ်ကို ''အနည်းဆုံးငွေဒဏ် ကျပ်တစ်သောင်းမှ အများဆုံးငွေဒဏ်ကျပ်ငါသောင်းအထိ'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၃ဝ တွင် ပါရှိသော ''ငွေဒဏ်ကျပ်၁ဝဝဝဝ အထိ'' ဆိုသည့်စကားရပ်ကို ''အနည်းဆုံးငွေဒဏ်ကျပ်တစ်သောင်းမှ အများဆုံးငွေဒဏ်ကျပ်သုံးသိန်း အထိ'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၅။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၃ဝ တွင် ပါရှိသော ''အနည်းဆုံးငွေဒဏ်ကျပ် ၁ဝဝ မှ အများဆုံးငွေဒဏ်ကျပ် ၅ဝဝ အထိ'' ဆိုသည့်စကားရပ်ကို ''အနည်းဆုံးငွေဒဏ်ကျပ်တစ်သောင်း မှ အများဆုံးငွေဒဏ်ကျပ်ငါးသောင်းအထိ'' ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) မြင့်ဆွေ

ဝန်ကြီးချုပ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတနိုင်ငံတော်

ရန်ကုန်တိုင်းဒေသကြီးအစိုးရ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

မြို့တော်ခန်းမ၊ ရန်ကုန်မြို့

အမိန့်အမှတ် (၁ / ၂ဝ၁၂ )

ရန်ကုန်မြို့ ၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်၊ ၅ ရက် (၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာ လ ၃ ရက်)

၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်ကို သန့်ရှင်းသာယာလှပပြီး စနစ်ကျနသည့် အဆင့်မြင့်မြို့တော်အဖြစ် တည်ဆောက်လျက်ရှိရာ အချို့သော မြို့တော်သူ၊ မြို့တော်သား များသည် ဆေးရောင်စုံများအသုံးပြု၍ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများ၊ ယင်းတို့၏ အစိတ်အပိုင်းများ၊လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ပန်းခြံ၊ စျေးများ၊ အားကစားကွင်းများ၏ ခြံစည်းရိုးနံရံများတွင် အကျည်းတန် အရုပ်ဆိုးစေသော စာလုံးများ၊ ရုပ်ပုံများ ရေးဆွဲခြင်းဖြင့် မြို့တော်သန့်ရှင်းသာယာ လှပရေးကို ထိခိုက်စေပြီး ပြည်သူများ စိတ်ငြိုငြင်စေမှုကို ဖြစ်ပေါ်စေ လျက်ရှိပါသည်။

၂။ သို့ပါ၍ စည်းကမ်းမလိုက်နာသူများ၏ စည်းကမ်းမဲ့မှုမှ ကာကွယ်နိုင်ရန်အလို့ငှာ ကော်မတီသည် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ဥပဒေ ပုဒ်မ ၃၃၊ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အောက်ပါအမိန့်ကို ထုတ်ပြန်လိုက်သည်-

''ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရရှိဘဲ မည်သူမျှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ အများပြည်သူနှင့်သက်ဆိုင်သော အဆောက် အအုံများနှင့် ယင်းတို့၏ အစိတ်အပိုင်းများ၊ လမ်း၊ တံတားများ၊ စာသင်ကျောင်းများ၊ ပန်းခြံနှင့် အားကစားကွင်းများနှင့် ယင်းတို့၏အစိတ်အပိုင်းများတွင် လည်းကောင်း၊ အခြားအဆောက်အအုံနှင့် ယင်းတို့၏ အစိတ်အပိုင်းများတွင် လည်းကောင်း၊ ဆေးရောင်စုံ များကိုအသုံးပြု၍ အများပြည်သူ၏ မြင်ကွင်းတွင်ဆေးခြယ်ခြင်း၊ စာလုံးများရေးသားခြင်းနှင့် ရုပ်ပုံများ ရေးဆွဲခြင်း မပြုလုပ်ရ''။

၃။ မည်သူမဆို ဤအမိန့်ပါ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ အရေးယူခြင်း ခံရမည်။

အမိန့်အရ

(ပုံ)လှမြင့်

ဥက္ကဌ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC