၂ဝ၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ
(၂ဝ၁၃ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥပဒေ အမှတ်၊ ၆ ။)
၁၃၇၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၊ ၄ ရက်
(၂ဝ၁၃ ခုနှစ်၊ အောက်တိုဘာလ၊ ၈ ရက်)

အခန်း (၁)

အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်

၁။ ဤဥပဒေကို ၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက် စေရမည်-

(က) မြို့တော်နယ်နိမိတ် ဆိုသည်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်ကို ဆိုသည်။

(ခ) တိုင်းဒေသကြီး ဆိုသည်မှာ ရန်ကုန်တိုင်းဒေသကြီး ကိုဆိုသည်။

(ဂ) အစိုးရအဖွဲ့ ဆိုသည်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုဆိုသည်။

(ဃ) ဝန်ကြီးချုပ် ဆိုသည်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုဆိုသည်။

(င) ဥက္ကဌ ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဥက္ကဌ ကိုဆိုသည်။

(စ) မြို့တော်ဝန် ဆိုသည်မှာ ရန်ကုန်မြို့တော်ဝန်ကို ဆိုသည်။

(ဆ) ကော်မတီဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ကိုဆိုသည်။

(ဇ) ကော်မတီဝင် ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တစ်ဦးဦးကိုဆိုသည်။

(စျ) ဌာနကြီးမှူး ဆိုသည်မှာရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံး၏ဝန်ထမ်းအကြီးအကဲကိုဆိုသည်။

(ည) ဌာနမှူးဆိုသည်မှာ ဝန်ထမ်းဖွဲ့စည်းပုံအရ ဖွဲ့စည်းသည့် စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ သက်ဆိုင်ရာဌာနအသီးသီး၏ တာဝန်ခံကိုဆိုသည်။

(ဋ) ခရိုင်စည်ပင်သာယာရေးကော်မတီဆိုသည်မှာ ခရိုင်စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဤဥပဒေအရ ဖွဲ့စည်းထားသည့် ကော်မတီကို ဆိုသည်။

(ဌ) ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးကိုဆိုသည်။

(ဍ) ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးကို ကြီးကြပ်ကွပ်ကဲရသော အရာရှိကိုဆို သည်။

(ဎ) မြို့နယ်စည်ပင်သာယာရေးကော်မတီ ဆိုသည်မှာ မြို့နယ်စည်ပင်သာယာရေး လုပ်ငန်း များ ဆောင်ရွက်ရန် ဤ ဥပဒေအရ ဖွဲ့စည်းထားသည့် ကော်မတီကို ဆိုသည်။

(ဏ) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးကိုဆိုသည်။

(တ) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးကို ကြီးကြပ် ကွပ်ကဲရသော အရာရှိကို ဆိုသည်။

(ထ) ရန်ပုံငွေ ဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ရန်ပုံငွေကိုဆိုသည်။

(ဒ) နည်းဥပဒေများ ဆိုသည်မှာ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများကိုဆိုသည်။

(ဓ) စည်းမျဉ်း၊ စည်းကမ်းများ ဆိုသည်မှာ ဤဥပဒေအရ ထုတ်ပြန်သော စည်းမျဉ်း၊ စည်းကမ်းများကို ဆိုသည်။

(န) ပတ်ဝန်းကျင် ဆိုသည်မှာ မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့ ပါဝင်သည့် လူသားတို့ ပတ်ဝန်းကျင်ရှိ ရုပ်ပိုင်းဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း၊ တိရစ္ဆာန်နှင့် အပင်အမျိုးမျိုးတို့၏သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပသာဒ အလှအပဆိုင်ရာ အကြောင်းအချက်များ ကိုလည်းကောင်း ဆိုသည်။

(ပ) အန္တရာယ်ရှိစေနိုင်သောလုပ်ငန်းဆိုသည်မှာ လုပ်ငန်းသဘောအရ လည်းကောင်း၊ လုပ်ငန်းဆောင်ရွက်ပုံ၊ ဆောင်ရွက်နည်းများအရ လည်းကောင်း၊ လူ၏အသက် သို့မဟုတ် ကျန်းမာရေးနှင့် ပစ္စည်းများကို ထိခိုက်ပျက်စီး အနှောင့်အယှက် အန္တရာယ်ဖြစ်စေနိုင်သော လုပ်ငန်းများကိုဆိုသည်။

(ဖ) အခွန် ဆိုသည်မှာ ဤဥပဒေအရ စည်းကြပ်သည့် အခွန်အရပ်ရပ်ကို ဆိုသည်။

(ဗ) အခ ဆိုသည်မှာ ဤဥပဒေအရ ဆောင်ရွက်ပေးခြင်းများအတွက် ကောက်ခံသည့် အခကို ဆိုသည်။ ယင်းစကားရပ်တွင် အကောက်၊ အခနှင့် ဒဏ်ကြေး တို့လည်း ပါဝင်သည်။

(ဘ) ပစ္စည်းခွန် ဆိုသည်မှာ မြေဖြစ်စေ၊ အဆောက်အအုံ ဖြစ်စေ၊ မြေနှင့် အဆောက်အအုံ ဖြစ်စေ ၄င်းတို့၏နှစ်စဉ်တန်ဖိုးအပေါ် သတ်မှတ်သော ရာခိုင်နှုန်းဖြင့် ကောက်ခံသော အခွန်ကိုဆိုသည်။ ယင်းစကားရပ်တွင် အထွေထွေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့်အညစ်အကြေးခွန်တို့ပါဝင်သည်-

(၁) အထွေထွေခွန် ဆိုသည်မှာ အများပြည်သူဆိုင်ရာလမ်းများ၊ တံတားများ၊ ရေမြောင်းများ၊ စျေးများ၊ ပန်းခြံများ၊ အားကစားကွင်း စသည်များ တည်ဆောက်ခြင်း၊ ဖောက်လုပ် ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် ကုန်ကျစရိတ်များ ကာမိစေရန် စည်းကြပ်သည့် အခွန်ကို ဆိုသည်။

(၂) မီးခွန် ဆိုသည်မှာ အများပြည်သူဆိုင်ရာ လမ်းများ၊ တံတားများတွင် မီးထွန်းပေး ခြင်းအတွက် စရိတ်ကျခံနိုင်စေရန် စည်းကြပ်ကောက်ခံသော အခွန်ကိုဆိုသည်။

(၃) ရေခွန် ဆိုသည်မှာ ကော်မတီက ရေ ဖြန့်ဝေပေးခြင်း အတွက် ကောက်ခံသည့် အခွန်ကို ဆိုသည်။

(၄) အမှိုက်နှင့်အညစ်အကြေးခွန် ဆိုသည်မှာ အမှိုက်နှင့် အညစ်အကြေးများ စုစည်း သိမ်းဆည်း ခြင်း၊ စွန့်ပစ်ခြင်း၊ ဖျက်ဆီးခြင်း၊ မိလ္လာသန့်စင်ခြင်းလုပ်ငန်းများနှင့် ရေစီးရေလာ ကောင်းမွန် စေရန် ရေမြောင်းများ ရှင်းလင်းခြင်းတို့အတွက် ဆောင်ရွက်ရသည့် စရိတ်များအား ကျခံနိုင်စေရန် စည်းကြပ်သည့် အခွန်ကို ဆိုသည်။

(မ) ကူးတို့လုပ်ငန်း ဆိုသည်မှာ မြစ်ချောင်း သို့မဟုတ် ရေကန်ကြီးများတွင်ဆိပ်ခံတံတား၊ ဗောတံတား၊ ရေဆင်းတံတား၊ ကူးတို့ဆိပ်ခံ သို့မဟုတ် ကူးတို့ဆိပ်တစ်ခုမှ တစ်ခုသို့ ခရီးသည်၊ ကုန်စည်၊ ပစ္စည်းကိရိယာ သို့မဟုတ် တိရစ္ဆာန်ကို အခကြေးငွေယူ၍ လှေ၊ သမ္ဗာန်၊ စက်တပ် ရေယာဉ်၊ သင်္ဘော စသည်တို့ဖြင့် သယ်ယူပို့ဆောင်သည့် အများပြည်သူဆိုင်ရာ ကူးတို့လုပ်ငန်း ကို ဆိုသည်။

(ယ) အနှေးယာဉ် ဆိုသည်မှာ လူအား သို့မဟုတ် တိရစ္ဆာန်အားကို အသုံးပြု၍ လူကိုဖြစ်စေ၊ ကုန်စည် ကိုဖြစ်စေ၊ သယ်ယူပို့ဆောင်ပေးသော ဆိုက်ကား၊ တွန်းလှည်း၊ ဆွဲသည့် လှည်း သို့မဟုတ် အခြား ဘီးတပ်ယာဉ်တစ်မျိုးမျိုးကို ဆိုသည်။

(ရ) အရန်မြေဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က အနာဂတ်စီမံကိန်းများ ဆောင်ရွက်ရန် သတ်မှတ်ထားသော မြေကိုဆိုသည်။

(လ) ကျုးကျော်စျေးသည် ဆိုသည်မှာ ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ပျံကျ ရောင်းချနေသော စျေးသည်ကို ဆိုသည်။

(ဝ) ကျုးကျော်စျေးဆိုသည်မှာ ကျုးကျော်စျေးသည်များ စုဝေးရောင်းချသည့် နေရာကို ဆိုသည်။

(သ) ကိုယ်ပိုင်စျေး ဆိုသည်မှာ မြို့တော်နယ်နိမိတ်အတွင်း ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ရပ်က စျေးအဖြစ်အသုံးပြုရန် ကော်မတီထံမှလိုင်စင်ရယူ၍ ဖွင့်လှစ်သော စျေးကိုဆိုသည်။ယင်းစကားရပ်တွင် စျေးအဆင့်သတ်မှတ်သည့် ကုန်ပဒေသာဆိုင်နှင့် ကုန်တိုက် များ လည်းပါဝင်သည်။


အခန်း (၂)

ဖွဲ့စည်းခြင်း

၃။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စည်ပင်သာယာရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် နိုင်ရန် အလို့ငှာ အစိုးရအဖွဲ့သည် ကော်မတီကို နိုင်ငံသား အဖွဲ့ဝင် (၉) ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

(က) နိုင်ငံတော်သမ္မတက မြို့တော်ဝန်အဖြစ် ခန့်အပ်ထားသည့်ဝန်ကြီး ဥက္ကဌ
(ခ) မြို့တော်နယ်နိမိတ်အတွင်း စည်ပင်သာယာခရိုင် (၄) ခရိုင်မှ ခရိုင် (၁)ခရိုင် လျှင် ကိုယ်စားလှယ်တစ်ဦးနှုန်းဖြင့် ရွေးကောက်တင်မြှောက်သူ ကော်မတီဝင် (၄) ဦး
(ဂ) အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးသူ ကော်မတီဝင် (၄) ဦး

၄။ အစိုးရအဖွဲ့က ခန့်အပ်တာဝန်ပေးသူ ကော်မတီဝင် (၄) ဦးအနက်မှ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး တို့ကို တစ်ပါတည်း သတ်မှတ်ပေးရမည်။

၅။ ကော်မတီ၏ဥက္ကဌသည် ရန်ကုန်မြို့တော်ဝန် ဖြစ်သည်။

၆။ ဌာနကြီးမှူးသည် ကော်မတီ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သည်။

၇။ ကော်မတီသည် ဝန်ကြီးချုပ်အား တိုက်ရိုက်တာဝန်ခံရမည်။

၈။ ကော်မတီသည် ခရိုင်စည်ပင်သာယာရေးကော်မတီကို စည်ပင်သာယာခရိုင်အတွင်းရှိ အောက်ဖော်ပြပါ နိုင်ငံသား ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

(က) ရပ်မိရပ်ဖများမှ ရွေးကောက်တင်မြှောက်သူ (၁) ဦး ဥက္ကဌ
(ခ) အတတ်ပညာရှင်၊ အသိပညာရှင်များမှ ရွေးကောက်တင်မြှောက်သူ (၁) ဦး အဖွဲ့ဝင်
(ဂ) လူမှုရေးအဖွဲ့အစည်းများမှ ရွေးကောက်တင်မြှောက်သူ (၁) ဦး အဖွဲ့ဝင်
(ဃ ) ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး(အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန) (၁) ဦး အဖွဲ့ဝင်
(င ) ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး (၁) ဦး အတွင်းရေးမှူး

၉။ ကော်မတီသည် မြို့နယ်စည်ပင်သာယာရေးကော်မတီကို မြို့နယ်အတွင်းရှိ အောက်ဖော်ပြပါ နိုင်ငံသား ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

(က) ရပ်မိရပ်ဖများမှ ရွေးကောက်တင်မြှောက်သူ (၁) ဦး ဥက္ကဌ
(ခ ) အတတ်ပညာရှင်၊ အသိပညာရှင်များမှရွေးကောက်တင်မြှောက်သူ (၁) ဦး အဖွဲ့ဝင်
(ဂ ) လူမှုရေးအဖွဲ့အစည်းများမှ ရွေးကောက်တင်မြှောက်သူ (၁) ဦး အဖွဲ့ဝင်
(ဃ ) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၁) ဦး အဖွဲ့ဝင်
(င ) မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး (၁) ဦး အတွင်းရေးမှူး

၁၀။ **ကော်မတီ၏သက်တမ်းသည် အစိုးရအဖွဲ့၏သက်တမ်းအတိုင်းဖြစ်သည်။ ခရိုင်စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့၏ သက်တမ်းသည် ကော်မတီ၏ သက်တမ်းအတိုင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (အမှတ်၄/၂၀၁၄)ဖြင့် မူလပုဒ်မ ၁၀ နောက်တွင် အစားထိုးဖြည့်စွက်သည်။


အခန်း (၃)

ကော်မတီ၏ လုပ်ငန်းတာဝန်များ

၁၁။ ကော်မတီသည် အောက်ပါလုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းပြုရမည်-

(က) မြေများနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ ကြီးကြပ်ကွပ်ကဲ ခြင်း နှင့် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း။

(ခ) အများပြည်သူသုံး ပန်းဥယျာဉ်၊ ပန်းခြံ၊ ကစားကွင်း၊ အပန်းဖြေရိပ်သာများနှင့် နေရာများ၊ ရေကူးကန်၊ ရေချိုးဆိပ်၊ ရေချိုးခန်း နှင့် ရေအိမ်သာများ၊ သောက်ရေအိုးစင်များ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အများပြည်သူ နှင့်ဆိုင်သောကိစ္စတစ်ရပ်ရပ်အတွက် လွယ်ကူစွာ အသုံးပြုနိုင်ရန် မြေကွက်လပ် များ စီမံထားရှိခြင်း၊ ကြီးကြပ်ခြင်းနှင့်ထိန်းသိမ်းခြင်း။

(ဂ) စည်ပင်သာယာရေးလုပ်ငန်းများအထောက်အကူပြုစေရန်အတွက် ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲများ ကျင်းပခြင်း။

(ဃ) ယာဉ်များသွားလာခြင်း၊ ရပ်နားခြင်း၊ ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခြင်း၊ ယာဉ်ရောင်းဝယ် ရေးစခန်းများ တည်ဆောက်ခြင်း၊ ယာဉ်မောင်းသင်လေ့ကျင့်ရေး စခန်းများ ဖွင့်လှစ်ခြင်း၊ ယင်းတို့နှင့် စပ်လျဉ်း၍ စည်းကမ်းချက်များ သတ်မှတ်ခြင်း။

(င) အနှေးယာဉ်အမျိုးအစားအလိုက် စည်းကမ်းချက်များ သတ်မှတ်၍ အနှေးယာဉ်လိုင်စင်နှင့်အနှေးယာဉ် မောင်းလိုင်စင် ထုတ်ပေးခြင်း၊ လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း သို့မဟုတ် သတ်မှတ်ကာလအတွင်း သက်တမ်းတိုးရန် ပျက်ကွက်သည့် လိုင်စင်ကို ပယ်ဖျက်ခြင်း၊ ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊ အနှေးယာဉ်များအား စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း။

(စ) ကျွဲ၊ နွား တိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များနှင့် စပ်လျဉ်း၍-

(၁ ) တိရစ္ဆာန်များ ထားရှိခြင်း၊ မွေးမြူခြင်း၊ ထိန်းကျောင်းခြင်း၊ သယ်ဆောင်ခြင်း၊ စီးနင်းခြင်း တို့နှင့် ဆိုင်ရာစည်းကမ်းချက်များ သတ်မှတ်ခြင်း၊ ခွင့်ပြုခြင်း။

(၂ ) ကျွဲ၊ နွား ပွဲစျေးများတည်ထောင်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်း။

(၃ ) အများပြည်သူ စားသုံးရန်အလို့ငှာ အသားထုတ်လုပ်ရုံများ တည်ထောင်ခြင်း၊ အသားများ ပြုပြင်ထုတ်လုပ်ခြင်း၊ စနစ်တကျ ထုပ်ပိုးသယ်ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း နှင့် သားငါးများ၊ အိမ်မွေး တိရစ္ဆာန်များ၊ ထုတ်လုပ်၊ သယ်ဆောင် ရောင်းချခြင်း ဖြစ်စေရန် စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်း။

(၄ )ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသည့် ခွေးလေခွေးလွင့်၊ မြေကြွက်၊ ကျီးနှင့်ရောဂါပိုး များ သယ်ဆောင်တတ်သည့် အခြားတိရစ္ဆာန်များကို သုတ်သင်ရှင်းလင်းခြင်း၊ တိရစ္ဆာန်ထိန်း သိမ်းရေးရုံများ ဆောက်လုပ်၍ စည်းကမ်းမဲ့သွားလာနေသော တိရစ္ဆာန်များကို ဖမ်းဆီးထိန်း သိမ်း အရေးယူဆောင်ရွက်ခြင်း။

(ဆ) စျေးများတည်ဆောက်ခြင်း၊ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်း။

(ဇ) လမ်းဘေးစျေးဆိုင်များ၊ ကျုးကျော်စျေးသည်များနှင့်စပ်လျဉ်း၍ စည်းကမ်းများ သတ်မှတ်ခြင်း။

(စျ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲဆောင်ရွက်ခြင်း။

(ည) အမှိုက်ပုံး၊ အမှိုက်ကန်၊ ယာယီစွန့်ပစ်မည့် အမှိုက်ပုံနေရာများ၊ ထပ်ဆင့်လွှဲပြောင်းစနစ် ဆောင်ရွက်မည့် အမှိုက်စွန့်နေရာများနှင့် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံမြေနေရာများ သတ်မှတ်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပိတ်သိမ်းခြင်း၊ အခြားနည်းလမ်းဖြင့်အသုံးပြုခြင်း၊ စီမံခန့်ခွဲကြီးကြပ်ခြင်း။

(ဋ) ရန်ကုန်မြို့တော်ပတ်ဝန်းကျင် အရည်အသွေး ထိန်းသိမ်းရေးနှင့် မြှင့်တင်ရေး တို့အတွက် ထုတ်လွှတ် အခိုးအငွေ့များ၊ စွန့်ထုတ်အရည်များနှင့် စွန့်ထုတ်အစိုင်အခဲများ၊ ကုန်ထုတ်လုပ်မှုနည်းလမ်းများ၊ လုပ်ငန်းစဉ်များနှင့် ထုတ်ကုန်များ၏စံချိန်စံညွှန်းများအပါအဝင် ပတ်ဝန်းကျင် အရည်အသွေး စံချိန် စံညွှန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော်ရန်ညွှန်ကြားခြင်း။

(ဌ) ကူးတို့နယ်နိမိတ် သတ်မှတ်ခြင်း၊ ကူးတို့လမ်းကြောင်းသတ်မှတ်ခြင်း၊ ကူးတို့လုပ်ငန်းများ တည်ထောင် လုပ်ကိုင်ခွင့်ပြုပြီး ကူးတို့လုပ်ငန်းလိုင်စင်များ ထုတ်ပေးခြင်း၊ ပယ်ဖျက်ခြင်း၊ ကူးတို့လုပ်ငန်း စီမံ ခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်းနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသော အခြားတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရှိ ကူးတို့များ၏ အခွန်ရငွေကို အချိုးကျ ခွဲဝေသတ်မှတ်ပေးခြင်း။

(ဍ) ပွဲရုံလုပ်ငန်းများနှင့် ပုဂ္ဂလိကအပေါင်ဆိုင်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ် ခြင်း။

(ဎ) မီးဘေး၊ ရေဘေး၊ လေဘေး စသည့် သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ မီးသတ်ယာဉ်များ၊ မီးသတ်စက်ကိရိယာ ပစ္စည်းများကို စီမံထားရှိခြင်းနှင့် ကော်မတီပိုင် လိုအပ်သော ပစ္စည်းများအား မီးအာမခံထားရှိခြင်း၊ မီးဘေးအန္တရာယ်ရှိ အဆောက်အအုံနှင့် တဲများအား ဖျက်သိမ်းဖယ်ရှားစေခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း။

(ဏ) ရေတွင်း၊ ရေကန်၊ ရေမြောင်းများနှင့်စပ်လျဉ်း၍ အန္တရာယ်ရှိစေနိုင်သော ရေတွင်း၊ ရေကန်၊ ရေအိုင် များကို ကာရံစေခြင်း၊ ပြုပြင်စေခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော ရေတွင်း၊ ရေကန်၊ ရေ လှောင်ကန်၊ ရေစည်၊ ရေအိုး စသည်တို့ကို ဆေးကြော သုတ်သင်စေခြင်း၊ ပြုပြင်စေခြင်း၊ ရေဖြည့် စေခြင်း၊ ဖုံးအုပ်စေခြင်း။

(တ) နေအိမ်အဆောက်အအုံများနှင့် အများပြည်သူ ပျော်ပွဲရွှင်ပွဲအတွက် အသုံးပြုသည့် အဆောက်အအုံတို့ကို မီးဘေး လုံခြုံမှုရှိစေရန် စီမံဆောင်ရွက်ခြင်း။

(ထ) လေလွင့်သွားလာနေသော စိတ်ဝေဒနာရှင်များ၊ ကိုယ်ရေပြားရောဂါ စွဲကပ်သူနှင့်တောင်းရမ်း စားသောက်သူများကို ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း။

(ဒ) နာရေးကိစ္စအတွက် သင်္ဂြိုဟ်စက်များ တည်ဆောက်ခြင်း၊ သင်္ဂြိုဟ်ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်း နှင့်ကြီးကြပ် ခြင်း။

(ဓ) သုသာန်မြေများ သတ်မှတ်ခြင်း၊ သုသာန်မြေကို ရွှေ့ပြောင်းစေခြင်း၊ သုသာန်မြေကို ဆက်လက် အသုံးပြုခွင့်မပြုဘဲ ပိတ်ထားစေခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း၊ ထိုသို့ ဖျက်သိမ်းသည့် သုသာန်မြေကို အခြားနည်းအသုံးပြုခြင်း၊ စီမံခန့်ခွဲခြင်းနှင့်ကြီးကြပ်ခြင်း။

(န) ပြည်သူလူထုအား ထိခိုက်နိုင်သည့် အနှောင့်အယှက် အတားအဆီးများ၊ ဘေးအန္တရာယ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ အသိပေးနိုင်စေရန် ဆောင်ရွက်ခြင်း။

(ပ) ကော်မတီ၏မူဝါဒအရ ဆောင်ရွက်ချက်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များအား ရန်ကုန်မြို့တော် နေ ပြည်သူလူထုတစ်ရပ်လုံးနှင့် မြို့တော်တွင်း ဝင်၊ ထွက်သွားလာသူအားလုံးမှ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် လူထုဆက်သွယ်ရေးနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခြင်း။

(ဖ) စက်ဆုပ်ဖွယ်ရာဖြစ်သည့်အပြင် ဘေးအန္တရာယ် ဖြစ်စေနိုင်သောသားငါးများ၊ ပစ္စည်းများ ရောင်းဝယ် ခြင်း၊ သယ်ဆောင်ခြင်းကို တားမြစ်ခြင်း။

(ဗ) မြို့တော်နယ်နိမိတ်အတွင်း လမ်းများအသုံးပြုမှုနှင့် ပတ်သက်၍ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ စည်းကမ်းသတ်မှတ်ခြင်း၊ အရေးယူဆောင်ရွက်ခြင်း။

(ဘ) မြေအောက်ရေတူးဖော်ခြင်း၊ ထုတ်ယူသုံးစွဲခြင်း၊ ဖြန့်ဝေခြင်းစသည်တို့နှင့်စပ်လျဉ်း၍ ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊ စည်းကမ်းချက်သတ်မှတ်ခြင်း။

(မ) စည်ပင်သာယာရေးအခွန်အခများ ကောက်ခံခြင်းနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် ကော်မတီက တာဝန်ခံဆောင်ရွက်ခြင်း၊ လိုအပ်ပါက သင့်လျော်သော အဖွဲ့အစည်း တစ်ရပ်ရပ် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား သင့်လျော်သည့်ကာလအတွက် ကန်ထရိုက်စနစ်ဖြင့် ဖြစ်စေ၊ လေလံစနစ်ဖြင့် ဖြစ်စေ၊ တင်ဒါစနစ်ဖြင့် ဖြစ်စေ၊ အခြား သင့်လျော်ကောင်းမွန်သော စနစ်ဖြင့်ဖြစ်စေ ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်၍ တာဝန်ပေးအပ်နိုင်ခြင်း။

(ယ) ကော်မတီပိုင်မြေ သို့မဟုတ် ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ သို့မဟုတ် မြေကွက်လပ်များနှင့် အရန်မြေတို့အား မူလသတ်မှတ်ထားသည့် အစီအမံအစား မြို့ပြဖွံ့ဖြိုးမှုအရ လိုအပ်ပါက ပိုမို တိုးတက်ဖြစ်ထွန်းမည့် အစီအမံများ ပြောင်းလဲဆောင်ရွက်ခြင်း

(ရ) အများပြည်သူအကျိုးပြု အခြားစည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း။

၁၂။ ကော်မတီသည် မိမိ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်ရေးအတွက် လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။


အခန်း (၄)

ကော်မတီ၏လုပ်ပိုင်ခွင့်များ

၁၃။ကော်မတီသည် ဤဥပဒေအရ ပေးအပ်သော အခြားလုပ်ပိုင်ခွင့်များကို မထိခိုက်စေဘဲ အောက်ပါကိစ္စများကို ဆောင်ရွက်ပိုင်ခွင့်ရှိသည်-

(က) မြို့တော်နယ်နိမိတ်သတ်မှတ်ခြင်းနှင့် လိုအပ်ပါက ပြင်ဆင်သတ်မှတ်ခြင်း။

(ခ) ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ပုဂ္ဂိုလ်များနှင့် ဆက်သွယ်၍ မြို့တော်စည်ပင်သာယာရေးအတွက် အထောက်အကူပြုသောလုပ်ငန်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ စည်းကမ်းများနှင့်အညီ ရန်ပုံငွေဖြင့် လုပ်ကိုင်ဆောင်ရွက်ခြင်း။

**(ဂ) ကော်မတီပိုင် အဆောက်အအုံနှင့် မြေများကို စည်းကမ်းသတ်မှတ်၍ ငှားရမ်းခြင်း၊ အငှားချထားသည့် စာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ် ဖောက်ဖျက်သော အငှားယူသူများကို ဖယ်ရှားရှင်းလင်းခြင်း။

(ဃ) နိုင်ငံတော်ကာကွယ်ရေးနှင့် သက်ဆိုင်သည့် သို့မဟုတ် လျှို့ဝှက်အဆင့်သတ်မှတ်ထားသည့် အဆောက်အအုံများမှအပ ဌာနဆိုင်ရာပိုင် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ထိန်း သိမ်းခြင်း တို့နှင့် စပ်လျဉ်း၍ ဤဥပဒေနှင့်အညီ စစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက်ကို တင်ပြခြင်း။

(င) စည်ပင်သာယာရေးလုပ်ငန်းများအတွက်ဘာသာရပ်အလိုက် ကျွမ်းကျင်မှုအကြံဉာဏ်များရယူနိုင်ရန် လိုအပ်သော အကြံပေးနှင့် အကြံပေးအဖွဲ့တို့ကို ဖွဲ့စည်း၍ တာဝန်ပေးခြင်းနှင့် ယင်းတို့၏ လစာ စရိတ်နှင့် ချီးမြှင့်ငွေများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း။

(စ) စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် ခေတ်မီတိုးတက်သည့် နည်းပညာနှင့် နည်းစနစ်များကို အသုံးပြုဆောင်ရွက်ခြင်း။

(ဆ) ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများတွင် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်မှုမရှိစေရန် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ကျူးကျော်မှုများအား အရေးယူခြင်းနှင့် ဖယ်ရှားခြင်း၊ အထူးသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသော အိမ်ရာစီမံကိန်းများတွင် သတ်မှတ်ထားသော ပန်းဥယျာဉ်၊ ပန်းခြံနှင့် ကစားကွင်းများအကြောင်းအမျိုးမျိုးကြောင့် ပျောက်ကွယ်ဆုံးရှုံးမှုမရှိစေရန် တာဝန်ယူခြင်း။

(ဇ) မြို့တော်နယ်နိမိတ်အတွင်းရှိ သတ်မှတ်ထားသော လမ်းနယ်နိမိတ်အတွင်း မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့ အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်ဆောက်လုပ်ခြင်းမရှိစေရန် တားမြစ်ခြင်းနှင့် စစ်ဆေး ကြပ်မတ်ခြင်း။

(စျ) အရန်မြေများတွင် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်မှု မရှိစေရန် ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် ယင်းအရန်မြေပေါ်တွင် ဆောင်ရွက်ရသော စီမံကိန်းလုပ်ငန်းများကို စနစ်တကျ စီမံခန့်ခွဲခြင်း။

**(ည) ဤဥပဒေပါ အရေးယူဆောင်ရွက်မှုများတွင် သတ်မှတ်ထားသော ဒဏ်ကြေးကို ပေးဆောင်ပါက အရေးယူဆောင်ရွက်မှုကို ရပ်ဆိုင်းနိုင်ခြင်း။

**(ဋ) မြို့တော်နယ်နိမိတ်အတွင်း လုပ်ငန်းတစ်ရပ်ရပ်ကို ပတ် ဝန်းကျင်မှ ကန့်ကွက်မှုများရှိစေကာမူ ယင်းလုပ်ငန်းသည် နိုင်ငံတကာမြို့တော်အဆင့်အတန်းနှင့် ညီညွတ်မှုရှိ၍ သင့်လျော်သည်ဟု ကော်မတီကမှတ်ယူပါလျှင် အစိုးရအဖွဲ့သို့တင်ပြ၍ ခွင့်ပြုချက်ရပါက လုပ်ငန်းလုပ်ကိုင်ခွင့်ပြုနိုင်ခြင်း။

**(ဌ) နိုင်ငံတော်သမ္မတကဖြစ်စေ၊ ဝန်ကြီးချုပ်ကဖြစ်စေ၊ တည်ဆဲဥပဒေနှင့် အညီပေးအပ်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

** ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (အမှတ် ၄/၂၀၁၄)ဖြင့် မူလပုဒ်မ ၁၃၊ ပုဒ်မခွဲ (ဂ)၊ (ည)၊ (ဋ)တို့ကို အစားထိုးပြင်ဆင်ပြီး၊ ပုဒ်မခွဲ (ဋ)၏ နောက်တွင် ပုဒ်မခွဲ (ဌ)အဖြစ် ဖြည့်စွက်သည်။


အခန်း (၅)

မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုစီမံကိန်းနှင့် မြေများစီမံခန့်ခွဲခြင်း

၁၄။ ကော်မတီသည် -

(က) မြို့တော်နယ်နိမိတ်အတွက် ဖြစ်စေ၊ တိုးချဲ့ရန်ရည်ရွယ်သည့် နေရာဒေသအတွက် ဖြစ်စေ၊ မြို့ပြ နှင့်အိုးအိမ်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ဖြစ်စေ၊ မြို့တော်စည်ပင်သာယာရေး လုပ်ငန်းများအတွက် ဖြစ်စေ၊ မြေယာမူဝါဒများနှင့် မြေအသုံးချခြင်းဆိုင်ရာ စီမံချက်များ အပါအဝင် မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးမှု စီမံကိန်း များ ရေးဆွဲရမည်။

(ခ) မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးမှုစီမံကိန်းနှင့်အညီ မူဝါဒချမှတ်ခြင်း၊ မြို့တော်နယ်နိမိတ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊ လမ်းညွှန်မှုပေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း ပြုရမည်။

(ဂ) မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးမှု စီမံကိန်းနှင့်အညီ မြို့ကွက်များ ဖော်ထုတ်၍ မြို့သစ်များ တည်ထောင်နိုင်သည်။

(ဃ) ကော်မတီနယ်နိမိတ်အတွင်း အဆောက်အဦများ ဆောက်လုပ်ရာတွင် ခွင့်ပြုမည့် မြေကို အသုံးချမှုနှင့် အဆောက်အဦ အထပ်အရေအတွက်နှင့် အမြင့်ပေများကို သတ်မှတ်နိုင်သည်။

၁၅။ကော်မတီသည် -

(က) ဤဥပဒေနှင့် တည်ဆဲဥပဒေများနှင့်အညီ ကော်မတီပိုင်မြေများ၊ ကော်မတီက စီမံခန့်ခွဲ ပိုင်ခွင့်ရှိသော မြေများ၊ တည်ဆဲဥပဒေနှင့်အညီသိမ်းယူထားသောမြေများ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများမှ လွှဲပြောင်းရယူသော မြေများကိုလည်းကောင်း၊ ပုဂ္ဂလိကပိုင် မြေများနှင့် မြေငှားစာချုပ်ဖြင့်ဖြစ်စေ၊ လိုင်စင်ဖြင့် ဖြစ်စေ၊ ပါမစ်ဖြင့်ဖြစ်စေ၊ ပုဂ္ဂလိကအား နေထိုင်ခွင့်၊ အသုံးပြုခွင့်ပေးထားသော မြေများကို လည်း ကောင်း စီမံခန့်ခွဲပိုင်ခွင့်ရှိသည်။

(ခ) မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးမှုစီမံကိန်းနှင့်အညီ မြို့ကွက်၊ မြို့သစ်နှင့်မြို့မြေစာရင်းများ၊ ရပ်ကွက် စာရင်းများ၊ မြို့နယ်နှင့်ရပ်ကွက်မြေပုံများကိုပြုစုခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် ထိန်းသိမ်းခြင်း တို့ပြုလုပ်ပိုင်ခွင့် ရှိသည်။

(ဂ) မြေငှားစာချုပ်များ၊ လိုင်စင်များ၊ ပါမစ်များ ထုတ်ပေးခြင်း၊ သက်တမ်းသတ်မှတ်၍ နေထိုင်ခွင့်၊ အသုံးပြုခွင့်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် စည်းကမ်းဖောက်ဖျက်ပါက ယင်းတို့ကို ဖျက်သိမ်းခြင်းပြုနိုင်သည်။

(ဃ) မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်ခြင်း မရှိသည့်နေရာများကို စနစ်တကျ မြို့ကွက်ရိုက်ခြင်းနှင့် ပြန်လည် နေရာချထားခြင်းတို့ ပြုနိုင်သည်။

(င) မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှု စီမံကိန်း အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော အဆောက်အအုံများကို ဖယ်ရှားခြင်းနှင့် ဖျက်သိမ်းခြင်းတို့ ပြုနိုင်သည်။ ထိုသို့ဆောင်ရွက်ရာ၌ ပုဂ္ဂလိကပိုင် ပစ္စည်းဆုံးရှုံးမှု နည်းနိုင်သမျှနည်းစေအောင် ပြုလုပ်ရမည်။ အကယ်၍ ဆုံးရှုံးမှုဖြစ်ပေါ်ပါက ပိုင်ရှင်အား နစ်နာကြေးပေးရမည်။

(စ) စည်ပင်သာယာပိုင်မြေများဖြစ်ကြောင်း အများပြည်သူသိရှိစေရန် ဆိုင်းဘုတ်များဖြင့် အသိပေးခြင်း၊ နယ်နိမိတ်ကျောက်တိုင်များစိုက်ထားခြင်း၊ ခြံစည်းရိုး၊ ခြံစည်းရိုးပင်များဖြင့် သတ်မှတ်ထားသော နေရာများတွင် ထင်သာမြင်သာရှိအောင် တာဝန်ရှိသူများမှ ကြေညာခြင်း၊ ကျူးကျော်ခြင်းမပြုလုပ်နိုင်ရန် စောင့်ကြည့်ခြင်း၊ ကျူးကျော်မှု ပြုလျှင်ပြုခြင်း တားဆီး ဖယ်ရှားခြင်း၊ ကျူးကျော်အိမ်များ၊ ကျူးကျော်အဆောက်အဦများ၊ ကျူးကျော်ရပ်ကွက်များ၊ ဖျက်သိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းပြုနိုင်သည်။

၁၆။**ပြည်ထောင်စုအစိုးရဌာန၊ တိုင်းဒေသကြီးအစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိက အဖွဲ့အစည်းသည် မြို့တော်နယ်နိမိတ်အတွင်း အောက်ပါလုပ်ငန်းကိစ္စများ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါက ကော်မတီနှင့် ညှိနှိုင်းပြီးမှ ဆောင်ရွက်ရမည်။

(က) မြို့တော်နယ်နိမိတ်အတွင်း မြေအသုံးချခြင်း၊ အဆောက်အအုံ တည်ဆောက်ခြင်း၊ မြေပြုပြင်ခြင်း။

(ခ) အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ တည်ထောင်ခြင်း၊ လုပ်ကိုင်ခြင်း။

(ဂ) လမ်းနှင့်တံတားများ ဆောက်လုပ်ခြင်း၊ နန်းကြိုးများ၊ ပြွန်များနှင့်ပိုက်လိုင်းများ ဆက်သွယ်ခြင်း၊ မြေအောက်ဥမင်လှိုဏ်ခေါင်းများ ဖောက်လုပ်ခြင်း။

၁၇။ ကော်မတီသည် အများပြည်သူအကျိုးအတွက် မြေနှင့်အဆောက်အအုံများကို သိမ်းဆည်းရန် လိုအပ်ပါက တည်ဆဲ ဥပဒေနှင့်အညီ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။

၁၈။ ကော်မတီသည် အများပြည်သူအကျိုးအတွက် ပုဂ္ဂလိကပိုင်မြေနှင့်အဆောက်အအုံများကို ရယူရန်လိုအပ်ပါက ကာလတန်ဖိုးညှိ၍ ဝယ်ယူရယူခြင်း ပြုနိုင်သည်။

** ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (အမှတ် ၄/၂၀၁၄)ဖြင့် မူလပုဒ်မ ၁၆တွင် ပါရှိသော "သက်ဆိုင်ရာအစိုးရဌာန"ဆိုသည့် စကားရပ်ကို "ပြည်ထောင်စုအစိုးရဌာန၊ တိုင်းဒေသကြီးအစိုးရဌာန"ဆိုသည့် စကားရပ်ဖြင့် အစားထိုးသည်။


အခန်း (၆)

အဆောက်အအုံများဆောက်လုပ်ခြင်း၊ ရေမြောင်းများနှင့် လမ်းများဖောက်လုပ်ခြင်း

၁၉။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံများဆောက်လုပ်ခြင်း၊ ရေမြောင်းများနှင့် လမ်းများ ဖောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်-

(က) စည်ပင်သာယာရေးလုပ်ငန်းများအတွက် လိုအပ်သော အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဖျက်သိမ်းခြင်း၊ စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်း။

(ခ) အဆောက်အအုံများကို စည်းကမ်းချက်များသတ်မှတ်၍ ဆောက်လုပ်ခွင့်ပြုခြင်း၊ သို့မဟုတ် ဆောက် လုပ်ခွင့်ပြုရန် ငြင်းပယ်ခြင်း၊ ဆောက်လုပ်ပြီးစီးပါက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ညီညွတ်မှုရှိ၊ မရှိ စိစစ်ပြီး အဆောက်အအုံပြီးစီးကြောင်း လက်မှတ်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ နေထိုင်အသုံးပြုခွင့်ပြုခြင်း၊ နေထိုင်အသုံးပြုခွင့်ကို ငြင်းပယ်ခြင်း။

(ဂ) အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်းပြုရာတွင် ရေမြောင်းများကို သတ်မှတ် ချက်များ နှင့်အညီ ကော်မတီပိုင် ရေမြောင်းမကြီးနှင့် ဆက်သွယ် ဖောက်လုပ်စေခြင်း။

(ဃ) စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံနှင့်မြေပေါ်မှစီးဆင်းသည့်ရေကြောင့် အများပြည်သူနှင့် သက်ဆိုင်သော လမ်းနှင့် အခြားပစ္စည်းများကို ထိခိုက်ပျက်စီးခြင်း မရှိစေရန်နှင့် ရေစီးရေလာ ကောင်း စေရန် ရေတံလျှောက်၊ ရေဆင်းပိုက်၊ ရေမြောင်း စသည် တို့ကို ပြုလုပ်စေခြင်း၊ သို့မဟုတ် ပြုပြင် စေခြင်း။

(င) ကော်မတီသည် မိမိပိုင်ရေမြောင်းအားလုံးကိုဖြစ်စေ၊ အချို့အဝက်ကို ဖြစ်စေ၊ ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပဲခူးမြစ်နှင့်ငမိုးရိပ်ချောင်းအတွင်းသို့ စွန့်ထုတ်ခွင့်ရှိသည်။ ထို့ပြင် ယင်းရေမြောင်း များကို မြို့တော်နယ်နိမိတ်အတွင်း၌ဖြစ်စေ၊ အပြင်၌ဖြစ်စေ၊ သင့်လျော်သောနေရာ၌ စွန့်ထုတ်နိုင်သည်။

(စ) အများပြည်သူအတွက် နေအိမ် အဆောက်အအုံများ၊ အခန်းများ၊ စုပေါင်းပိုင် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပိုင်ဆိုင်ခွင့် သို့မဟုတ် တစ်နည်းနည်းဖြင့် နေထိုင်ခွင့်ပေးခြင်း၊ ပြုပြင်ထိန်းသိမ်း ခြင်းနှင့် ကြီးကြပ်ခြင်း။

(ဆ) ရေမြောင်းများ ဖောက်လုပ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပုဂ္ဂလိကပိုင် ရေမြောင်းများ ဖောက်လုပ်ခွင့်ပြုခြင်း၊ သန့်ရှင်းရေး ပြုလုပ်စေခြင်း၊ ကြီးကြပ်ခြင်း။

(ဇ) ပြည်တွင်း ခရီးသည်များသာ တည်းခိုမည့် တည်းခိုခန်းများ ဖွင့်လှစ်ခွင့်ပြုခြင်း နှင့် ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနှင့် တည်းခိုခန်းများအား စည်ပင်သာယာရေးဆိုင်ရာကိစ္စများ နှင့် စပ်လျဉ်း၍ စစ်ဆေးခြင်း။

(စျ) မသန်စွမ်းသူများ လွယ်ကူအဆင်ပြေစွာ သွားလာနေထိုင်ရေးအတွက် အများပြည်သူ အသုံးပြုသော အဆောက်အအုံများ၊ လမ်းများနှင့် နေရာများကို ဆောက်လုပ်ခြင်း ပြုပြင်ထိန်းသိမ်းခြင်းနှင့် လိုအပ်သော အစီအမံများချမှတ်ဆောင်ရွက်ခြင်း။

(ည) အများပြည်သူသုံး ကိုယ်ပိုင် လမ်းများကို စည်းကမ်းချက်များ သတ်မှတ်၍ ဖောက်လုပ်ခွင့်ပြုခြင်း၊ ပြုပြင် ထိန်းသိမ်းစေခြင်းနှင့် ထိုလမ်းများ အဆင့်မီပါက အများပြည်သူဆိုင်ရာ လမ်းအဖြစ် သတ်မှတ် ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း။

(ဋ) အများပြည်သူဆိုင်ရာလမ်းများ မျက်နှာပြင်ညှိခြင်း၊ လမ်းများတွင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ လမ်းဘေး ဝဲ ၊ ယာတွင် လိုအပ်သော အဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း။

(ဌ) ရပ်ကွက်၊ လမ်းအမည်များ သတ်မှတ်ခြင်းနှင့် အဆောက်အအုံအမှတ်များ သတ်မှတ်ခြင်း။

(ဍ) အများပြည်သူဆိုင်ရာ လမ်းများ၊ တံတားများတွင် အတားအဆီးများ၊ မလွတ်မကင်း အန္တရာယ်ရှိသော အရာများနှင့် အဆောက်အအုံများမှ စွန်းထွက်သော အရာများကို ဖယ်ရှားစေခြင်းနှင့် ဖယ်ရှားခြင်း သို့မဟုတ် ဖျက်ဆီးခြင်း။

(ဎ) အများပြည်သူဆိုင်ရာ လမ်းများ ပြုပြင်ရန်အတွက်သော်လည်းကောင်း၊ အများပြည်သူအကျိုးနှင့် အရေးကြီးသောကိစ္စများအသုံးပြုရန် အတွက်သော်လည်းကောင်း၊ လမ်းကို အချိန်ကာလကန့်သတ်၍ ပိတ်ထားမည့်အကြောင်း ကြိုတင်ကြေညာပြီး ခေတ္တပိတ်ထားခြင်း။

(ဏ) အများပြည်သူဆိုင်ရာ လမ်းများ၊ အဆောက်အအုံများ၊ စျေးများနှင့် လိုအပ်သော နေရာများ တွင် လျှပ်စစ်မီး သို့မဟုတ် ဆိုလာမီးထွန်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အများပြည်သူ သုံး ပုဂ္ဂလိကပိုင် လမ်းများတွင် လိုအပ်သော လျှပ်စစ်မီး သို့မဟုတ် ဆိုလာမီး ထွန်းပေးစေခြင်း။

(တ) မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စေရန်အဆောက်အအုံများနှင့် ဝင်းခြံများကို သစ်ပင်ချုံပင်များ ရှင်းလင်းစေခြင်း၊ သန့်ရှင်းစေခြင်းနှင့် သပ်ရပ်သော ဆေးရောင်များသုတ်စေခြင်း၊ ဝင်းခြံမခတ်သည့်မြေကို ဝင်းခြံခတ်စေခြင်း၊ ဟောင်းနွမ်းယိုယွင်းသည့် ဝင်းခြံကိုပြုပြင် စေခြင်း။

(ထ) ပုဒ်မခွဲ (တ) အရ ညွှန်ကြားသည်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ကော်မတီ၏ အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ပြီး ကုန်ကျစရိတ်ကိုပေးရန် ပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူထံ တောင်း ဆိုခြင်း။


အခန်း (၇)

စျေးများစီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်း

၂၀။ကော်မတီသည် မြို့တော် နယ်နိမိတ်အတွင်း စျေးများ၊ ဆိုင်များ၊ စားသောက်ဆိုင်များနှင့် စပ်လျဉ်း၍ အောက်ပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်-

(က) ကော်မတီပိုင် အဆင့်မြင့်စျေးများ တည်ဆောက်ခြင်း၊ အန္တရာယ်ရှိသော စျေးဟောင်းများအား မူလစျေးသူစျေးသားများ နစ်နာမှုမရှိစေဘဲ ဖျက်သိမ်းခြင်း၊ အသစ်တည်ဆောက်ခြင်း၊ အဆင့်မြှင့် မွမ်းမံပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ ထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်း။

(ခ) ကိုယ်ပိုင်စျေးများ လိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်ရုပ်သိမ်းခြင်းနှင့် ကြီးကြပ်ခြင်း။

(ဂ) ကော်မတီပိုင် ဆိုင်ခန်းများကို စည်းကမ်းချက်များ သတ်မှတ်၍ အငှားချထားခြင်း၊ အငှားချထား ခြင်းကို ရပ်စဲပြီး ပြန်လည်ရယူခြင်း။

(ဃ) လမ်းဘေး စျေးဆိုင်များ၊ အိမ်ဆိုင်၊ ပစ္စည်းစုံဆိုင်၊ ကုန်ပဒေသာဆိုင်၊ ကုန်တိုက်၊ နံရံကပ်ဆိုင်၊ လှေကားခွင်တွင် ရောင်းချသည့်ဆိုင်၊ နေ့စျေး၊ ညစျေးများ၊ လမ်းဘေးတွင် ကုန်စည်ခင်း ကျင်းရောင်းချခြင်း၊ ခင်းကျင်းပြသခြင်း၊ ယာဉ်ဖြင့်လှည့်လည်ရောင်းချခြင်း၊ လက်ပွေ့ရောင်းချသူ၊ ခေါင်းရွက်ဗျပ်ထိုးရောင်းချသူ၊ အခြားနည်းအမျိုးမျိုးဖြင့် ရောင်းဝယ် ဖောက်ကားသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် စည်းကမ်းများ သတ်မှတ်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်း။

(င) ကျူးကျော်စျေးများကို ပယ်ဖျက်ခြင်း၊ ပိတ်သိမ်းခြင်း၊ စစ်ဆေးကြပ်မတ်ခြင်း၊ စီမံခန့်ခွဲခြင်း။

၂၁။ကော်မတီသည် ဆိုင်ခန်းအငှားချထားခြင်းခံရသူက မိမိအားအငှားချထားသော ဆိုင်ခန်းကိုတစ်ဆင့် ရောင်းချ ခြင်း၊ မေတ္တာဖြင့်ပေးကမ်းခြင်း၊ ငှားရမ်းခြင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်း၊ မူလဆိုင်ခန်းအငှား ချထားခြင်းခံရသူ ကွယ်လွန်သဖြင့် မိသားစုဝင်များအား လွှဲပြောင်းခြင်းတို့နှင့်စပ်လျဉ်း၍ ပြဌာန်းထားသော နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း များနှင့်အညီ ဆောင်ရွက်နိုင်သည်။


အခန်း (၈)

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေး

၂၂။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သန့်ရှင်းရေးနှင့်စပ်လျဉ်း၍ အောက်ပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်-

(က) ပတ်ဝန်းကျင်အရည်အသွေးတိုးတက်ရေးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေးအတွက် ထိန်းသိမ်းရေး နှင့်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း။

(ခ ) မြို့တော်သန့်ရှင်းသပ်ရပ်ရေး၊ သာယာရေး၊ လှပရေး၊ စိမ်းလန်းရေးနှင့်စိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပေါင်းမြက်သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း။

(ဂ ) အန္တရာယ် ရှိစေနိုင်သည့် သို့မဟုတ် သန့်ရှင်းသပ်ရပ်မှု မရှိသည့် သစ်ပင်၊ ချုံပင်များကို ခုတ်ထွင် ရှင်းလင်းစေခြင်း၊ ချိုင့်ဝှမ်းကို မြေဖို့စေခြင်း၊ ထိုသို့ ဆောင်ရွက်ရန် ညွှန်ကြားသည်ကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်ပါက ကော်မတီ၏အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ပြီး ကုန်ကျစရိတ်ကို ပေးဆောင် စေရန်တောင်းဆိုခြင်း။

(ဃ) အများပြည်သူနှင့်သက်ဆိုင်သော ရေမြောင်းငယ်များတွင် စွန့်ပစ်ရေများ၊ အညစ်အကြေး ရေများအား မြောင်းမကြီးမှ တဆင့် ကောင်းမွန်စွာ စီးဆင်းစေရန် ရေမြောင်းများကို ဖောက်လုပ်ခြင်း၊ ဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့်သန့်ရှင်းစေရန် ဆေးကြော ရှင်းလင်းခြင်း။

(င ) အမှိုက်များ၊ စွန့်ပစ်ပစ္စည်းများ၊ အညစ်အကြေးများနှင့် စက်ဆုပ်ဖွယ်အရာများကို သိမ်းဆည်း သယ်ယူ စွန့်ပစ်ခြင်း၊ ဖျက်ဆီးခြင်း၊ ပြန်လည်ပြုပြင်သန့်စင်ခြင်း၊ စီမံခန့်ခွဲခြင်းနှင့် အဆိုပါ လုပ်ငန်းများအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်းသဘောတူပြီး စည်းကမ်းချက်များသတ်မှတ်၍ လုပ်ကိုင်ခွင့်ပြုခြင်း သို့မဟုတ် ကန်ထရိုက်စနစ်ဖြင့်ဖြစ်စေ၊ လေလံစနစ်ဖြင့် ဖြစ်စေ၊ တင်ဒါစနစ်ဖြင့် ဖြစ်စေ၊ လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုခြင်း။

(စ ) အမှိုက်များနှင့် နံစော်နေသော အရာဝတ္ထုပစ္စည်းများကို စွန့်ပစ်ခြင်းမပြုမီ စုဆောင်း၍ ထည့်ထားရန် သင့်လျော်သော အမှိုက်ပုံးများကို လုံလောက်စွာ ထားရှိစေခြင်း။

(ဆ) တည်းခိုခန်း၊ ဘော်ဒါဆောင် သို့မဟုတ် အခန်းလိုက်ငှားသော အဆောက်အအုံတို့ကို ကျန်းမာရေး၊ သန့်ရှင်းရေးနှင့် ညီညွတ်စေရန် ဆောင်ရွက်စေခြင်း။

(ဇ ) အများပြည်သူ ပျော်ပွဲ ရွှင်ပွဲအတွက် အသုံးပြုသည့် အဆောက်အအုံများနှင့် ဖြေဖျော်ရေးခန်းမများကို ကျန်းမာရေး၊ သန့်ရှင်းရေးနှင့် ညီညွတ်စေရန် စီမံ ဆောင်ရွက်ခြင်းနှင့် ကြီးကြပ်ခြင်း။

(စျ ) အများပြည်သူဆိုင်ရာ လမ်းများနှင့် နေရာများတွင် အများပြည်သူသုံး ရေဆွဲအိမ်သာများ ဆောက်လုပ်ထားရှိခြင်း၊ ထိန်းသိမ်းခြင်း၊ သန့်စင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အဆိုပါ လုပ်ငန်းများအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းနှင့် ညှိနှိုင်းသဘောတူပြီး စည်းကမ်းချက်များ သတ်မှတ်၍ လုပ်ကိုင်ခွင့်ပြုခြင်း သို့မဟုတ် ကန်ထရိုက် စနစ်ဖြင့် ဖြစ်စေ၊ လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့် ဖြစ်စေ တိုးချဲ့လုပ်ကိုင်ဆောင်ရွက် ခွင့်ပြုခြင်း။

(ည) ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်အမှိုက်များနှင့် အီလက်ထရောနစ် စွန့်ပစ်အမှိုက်များကို စီမံခန့်ခွဲမှု ဆောင်ရွက်ခြင်း။

(ဋ ) စွန့်ပစ်တိရစ္ဆာန်အသေများနှင့်ပတ်သက်၍ စီမံဆောင်ရွက်ခြင်း။

(ဌ ) မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် နောက်ဖေးလမ်းကြားများ၌ အမှိုက်များ လုံးဝ မစွန့်ပစ်စေရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးကို စီမံဆောင်ရွက်ခြင်းနှင့် ကြီးကြပ်ခြင်း။


အခန်း (၉)

ပြည်သူ့ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး

၂၃။ ကော်မတီသည် ပြည်သူ့ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အောက်ပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်-

(က) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန သို့မဟုတ် အဖွဲ့အစည်းနှင့် ညှိနှိုင်း၍ ပူးပေါင်း ဆောင်ရွက်ခြင်း။

(ခ ) ကူးစက်ရောဂါများ ကျရောက်စေတတ်သည့် ကြွက်၊ ခြင်၊ ယင်နှင့် အခြားပိုးမွှား တိရစ္ဆာန်များကို သုတ်သင်ရှင်းလင်းရေးအတွက် အစီအမံများချမှတ်ဆောင်ရွက်ခြင်း။

(ဂ ) စားသုံးရန် မသင့်လျော်သော အစားအသောက်များနှင့် အရည်အသွေး ညံ့ဖျင်းအောင် ရောစပ်ထား သော အစားအသောက်နှင့် ဆေးဝါးများကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန် ခင်းကျင်း ခြင်းကို တားမြစ်ခြင်း၊ စားသောက်ကုန်များတွင် ခွင့်မပြု ဓါတုဆိုးဆေးများပါဝင်မှုရှိ၊ မရှိနှင့် အရည်အသွေးစစ်ဆေးခြင်းကို ကော်မတီရှိ ဓါတ်ခွဲခန်းတွင် စစ်ဆေးဆောင်ရွက်စေခြင်း၊ ကြီးကြပ်ခြင်း။

(ဃ) အစားအသောက်များ ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် သက်ဆိုင်ရာ အစားအသောက်နှင့် ဆေးဝါးများကြီးကြပ်ကွပ်ကဲရေးကော်မတီနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ဝင်ရောက်ကြည့်ရှု စစ်ဆေးခြင်း၊ သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်း။

(င ) အစားအသောက်ဆိုင်ရာလုပ်ငန်းများ၊ မုန့်ဖိုများနှင့် စားသောက်ဆိုင်များ အပါအဝင် စက်မှုလုပ်ငန်း၊ လက်မှုလုပ်ငန်းနှင့် အိမ်တွင်းမှုလုပ်ငန်းစသည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ စည်းကမ်းများ သတ်မှတ်ခြင်းနှင့် ကြီးကြပ်ခြင်း။

၂၄။ ကော်မတီသည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်စပ်လျဉ်း၍ အောက်ပါ လုပ်ငန်းများကို ဆောင်ရွက်ရမည်-

(က) အန္တရာယ်ရှိစေနိုင်သောလုပ်ငန်းများနှင့် စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ခွင့်၊ နေရာရွှေ့ပြောင်းခွင့်၊ လုပ်ငန်းခွင်နေရာ အတိုင်းအတာ တိုးချဲ့ခွင့်၊ ပြင်ဆင် ခွင့်ပြုရန် လျှောက်ထားချက်ကို စိစစ်ပြီး စည်းကမ်းများ သတ်မှတ်၍ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊ ယင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စည်းမျဉ်းများ သတ်မှတ်ခြင်း၊ ကြီးကြပ်ခြင်း။

(ခ ) အန္တရာယ်ရှိစေနိုင်သော ပစ္စည်းများ၊ မီးလောင်လွယ်သော ပစ္စည်းများ၊ လောင်စာများစသည် တို့ကို ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းတို့နှင့်စပ်လျဉ်း၍ စည်းမျဉ်းများ သတ်မှတ်ခြင်း။

(ဂ ) အန္တရာယ်ရှိစေနိုင်သော လုပ်ငန်းလုပ်ကိုင်ရာတွင် ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိလာလျှင် သို့မဟုတ် အနှောင့်အယှက် ဖြစ်လာလျှင် လုပ်ငန်းနေရာကို အသုံးမပြုဘဲနေစေခြင်း သို့မဟုတ် ပြင်ဆင်စီမံ ဆောင်ရွက်စေခြင်း။

(ဃ) လုပ်ငန်းခွင်သုံးပစ္စည်းများ၊ ဇီဝပစ္စည်းများနှင့် ဓာတုပစ္စည်းများကို အချိန်ကြာမြင့်စွာ ကိုင်တွယ် ထိတွေ့ အသုံးပြုမှုကြောင့် ကျန်းမာရေး အန္တရာယ် ထိခိုက်နိုင်သည့် လုပ်ငန်းများအား ကန့်သတ်ခြင်း သို့မဟုတ် တားမြစ်ပိတ်ပင်ခြင်း။

(င ) လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတို့အတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့ အစည်းများနှင့် ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်စေခြင်း။


အခန်း (၁ဝ)

ရေပေးရေးလုပ်ငန်းများနှင့် မိလ္လာသန့်စင်ရေးလုပ်ငန်းများ

၂၅။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ရေပေးရေးလုပ်ငန်းများနှင့် မိလ္လာသန့်စင်ရေး လုပ်ငန်းများအတွက် အောက်ပါလုပ်ငန်းတာဝန်များ ဆောင်ရွက်ရမည်-

(က) အများပြည်သူများ သန့်ရှင်းသောသောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် ရေပေးရေး လုပ်ငန်း များကို စီမံဆောင်ရွက်ခြင်း။

(ခ ) ရေတိုးချဲ့ပေးဝေနိုင်ရေးအတွက် ရေအရင်းအမြစ်အသစ်များ ရှာဖွေသတ်မှတ်ခြင်း၊ ညှိနှိုင်းဆောင်ရွက် ခြင်းနှင့် ရေကန်များ၊ ရေလှောင်ကန်များ၊ စက်ရေတွင်းများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်း သိမ်းခြင်း။

(ဂ ) ရေလွှဲ ရေပို့ ပိုက်မကြီးများ၊ ရေပိုက်လိုင်းများ ဆက်သွယ်တပ်ဆင်ခြင်း၊ ရေတွန်းစက်၊ ရေပို့စက်များတပ်ဆင်အသုံးပြုခြင်း၊ ယင်းတို့ကို ပြုပြင်ထိန်းသိမ်းခြင်း။

(ဃ)ရေပိုက်လိုင်းများမှ သောက်သုံးရေကိုခွင့်ပြုချက်ဖြင့် နေအိမ်၊ အဆောက်အအုံ အတွင်းသို့ ရေသွယ် ပိုက်ဖြင့် ဆက်သွယ်အသုံးပြုခွင့်ပေးခြင်း၊ သုံးစွဲခွင့်ပြုခြင်း။

(င ) ရေပေးသွင်းရန် စီမံထားရှိသော ရေကန်များ နှင့် ရေလှောင်ကန်များတွင် ရေချိုးခြင်း၊ လျှော်ဖွပ်ခြင်း၊ ရေဆေးကြောခြင်း၊ သို့မဟုတ် ရေကို တစ်နည်းနည်းဖြင့် ညစ်ညမ်းစေခြင်း မပြုလုပ်ရန် တားမြစ်ခြင်း။

(စ ) ကျန်းမာရေးနှင့်မညီညွတ်ကြောင်း တွေ့ရှိရသည့် အများပြည်သူနှင့်သက်ဆိုင်သော ရေပေးရေးလုပ်ငန်း၊ ကိုယ်ပိုင်ရေပေးရေးလုပ်ငန်းတို့ကို ပိတ်ပင်တားမြစ်ခြင်း။

(ဆ) မိလ္လာလုပ်ငန်းနှင့်ရေဆိုးသန့်စင်ရေး လုပ်ငန်းများကိုစီမံ ဆောင်ရွက်ခြင်း။

(ဇ ) စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံနှင့် မြေတို့တွင် ရေဆွဲအိမ်သာ၊ ရေလောင်းအိမ်သာ၊ မိလ္လာပိုက်၊ မိလ္လာကန်စသည်တို့ကို စီမံထားရှိစေခြင်း။

(စျ ) ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ၊ ခွင့်ပြုချက်ပါ သတ်မှတ်ချက်များနှင့် ညီညွတ်မှုမရှိဘဲဖြစ်စေ ပြုလုပ်ထားသည့် ရေဆွဲအိမ်သာ၊ ရေလောင်းအိမ်သာ၊ မိလ္လာပိုက်၊ မိလ္လာကန် စသည်တို့ကို ပိတ်ထားစေခြင်း သို့မဟုတ် ဖျက်သိမ်းစေခြင်းသို့မဟုတ် ပြောင်းလဲပြင်ဆင်စေခြင်း။

(ည) မိလ္လာပိုက် သို့မဟုတ် ရေပိုက်ကို အခြားသူတစ်ဦး ပိုင်ဆိုင်သည့် ဆက်စပ်နေသော မြေကိုဖြတ်၍ ဆောင်ရွက်ရလျှင် သက်ဆိုင်ရာ မြေပိုင်ရှင်က ဆောင်ရွက်ခွင့်ပြုစေခြင်း။

(ဋ ) မိလ္လာပိုက်၊ ရေပိုက်ကို အခြား သူတစ်ဦး၏ မြေကိုဖြတ်၍ ဆောင်ရွက်ခြင်းကြောင့် မြေပိုင်ရှင်တွင် နစ်နာမှုရှိလျှင် ထိုနစ်နာမှုအတွက် ကော်မတီက သတ်မှတ်သည့် တန်ဖိုးငွေကို မိလ္လာပိုက်၊ ရေပိုက်ဆက်သွယ်သူက နစ်နာသူအား ပေးစေခြင်း။

(ဌ ) သောက်သုံးရေနှင့် စွန့်ပစ်မိလ္လာအရည်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အခါအားလျော်စွာ သတ်မှတ်ပြဌာန်းထားသော စံချိန်စံညွှန်းများနှင့်အညီ စီမံဆောင်ရွက်ခြင်း။

(ဍ ) ရေပေးဝေရေးလုပ်ငန်းနှင့် မိလ္လာသန့်စင်ရေး လုပ်ငန်းများအတွက် လိုအပ်သော မြေနေရာများ၊ လုပ်ငန်း သုံးပစ္စည်းများ၊ ပိုက်လိုင်း ဆက်သွယ်တပ်ဆင်ရေး ပစ္စည်းကိရိယာများဝယ်ယူခြင်း၊ ငှားရမ်းသုံးစွဲခြင်း သို့မဟုတ် ယင်းလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် လိုအပ်သည့် မြေများအား ဤဥပဒေအခန်း (၅) ပါ ပြဌာန်းချက်များနှင့်အညီ စီမံခန့်ခွဲခြင်း။

(ဎ ) ရေပေးသွင်းရန် စီမံထားရှိသော ရေကန်များ၊ ရေလှောင်ကန်များ၊ ရေပေးသွင်းရေးဆိုင်ရာ အဆောက်အအုံများ၊ ရေပိုက်လိုင်းများနှင့် မိလ္လာကန်များ၊ မိလ္လာကန်ငယ်များ၊ မိလ္လာပိုက်လိုင်းများအား ဝင်ရောက်စစ်ဆေးခြင်း။

(ဏ) ရေအရင်းအမြစ် ရရှိရေးနှင့် ရေပေးသွင်းရေးလုပ်ငန်းများ၊ မိလ္လာသန့်စင်ရေး လုပ်ငန်းများအတွက် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့်မဆို ညှိနှိုင်းသဘောတူပြီး စည်းကမ်းချက်များသတ်မှတ်၍ လုပ်ကိုင်ခွင့်ပြုခြင်း သို့မဟုတ် ကန်ထရိုက်စနစ်ဖြင့်ဖြစ်စေ၊ လေလံစနစ်ဖြင့်ဖြစ်စေ၊ တင်ဒါစနစ်ဖြင့် ဖြစ်စေ၊ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်း။

(တ) ရေပေးသွင်းရန်စီမံထားရှိသော ရေကန်များ၊ ရေလှောင်ကန်များ၊ ရေပေးသွင်းရေးဆိုင်ရာ အဆောက် အအုံများ၊ ရေပိုက်လိုင်းများနှင့် မိလ္လာကန်များ၊ မိလ္လာကန်ငယ်များ၊ မိလ္လာပြွန်၊ မိလ္လာပိုက်လိုင်းများအား ထိခိုက်စေသော သို့မဟုတ် အနှောင့်အယှက်ဖြစ်စေသော အဆောက်အအုံများ ဆောက်လုပ်ခြင်း သို့မဟုတ် ပစ္စည်းများထားရှိခြင်းကို တားမြစ်ခြင်း။

(ထ) ရေပေးဝေရေးလုပ်ငန်း၊ မိလ္လာသန့်စင်ရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် အဆောက်အအုံ၊ ပိုက်လိုင်းနှင့် ဆက်စပ်ဧရိယာ အဝန်းအဝိုင်း သတ်မှတ် ဧရိယာအတွင်း ယာယီဖြစ်စေ၊ အမြဲတမ်းနေထိုင်ရန်ဖြစ်စေ၊ ကျူးကျော်ဝင်ရောက် နေထိုင်မှု မရှိရေးအတွက် ကြပ်မတ်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း။


အခန်း (၁၁)

တိရစ္ဆာန်များမွေးမြူခြင်း၊ ရောင်းချခြင်း၊ အသားထုတ်လုပ်၊ ပြုပြင်ဖြန့်ဖြူးခြင်း၊ တိရစ္ဆာန်များ သတ်ဖြတ်ခြင်း၊ သားငါးများရောင်းချခြင်းနှင့် ပြည်သူ့ကျန်းမာရေးအား အန္တရာယ်ဖြစ်စေသည့် တိရစ္ဆာန်များ သုတ်သင်ရှင်းလင်းခြင်းကို စီမံခန့်ခွဲခြင်း

၂၆။ကော်မတီသည် -

(က) အများပြည်သူ စားသုံးရန် မွေးမြူထားသော တိရစ္ဆာန်များ၊ အိမ်မွေးတိရစ္ဆာန်များ ကျန်းမာရေး၊ ကူးစက်ရောဂါကာကွယ်ရေးနှင့် တိရစ္ဆာန်များမှ လူများသို့ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို သီးခြားအစီအစဉ်ဖြင့် လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍လည်းကောင်း ဆောင်ရွက်ခြင်း။

(ခ) ကျွဲ၊ နွား တိရစ္ဆာန်နှင့် အိမ်မွေးတိရစ္ဆာန်များ မွေးမြူခြင်း၊ သိုလှောင်ရောင်းချခြင်း၊ ကျွဲ၊ နွား ပွဲစျေးများ တည်ထောင်ခြင်းတို့ကို စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်း။

(ဂ) ကျွဲ၊ နွား တိရစ္ဆာန်နှင့်အိမ်မွေး တိရစ္ဆာန်များကို ထိန်းကျောင်းခြင်း၊ သယ်ဆောင်ခြင်း၊ စီးနင်းခြင်းတို့ကို စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုခြင်းနှင့် ဖမ်းဆီးထိန်းသိမ်း အရေးယူခြင်း။

(ဃ) အများပြည်သူ စားသုံးရန် အလို့ငှာ သင့်လျော်သည့်နေရာတွင် အသားထုတ်လုပ်ခြင်းနှင့် အသား ပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်အတွက် အသားထုတ်လုပ်ရုံများ တည်ထောင်ခြင်း။

(င) ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ တို့ကို အများပြည်သူ စားသုံးရန်အလို့ငှာ ပုဒ်မခွဲ (ဃ) အရ တည်ထောင်ထားသည့် အသားထုတ်လုပ်ရုံများတွင် စည်းကမ်းများနှင့်အညီ ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သယ်ဆောင်ခြင်း၊ သတ်မှတ်ထားသည့် နေရာတွင် စည်းကမ်းများနှင့် အညီ သားငါးများ ရောင်းချရန် ခွင့်ပြုခြင်း၊ ခွင့်ပြုချက်မရှိဘဲထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းချခြင်းကို စစ်ဆေးအရေးယူဆောင်ရွက်ခြင်း။

(စ) ရောဂါစွဲကပ်သည့်တိရစ္ဆာန်များကို သင့်လျော်သည့်နည်းလမ်းဖြင့် ဖယ်ရှားရှင်းလင်းခြင်းနှင့် ၎င်းတိရစ္ဆာန်များအား စားသုံးရန်နှင့်ရောင်းချရန်အလို့ငှာ သတ်ဖြတ်ခြင်း၊ စားသုံးရန် မသင့်သော သားငါးများ ရောင်းချခြင်း၊ ရောင်းချရန် ခင်းကျင်းခြင်းကိုတားမြစ်ခြင်း။

(ဆ) ပြည်သူ့ကျန်းမာရေးကို အန္တရာယ် ဖြစ်စေသည့် ခွေးလေ ခွေးလွင့်၊ မြေကြွက်၊ ကျီးနှင့် ရောဂါပိုး သယ်ဆောင်တတ်သည့် အခြားတိရစ္ဆာန်များကို သင့်လျော်သည့်နည်းလမ်းဖြင့် အခါအားလျော်စွာ သုတ်သင်ရှင်းလင်းခြင်း။

၂၇။မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူစားသုံးရန်မှအပ ဘာသာရေးနှင့်အခြားကိစ္စရပ် များအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့က ထုတ်ပေးသည့် ကျွဲ၊ နွားတိရစ္ဆာန်များ သတ်ဖြတ်ခွင့် အမိန့်ရရှိသူကို သတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်ရန် ကြီးကြပ်ရမည်။

၂၈။ ကော်မတီသည် ကျွဲ၊ နွား များ အသားထုတ်လုပ်ခွင့်ပြုရာတွင် လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွားများ ပြုန်းတီးမှုမရှိစေရန် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်။

၂၉။ ပုဒ်မ ၂၆၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲ (င) ပါ သို့မဟုတ် ပုဒ်မ ၂၇ ပါ ခွင့်ပြုချက် ရရှိသူသာလျှင် ကျွဲ၊ နွားများကိုသတ်ဖြတ်ခြင်း၊ အသားရောင်းချခြင်း၊ အသားနှင့်သားရေကို လက်ဝယ်ထားခြင်းကိုလည်းကောင်း၊ အခြား တိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ အသားရောင်းချခြင်းကိုလည်းကောင်း ပြုနိုင်သည်။


အခန်း (၁၂)

အခွန်အခစည်းကြပ်ကောက်ခံခြင်း

၃၀။ ကော်မတီသည် စည်ပင်သာယာရေး လုပ်ငန်းများနှင့် သက်ဆိုင်သော အောက်ဖော်ပြပါ အခွန်အခ အမျိုးအစားနှင့် နှုန်းထားများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ခြင်းနှင့် လိုအပ်ပါက ပြင်ဆင်သတ်မှတ်ခြင်း ပြုနိုင်သည်-

(က) မြေခွန်၊ မြေခနှင့် ပစ္စည်းခွန်များ။

(ခ) ရေခွန်၊ ရေဖိုး၊ ရေခ၊ မိလ္လာအခွန်၊ မိလ္လာအခ၊ အမှိုက်နှင့်အညစ်အကြေးခွန်၊ အများသုံး အိမ်သာခွန်စသည့် သန့်ရှင်းရေး အခွန်အခများ၊ မီးခွန် နှင့် အထွေထွေခွန်များ။

(ဂ) စျေးခွန်၊ ဆိုင်ခွန်၊ ဆိုင်ခ၊ စျေးခနှင့် စျေးကောက်များ။

(ဃ) ကူးတို့ခွန်နှင့် ပွဲရုံခွန်များ။

(င) မြို့တော်နယ်နိမိတ်အတွင်း မောင်းနှင်သွားလာသော ယာဉ်များ၊ ရပ်နားသော ယာဉ်များ၊ မြို့တော်နယ်နိမိတ်ပြင်ပမှ ဝင်ရောက်ရပ်နားသော ယာဉ်များအပေါ် ကောက်ခံသည့် ရပ်နားခ၊ ဘီးခွန်၊ ညအိပ်ခွန်၊ မြို့ဝင်ကြေး၊ ယာဉ်တန်ပိုကြေး၊ ဘီးကောက်အခ၊ လမ်းအသုံးပြုခနှင့် ယာဉ်ရပ်နားခများ။

(စ) မွေးမြူရေးနှင့်လူစီးတိရစ္ဆာန်များအပေါ် ကောက်ခံသည့် အခွန်။

(ဆ) လုပ်ငန်းလိုင်စင်ခ၊ အနှေးယာဉ်မှတ်ပုံတင်ကြေး၊ အနှေးယာဉ်မောင်းလိုင်စင်ခ၊ လိုင်စင် သက်တမ်းတိုးမြှင့်ခနှင့် ပါမစ်ခများ။

(ဇ) ဝန်ဆောင်ခများ။

(စျ) စီမံခန့်ခွဲရေးပြစ်ဒဏ်အဖြစ် ချမှတ်သော ဒဏ်ကြေးများ။

(ည) ဤဥပဒေနှင့် နည်းဥပဒေများအရ ခွင့်ပြုသတ်မှတ်သည့် စည်ပင်သာယာရေးဆိုင်ရာ အခြားအခွန်များ။

၃၁။ကော်မတီသည်-

(က) မြို့တော်အင်္ဂါရပ်နှင့်အညီ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးမှု စီမံကိန်းအောင်မြင်ရေး၊ စည်ပင်သာယာရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် အလို့ငှာ အခွန်အခများ စည်းကြပ်ကောက်ခံရမည်။

(ခ) အဆောက်အအုံနှင့် မြေခွန်တို့ကို စည်းကြပ်ရာတွင် မြေနှင့်အဆောက်အအုံ၏ နှစ်စဉ်တန်ဖိုးအပေါ် နည်းဥပဒေ တစ်ရပ်ရပ်တွင် သတ်မှတ်ထားသည့်အတိုင်း အခွန်အခ စည်းကြပ်ကောက်ခံရမည်။

(ဂ) မြေနှင့်အဆောက်အအုံများတွင် စီးပွားရေးလုပ်ငန်း အလို့ငှာ စက်ယန္တရား သို့မဟုတ် စက်မှုကိရိယာများ တပ်ဆင်ထားပါက ယင်းတို့ကို နှစ်စဉ်တန်ဖိုး သတ်မှတ်ရာ၌ ထည့်သွင်း တွက်ချက်ရမည်။

(ဃ) ဝန်ဆောင်ခများ စည်းကြပ်ရာတွင် ဝင်ငွေနှင့်အသုံးစရိတ်မျှတစေရန် စည်းကြပ်ကောက်ခံ ရမည်။

(င) မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က မြို့တော်နယ်နိမိတ်အတွင်း နှစ်စဉ်ရရှိသော အရပ်ရပ် ဝင်ငွေ စုစုပေါင်း၏ ၅ ရာခိုင်နှုန်းနှင့် ညီမျှသောငွေကို ပစ္စည်းခွန်အဖြစ် စည်းကြပ်ရမည်။

(စ) အစိုးရဌာန၊ အဖွဲ့အစည်းပိုင်မြေ နှင့် အဆောက်အအုံအပေါ်တွင် အခွန်အခ စည်းကြပ်ခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး စည်းကြပ်ကောက်ခံရမည်။

၃၂။**xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၃၃။ အခွန်အခကြွေးကျန်တို့နှင့် စပ်လျဉ်း၍ အခွန်အခကြွေးကျန်များကို မြေခွန်မပြေ ကျန်ငွေကဲ့သို့ အရ ကောက်ခံ နိုင်သည်။

၃၄။ ကော်မတီသည်-

(က) မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူအကျိုးအတွက် အသုံးပြုသော သို့မဟုတ် ဘာသာရေးအတွက် အသုံးပြုသော မြေနှင့် အဆောက်အအုံ များပေါ်တွင်ဖြစ်စေ၊ လုပ်ငန်းတစ်ရပ်ရပ်အတွက် ဖြစ်စေ၊ အခွန်အခစည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် အခွန်အခလျော့ပေါ့၍ စည်းကြပ်ခြင်း ပြုနိုင်သည်။

(ခ ) မြို့တော်နယ်နိမိတ်အတွင်း တရားရုံး၏ အမိန့်အရ လူမွဲစာရင်း ခံယူထားသူများအပေါ်တွင် စည်းကြပ် အခွန်အခများကို ၎င်းတို့တင်ပြမှုအပေါ် စိစစ်၍ လျော့ပေးခြင်း သို့မဟုတ် ခေတ္တပယ်ဖျက်ခြင်း ဆောင်ရွက်နိုင်သည်။

**၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (အမှတ် ၄/၂၀၁၄)ဖြင့် မူလပုဒ်မ ၃၂ကို ပယ်ဖျက်သည်။


အခန်း (၁၃)

ဘဏ္ဍာရေးနှင့် ရန်ပုံငွေထိန်းသိမ်းခြင်း

၃၅။ ကော်မတီသည် -

(က) ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်ပြီး မိမိရန်ပုံငွေဖြင့် ရပ်တည်ရ မည်။ လိုအပ်ပါက ဖြည့်ဆည်းလိုသော ရန်ပုံငွေအတွက် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအရ ခွင့်ပြုထားသည့်အတိုင်း အစိုးရအဖွဲ့ထံမှ အထောက်အပံ့၊ ချေးငွေရယူနိုင်သည်။ မိမိ၏ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း တာဝန်ယူရမည်။

(ခ ) ရန်ပုံငွေကို အောက်ပါရငွေများဖြင့် ထူထောင်နိုင်သည်-

(၁ ) ဥပဒေအရစည်းကြပ်ကောက်ခံရရှိသည့် အခွန်၊ အခများ၊ စီမံခန့်ခွဲမှုဒဏ်ကြေးနှင့် တရားရုံး ငွေဒဏ်များ။

(၂) စည်ပင်သာယာရေးလုပ်ငန်းမှရရှိသည့် ငှားရမ်းခ၊ ဝန်ဆောင်ခ၊ ပစ္စည်းများ ရောင်းရငွေနှင့် အခြားနည်းလမ်းဖြင့်ရရှိသည့်ငွေများ။

(၃) ကော်မတီပိုင် လမ်းများပေါ်တွင် ပြေးဆွဲနေသော ယာဉ်များပေါ်မှ စည်းကြပ် ကောက်ခံ ရရှိသည့်ဝင်ငွေများ။

(၄) လုပ်ငန်းလိုင်စင်ခ၊ သက်တမ်းတိုးမြှင့်ခ၊ ခွင့်ပြုချက်ပေးသည့်အခ၊ မှတ်ပုံတင်ခနှင့် လုပ်ငန်းဆိုင်ရာအခွန်အခများ။

(၅) မတည်ပစ္စည်းများ ရောင်းချရငွေနှင့် မတည်အသုံးစရိတ်မှ ငွေပင်ငွေရင်းများပြန် လည်ရရှိ ခြင်းများ။

(၆) အစိုးရအဖွဲ့ကထောက်ပံ့ငွေများ။

(၇) ရန်ပုံငွေမှရင်းနှီးမြှုပ်နှံ၍ လုပ်ကိုင်သောလုပ်ငန်းများမှ ရရှိသောဝင်ငွေများနှင့် အကျိုးအမြတ်များ။

(၈) ဝင်ငွေခွန်ဥပဒေပါ ပြဌာန်းချက်များအရ ကော်မတီနယ်နိမိတ်အတွင်းရှိ မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနအသီးသီးကပေးသွင်းသည့်ဝင်ငွေခွန်ဝေစုများ။

(၉) ကော်မတီနယ်နိမိတ်အတွင်းရှိ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းလွှဲပြောင်းသည့်စာချုပ် စာတမ်း များချုပ်ဆိုရာတွင် တိုးမြှင့်ထမ်းဆောင်သည့် အခွန်တံဆိပ်ခေါင်းတန်ဖိုးနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသော ရာခိုင်နှုန်းအရ သက်ဆိုင်ရာ ဌာနက လွှဲပြောင်းပေးသောငွေများ။

(၁၀) မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က နှစ်စဉ်ရရှိသော အရပ်ရပ်ဝင်ငွေ စုစုပေါင်း၏ သတ်မှတ် ထားသောရာခိုင်နှုန်းအရ လွှဲပြောင်းပေးသောငွေများ။

(၁၁)ပြည်တွင်းပြည်ပမှ လှူဒါန်းထောက်ပံ့ငွေများနှင့် ပစ္စည်းများ။

(၁၂) အဆောက်အအုံများငှားရမ်း၍ဖြစ်စေ၊ မြေများငှားရမ်း၍ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ရရှိသည့်နိုင်ငံခြား ငွေများ။

(ဂ ) နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လိုငွေပေါ်ပေါက်ရန် ရှိပါက အစိုးရအဖွဲ့ထံမှဖြစ်စေ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ထံမှဖြစ်စေ၊ တည်ဆဲဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ မိမိတာဝန်ဖြင့် ငွေချေးယူခြင်း နှင့် အထောက်အပံ့များ ရယူခြင်းကို ပြုနိုင်သည်။

(ဃ) စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ပါက မိမိ၏ တာဝန်ဖြင့် ဒီဘင်ချာ ငွေချေး စာချုပ်များနှင့် အစိုးရအာမခံငွေချေးစာချုပ်များ ထုတ်ဝေနိုင်သည်။

၃၆။ ကော်မတီသည် -

(က) နှစ်စဉ် အရအသုံး ခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲပြီး အစိုးရအဖွဲ့သို့ တင်ပြရမည်။

(ခ) ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ အတည်ပြုထားသော ရသုံးမှန်းခြေ ငွေစာရင်းနှင့်အညီသာ ကောက်ခံသုံးစွဲနိုင်ခွင့်ရှိသည်။

(ဂ) မြို့တော်နယ်နိမိတ်ပြင်ပရှိလုပ်ငန်းကိစ္စတစ်ခုခုအတွက် အများပြည်သူအကျိုးငှာ အမှန်တကယ် သုံးစွဲရန်လိုအပ်သည့်ကိစ္စများတွင် အစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ရန်ပုံငွေမှသုံးစွဲနိုင်သည်။

(ဃ) ရန်ကုန်တိုင်းဒေသကြီးရန်ပုံငွေအစီအစဉ်ဖြင့် ဘဏ်စာရင်းဖွင့်လှစ်၍ ဆောင်ရွက်ရမည်။ ကော်မတီ၏ ရငွေများအားလုံးကို ထိုဘဏ်စာရင်းသို့ ပေးသွင်းပြီးအသုံးစရိတ်များကိုလည်း နှစ်စဉ်အရ အသုံးခန့်မှန်းခြေ ငွေစာရင်းပါ ခွင့်ပြုချက်အတိုင်း သုံးစွဲရမည်။

(င) ရရှိသော နိုင်ငံခြားငွေကို သီးခြားဘဏ်စာရင်း ဖွင့်လှစ်ထားရှိပြီး ထိုဘဏ်စာရင်းသို့ ပေးသွင်းရမည်။ နှစ်စဉ်ရရှိသော နိုင်ငံခြားသုံးငွေများကို ကျပ်ငွေဖြင့်လဲလှယ်၍ ကော်မတီ ရန်ပုံငွေသို့ ပေးသွင်းရမည်။

(စ ) အထူးစီမံကိန်းကြီးများဆောင်ရွက်ခြင်းနှင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုကြောင့် မိမိ ရန်ပုံငွေဖြင့် ကျခံသုံးစွဲနိုင်စွမ်းမရှိသည့်ကိစ္စရပ်များတွင် ပြည်ထောင်စုအစိုးရ၏ထောက်ပံ့ငွေကို တောင်းခံပေး ရန်အတွက် အစိုးရအဖွဲ့ထံ တင်ပြခွင့်ရှိသည်။

၃၇။ ကော်မတီသည် ဘဏ္ဌာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေအတွင်းမှ ဆောင်ရွက်မည့် အင်ဂျင်နီယာ လုပ်ငန်းများနှင့် ဌာနအသီးသီးမှဆောင်ရွက်သောလုပ်ငန်းများကို ငွေကြေး၊ ပစ္စည်း၊ လုပ်အား လေလွင့်မှု မရှိစေရေး၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ရေး၊ ကော်မတီ၏ဝင်ငွေတိုးတက်ရရှိစေရေး တို့အတွက် အောက်ပါအတိုင်းဆောင်ရွက်ခြင်း၊ ပုံမှန်စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ပြုရမည်-

(က) အင်ဂျင်နီယာလုပ်ငန်းများဆောင်ရွက်ရာတွင် ဆောက်လုပ်ရေးပစ္စည်းနှင့် လုပ်ခဒေသဆိုင်ရာ စျေးနှုန်းများကို အခါအားလျော်စွာ စိစစ်သတ်မှတ်ခြင်းနှင့် ခန့်မှန်းခြေစာရင်းပြုစုထားရှိခြင်း။

(ခ) အင်ဂျင်နီယာလုပ်ငန်းဆောင်ရွက်မှုများကို အစ၊ အလယ်၊ အဆုံးစစ်ဆေး၍ လုပ်ငန်း ပြီးစီးမှုတန်ဖိုးများ သတ်မှတ်ခြင်း။

(ဂ) ဌာန၊ ရုံးများ၏လုပ်ငန်းဆောင်ရွက်မှုများမှာ လုပ်ထုံးလုပ်နည်းနှင့်ကွဲလွဲခြင်း၊ ပစ္စည်းနှင့် လုပ်အားခများ၊ ဝင်ငွေများလျော့နည်းမှုနှင့် အလွဲသုံးစားမှုများရှိ၊ မရှိ ပုံမှန်စစ်ဆေးခြင်း။

(ဃ) နှစ်စဉ်ဘဏ္ဌာရေးကုန်ဆုံးသည့် နေ့တွင်ရှိသည့် ကော်မတီ၏ ပုံသေပိုင်ပစ္စည်းများ စာရင်းနှင့် ပစ္စည်းလက်ကျန်၊ ငွေသားလက်ကျန်များကို စစ်ဆေးခြင်း။

၃၈။ ဌာနကြီးမှူးနှင့်သက်ဆိုင်ရာဌာနမှူးတို့သည်-

(က) ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက သတ်မှတ်ထားသော ဦးစီး ဌာနများ၏ အခြေခံစာရင်းပြု ဌာနများအတွက် ငွေစာရင်းထိန်းသိမ်းရေး နည်းလမ်း ညွှန်ကြားချက်နှင့်အညီ ရန်ပုံငွေများကိုပြုစုထိန်း သိမ်းထားရှိရမည်။

(ခ )ပုဒ်မခွဲ (က)အရ ပြုစုထိန်းသိမ်းထားရှိသည့် စာရင်းဇယားများ၊ ဘဏ္ဌာရေးဆိုင်ရာနှစ်ချုပ် စာရင်းများနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးခြင်းကို ခံယူရမည်။

၃၉။ ကော်မတီသည် နှစ်စဉ် ဘဏ္ဌာရေးနှစ်ကုန်ဆုံးပြီးနောက် သတ်မှတ်ထားသည့် ငွေစာရင်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ ပြုစုရေးဆွဲထားသည့် ဘဏ္ဌာရေးဆိုင်ရာ နှစ်ချုပ်စာရင်းများကို ရန်ကုန်တိုင်း ဒေသကြီးစာရင်းစစ်ချုပ်ရုံးက စစ်ဆေးပြီးသည့်အခါ နှစ်ချုပ်စာရင်းစစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကို အစိုးရအဖွဲ့သို့ တင်ပြအစီရင်ခံရမည်။


အခန်း (၁၄)

ဝန်ထမ်းဖွဲ့စည်းပုံ

၄၀။ ကော်မတီသည်-

(က) လုပ်ငန်းတာဝန်များကိုအခြေခံလျက် လိုအပ်သော ဝန်ထမ်းဖွဲ့စည်းပုံကိုရေးဆွဲပြီး အစိုးရ အဖွဲ့၏ အတည် ပြုချက်ရယူ၍ ဝန်ထမ်းအဖွဲ့ကို ဖွဲ့စည်းထားရှိရမည်။

(ခ) ဝန်ထမ်းအဖွဲ့တွင် ကော်မတီလုပ်ငန်းများကို အထောက်အကူပြုသည့် အောက်ဖော်ပြပါ ဝန်ထမ်းများကိုလည်း သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းပြီးဖွဲ့စည်းပုံတွင် ထည့်သွင်းနိုင်သည်-

(၁) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတာဝန် များဆောင် ရွက်သော ဝန်ထမ်းများ။

(၂) မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းတာဝန်ကို ဆောင်ရွက်သောဝန်ထမ်းများ။

(၃) လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းသည့် လုပ်ငန်းတာဝန်ကို ဆောင်ရွက်သော စည်ပင် သာယာရေးရဲတပ်ဖွဲ့ဝင်များနှင့် အခြားဝန်ထမ်းများ။

၄၁။ကော်မတီသည်-

(က) အစိုးရအဖွဲ့အတည်ပြုသော ဝန်ထမ်းဖွဲ့စည်းပုံနှင့်အညီ ဖွဲ့စည်းသောဝန်ထမ်းအဖွဲ့အတွက် လိုအပ်သော ဝန်ထမ်းများကို ခန့်အပ်တာဝန်ပေးနိုင်သည်။

(ခ) ဝန်ထမ်းများ ခန့်ထားရာတွင် စည်ပင်သာယာရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည့် ဝန်ထမ်းများအား သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ နှင့် ညှိနှိုင်းပြီး လွှဲပြောင်းရယူ၍ ခန့်ထားနိုင်သည်။

(ဂ) ခန့်အပ်ထားသော ဝန်ထမ်းများအား စည်းကမ်းထိန်းသိမ်းရေးနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များ ကြီးကြပ် ဆောင်ရွက်နိုင်ရန် ဌာနကြီးမှူးကို လိုအပ်သလို လွှဲအပ်ဆောင်ရွက်စေရမည်။

၄၂။ကော်မတီသည်-

(က) ဝန်ထမ်းများခန့်ထားရာတွင် လစာနှင့်စရိတ်ကို နှစ်စဉ်ရရှိသော ဝင်ငွေ၏ ၃ဝ ရာခိုင်နှုန်းထက် ကျော်လွန်၍ သုံးစွဲခြင်း မပြုရ။

(ခ ) ဝန်ထမ်းများအား လစာ၊ စရိတ်၊ ဂရုဏာကြေး နှင့် ပင်စင်ခံစားခွင့်ပြုနိုင်သည်။


အခန်း (၁၅)

စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်းနှင့် အရေးယူခြင်း

၄၃။ ကော်မတီက တာဝန်ပေးအပ်သည့် စည်ပင်သာယာရေးအရာရှိကဖြစ်စေ၊ နှစ်ဦးထက်ပိုသော စည်ပင်သာယာ ရေးအမှုထမ်းကဖြစ်စေ-

(က) မြို့တော်နယ်နိမိတ်အတွင်း စည်ပင်သာယာရေး လုပ်ငန်းများအား စစ်ဆေးကြည့်ရှုရန် သို့မဟုတ် မြေတိုင်းတာရန်ကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူထံသို့ ကြိုတင် အကြောင်းကြားပြီး နေ့အချိန် (နေထွက်ချိန်နှင့်နေဝင်ချိန်အကြား) မည်သည့်လုပ်ငန်းခွင်၊ အဆောက်အအုံ သို့မဟုတ် နေရာအတွင်းသို့မဆို ဝင်ရောက်ပြီး လုပ်ငန်းတာဝန်များ စစ်ဆေးပိုင်ခွင့်ရှိသည်။

(ခ ) ဤဥပဒေအရ ခွင့်ပြုမိန့်ထုတ်ပေးထားသည့် လုပ်ငန်းတစ်ရပ်ရပ်၊ မြေ၊ အဆောက်အအုံ၊ နေရာတစ် ခုခုအတွင်း သို့မဟုတ် ကော်မတီသို့ ခွင့်ပြုချက်တစ်စုံတစ်ရာရရှိရန် လျှောက်ထားသော လုပ်ငန်းတစ်ရပ်ရပ်၊ မြေ၊ အဆောက်အအုံ၊ နေရာတစ်ခုခုအတွင်းသို့ ခွင့်ပြုထုတ်ပေး ထားသည့် သတ်မှတ်ချက်၊ စည်းကမ်းချက်များနှင့် ညီညွတ်မှုရှိ၊ မရှိ၊ ပတ်ဝန်းကျင်ပြည်သူများ စိတ်ငြိုငြင်မှုရှိ၊ မရှိ၊ ခွင့်ပြုထုတ်ပေးရန် သင့်လျော်မှုရှိ၊ မရှိတို့ကို စိစစ်ရန် အလို့ငှာ မည်သည့်အချိန်၌မဆို ဝင်ရောက်စစ်ဆေး ကြည့်ရှုပိုင်ခွင့်၊ အခြားလိုအပ်သည်များ ညွှန်ကြား သတ်မှတ်ခွင့်ရှိသည်။ ယင်း အပြင် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကျွဲ၊ နွား၊ တိရစ္ဆာန်တစ်စုံတစ်ရာကို သတ်ဖြတ်နေကြောင်း သို့မဟုတ် သတ်ဖြတ် ပြီးကြောင်း ယုံကြည်ရန် အကြောင်းရှိလျှင် သင့်လျော်သော ရပ်ကွက်၊ ကျေးရွာလူကြီးနှစ်ဦးနှင့်အတူ ဝင်ရောက်စစ်ဆေးခွင့် ရှိသည့်အပြင် တရားမဝင်သတ်ဖြတ်ထားသည့် မည်သည့် ကျွဲ၊ နွား၊ တိရစ္ဆာန် အသေကောင်၊ ၄င်းတို့၏အစိတ်အပိုင်းများနှင့် သတ်ဖြတ်ရန်အလို့ငှာ စုစည်းထားရှိသော မည်သည့် တိရစ္ဆာန်အရှင်ကိုမဆို သိမ်းယူ၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူခွင့်ရှိသည်။

(ဂ ) ဤဥပဒေအရ အရေးယူမည့်ကိစ္စများတွင် လိုအပ်ပါကသက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူ အညီကို တောင်းခံရယူနိုင်သည်။


အခန်း (၁၆)

အများပြည်သူအကျိုးငှာ ကော်မတီက စီမံခန့်ခွဲခွင့်ရှိသည့် မြေနှင့်အဆောက်အအုံများအပေါ် ကျူးကျော်မှုများအား ဖယ်ရှားရှင်းလင်းခြင်း

၄၄။ ကော်မတီပိုင်မြေနှင့် ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ၊ မြေကွက်လပ်များနှင့် အရန်မြေများ ပေါ်တွင် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံများ၊ နေအိမ်များ၊ တဲများနှင့် ပစ္စည်းများကို ကျူးကျော်၊ ဆောက်လုပ်၊ စုပုံထားရှိကြောင်း စစ်ဆေးတွေ့ရှိလျှင် ကော်မတီကဖွဲ့စည်းပေးသော ဖယ်ရှား ရှင်းလင်းရေးအဖွဲ့သည် ထိုသို့ ကျူးကျော်၊ ဆောက်လုပ်၊ နေထိုင်၊ စုပုံထားရှိသူတို့ထံသို့ အကြောင်းကြားစာ ရရှိသည့်ရက်မှ ရက်ပေါင်း သုံးဆယ် အတွင်း ဖယ်ရှား ရှင်းလင်းပေးရန် အမိန့်ထုတ်ဆင့်ရမည်။

၄၅။ ထုတ်ဆင့်သည့်အမိန့်ကို လိုက်နာရန်ပျက်ကွက်လျှင် သို့တည်းမဟုတ် ငြင်းဆန်လျှင် ဖယ်ရှား ရှင်းလင်းရေး အဖွဲ့က ကျူးကျော်သူနှင့်တကွ အဆောက်အအုံများ၊ နေအိမ်များ၊ တဲများနှင့် ပစ္စည်းများကို ဖယ်ရှား၍ ကျူးကျော်သည့် မြေနေရာကို ပြန်လည်လက်ရောက်ရယူနိုင်သည်။ ထိုသို့ ဖယ်ရှားရှင်းလင်းရာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ လုံခြုံရေးနှင့် အခြားလိုအပ်သည့် အကူအညီများ တောင်းခံနိုင်သည်။

၄၆။ ဂရန်မြေနှင့် ပါမစ်မြေများမှအပ ကော်မတီပိုင်မြေ၊ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊ မြေနှင့် အဆောက်အအုံ၊ ဆိုင်ခန်းကို အငှားချထားခြင်းခံရသူတို့သည် အငှားချထားသည့် စာချုပ်ပါစည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း သို့တည်းမဟုတ် လိုက်နာရန်ပျက်ကွက်ကြောင်း စစ်ဆေးတွေ့ရှိရလျှင် အငှားချထား ခြင်းကိုရပ်စဲ၍ သတ်မှတ် ကာလအတွင်း ဖယ်ရှားရန် အကြောင်းကြားရမည်။ လိုက်နာခြင်းမရှိလျှင် ဤဥပဒေပုဒ်မ ၄၄၊ ပုဒ်မ ၄၅ ပါ ပြဌာန်းချက်အတိုင်း ကော်မတီမှ ဆောင်ရွက် နိုင်သည်။

၄၇။ ကော်မတီသည် ကော်မတီပိုင်မြေနှင့် ကော်မတီကစီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ၊ မြေကွက်လပ်များနှင့် အရန်မြေများပေါ်တွင် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်သည့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာကိုမဆို ကျူးကျော်သူဟုသတ်မှတ်ပြီး ဤဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မ ၄၅ ပါ အတိုင်း ဆောင်ရွက်နိုင်သည်။


အခန်း (၁၇)

မြို့တော်အင်္ဂါရပ်နှင့်ညီညွတ်စေရန် တည်ဆောက်ရေးလုပ်ငန်းများကို စီမံခန့်ခွဲခွင့်နှင့် ထိန်းသိမ်းကြပ်မတ်ခြင်း

၄၈။ ခွင့်ပြုချက်မရှိဘဲ ဖြစ်စေ၊ ခွင့်ပြုချက်ပါ စည်းကမ်းချက်များနှင့် ညီညွတ်မှုမရှိဘဲ ဖြစ်စေ၊ အဆောက် အအုံ ဆောက်လုပ်သည်ကို သို့မဟုတ် ပြင်ဆင်ဆောက်လုပ်သည်ကို ရပ်ဆိုင်းထားရန်၊ ပြန်လည်ပြုပြင်စေ ရန်၊ ဖြိုဖျက်ရန်၊ ဖျက်သိမ်းဖယ်ရှားရန် ညွှန်ကြားခြင်း၊ လိုက်နာရန်ပျက်ကွက်ပါက ခွင့်ပြုချက်ကို ပယ်ဖျက်ခြင်း၊ သတိပေးတားမြစ်ချက် ဆိုင်းဘုတ်အနီတပ်ဆင်ခြင်း၊ ကော်မတီ၏အစီအစဉ်ဖြင့် ချိတ်ပိတ်ခြင်း၊ ဖြိုဖျက်ခြင်း၊ ဖယ်ရှားခြင်းနှင့် ထိုသို့ဆောင်ရွက်ရ သည့်အတွက် ကုန်ကျစရိတ်ကို တောင်းခံခြင်း။

၄၉။ အများပြည်သူဆိုင်ရာ လမ်း၊ ရေမြောင်း၊ ရေပိုက်၊ မိလ္လာပိုက် စသည်များပေါ်တွင် ကျုးကျော် ဆောက်လုပ်ထားသည့် အဆောက်အအုံဖြစ်စေ၊ အဆောက်အအုံ၏ အစိတ်အပိုင်းဖြစ်စေ၊ ဖြိုဖျက်စေရန် သို့မဟုတ် ဖယ်ရှားရန် ညွှန်ကြားခြင်း။

၅၀။ အများပြည်သူဆိုင်ရာ လမ်း၊ တံတား၊ ရေမြောင်း၊ မြေအောက်ဥမင်လှိုဏ်ခေါင်း၊ မိုးပျံတံတားများ၊ မိုးပျံ အမြန်လမ်းမများ၊ ရေပိုက်လိုင်း၊ မီးလိုင်း၊ ဆက်သွယ်ရေးလိုင်းနှင့် မိလ္လာပိုက်တို့ တည်ဆောက် ပြုပြင်ပြင်ဆင်မွမ်းမံခြင်းများ ဆောင်ရွက်ရာတွင် မလွတ်ကင်းသော အဆောက်အအုံ သို့မဟုတ် အဆောက်အအုံ၏အစိတ်အပိုင်းကို ဖျက်သိမ်းရန် သို့မဟုတ် ဖယ်ရှားရန် ညွှန်ကြားခြင်း။

၅၁။နေထိုင် အသုံးပြုရန် မသင့်လျော်သည့် အဆောက်အအုံကိုဖြစ်စေ၊ ယင်း၏ အစိတ်အပိုင်းကိုဖြစ်စေ၊ သတ်မှတ် ကာလအတွင်း ပြန်လည်ပြုပြင်စေရန် ညွှန်ကြားခြင်း၊ အန္တရာယ်ဖြစ်စေနိုင်ပါက ဘေးအန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခြင်း၊ ယင်းအဆောက်အအုံမှ နေထိုင်အသုံးပြုသူများကို ဖယ်ရှားရန် ညွှန်ကြားခြင်း၊ အဆောက်အအုံအား ဖျက်သိမ်းခြင်း၊ အသစ်ပြန်လည် တည်ဆောက်ခြင်း။

၅၂။ ပုဒ်မ ၄၈၊ ပုဒ်မ ၄၉၊ ပုဒ်မ ၅ဝ၊ ပုဒ်မ ၅၁ ပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူ နှင့် ပူးပေါင်းပါဝင်အားပေးကူညီသူတို့က လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ကော်မတီက ဖွဲ့စည်းထားပေးသည့် ဖျက်သိမ်းဖယ်ရှားရှင်းလင်းရေးအဖွဲ့သည် လိုက်နာရန်ပျက်ကွက်သူထံ အကြောင်းကြားစာရရှိသည့်နေ့ရက်မှ ရက်ပေါင်း သုံးဆယ်အတွင်း ဖျက်သိမ်းရှင်းလင်းဖယ်ရှားရန် အမိန့်ထုတ်ဆင့်ရမည်။ ထုတ်ဆင့်သည့်အမိန့်ကို လိုက်နာရန် ပျက်ကွက်လျှင် သို့မဟုတ် ငြင်းဆန်လျှင် ဖျက်သိမ်း ရှင်းလင်းရေးအဖွဲ့က နေထိုင်အသုံးပြုသူနှင့်တကွ အဆောက်အအုံနှင့်ပစ္စည်းများကို ဖျက်သိမ်း ဖယ်ရှားနိုင်သည်။ ထိုသို့ဖျက်သိမ်းဖယ်ရှားရာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ လုံခြုံရေးနှင့် အခြားလိုအပ်သည့် အကူအညီများ တောင်းခံနိုင်သည်။


အခန်း (၁၈)

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၅၃။ သက်ဆိုင်ရာဌာနမှူးသည် ဤဥပဒေအရ ထုတ်ပေးသော လုပ်ငန်းလိုင်စင် ရရှိသူကဖြစ်စေ၊ မှတ်ပုံတင် လက်မှတ်ရရှိသူကဖြစ်စေ၊ ကော်မတီ၏ခွင့်ပြုမိန့်တစ်ရပ်ရပ်ကို ရရှိထားသူကဖြစ်စေ သတ်မှတ်ထားသည့် စည်းကမ်း ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်လျှင် အောက်ပါစီမံခန့်ခွဲရေးပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း။

(ခ ) လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုမိန့်ကို ကာလ အကန့်အသတ်ဖြင့် ရုပ်သိမ်း ခြင်း။

(ဂ ) လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်း။

၅၄။ ကော်မတီသည် ပုဒ်မ ၅၃ (က)ပါ ဒဏ်ကြေးငွေအား သတ်မှတ်ခြင်း၊ ပြင်ဆင် သတ်မှတ်ခြင်း ဆောင်ရွက် နိုင်သည်။

၅၅။ ကော်မတီက မြို့တော်သန့်ရှင်း၊ သာယာ၊ လှပရေးနှင့် စည်ပင်သာယာရေးလုပ်ငန်းရပ်များ ဆောင်ရွက်ရန် အလို့ငှာ ထုတ်ပြန်သည့် ညွှန်ကြားချက်တစ်ရပ်ရပ်အား ဖောက်ဖျက်ကျုးလွန်ကြောင်း သို့မဟုတ် လိုက်နာရန်ပျက်ကွက် ကြောင်း စိစစ်တွေ့ရှိလျှင် ထိုသူကို စီမံခန့်ခွဲရေးဒဏ်ကြေး ချမှတ် အရေးယူနိုင်သည်။

၅၆။ ကော်မတီသည် ပုဒ်မ ၅၅ ပါ ဒဏ်ကြေးငွေအား သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း ဆောင်ရွက်နိုင်သည်။


အခန်း (၁၉)

တားမြစ်ချက်များ

၅၇။ ကျန်းမာရေးဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ ကော်မတီက ထုတ်ပေးထားသော လုပ်ငန်းလိုင်စင်မရှိဘဲ ဥပဒေ တစ်ရပ်ရပ်အရ သက် ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းက လိုင်စင်ထုတ်ပေးထားသော ထိန်းချုပ်အစားအသောက်မှအပ အခြား အစားအသောက် ထုတ်လုပ်ခြင်း လုပ်ငန်းကိုဖြစ်စေ၊ ကော်မတီက ကင်းလွတ်ခွင့်ပြုထားသော အစားအသောက်မှအပ အခြားအစားအသောက် ရောင်းချခြင်းလုပ်ငန်းကိုဖြစ်စေ လုပ်ကိုင်ခြင်းမပြုရ။

(ခ ) မည်သူမျှ ကော်မတီက အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်ထားသော အစားအသောက်အမျိုးအစားကို ဓါတ်ခွဲအရာရှိက လူတို့စားသုံးရန်သင့်လျော်ကြောင်း ထုတ်ပေးထား သော လက်မှတ်မရရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ထုတ်လုပ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရ။

(ဂ ) မည်သူမျှ ကော်မတီက သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ညီညွတ်ခြင်း မရှိသည့် အစား အသောက်များ အလေးချိန်တိုးပွားစေရန် နည်းလမ်းမျိုးစုံဖြင့် ပြုပြင်ဆောင်ရွက်ထား သည့် အစား အသောက်များကို ရောင်းချခြင်း၊ ရောင်းချရန် ခင်းကျင်းခြင်း မပြုရ။

(ဃ) မည်သူမျှ အများပြည်သူတို့အား ကျန်းမာရေးကို ထိခိုက်စေမည့်၊ အများပြည်သူတို့အား ဘေးအန္တရာယ် ဖြစ်စေမည့် သို့မဟုတ် ဖြစ်စေရန်အကြောင်းရှိသည့် လုပ်ငန်းတစ်ခုခုကို မိမိနေအိမ်၊ မိမိ အဆောက် အအုံ သို့မဟုတ် မိမိပိုင်နက်အတွင်း လုပ်ကိုင်ခြင်းမပြုရ။

(င ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူတို့အား ကျန်းမာရေးကို ထိခိုက်စေမည့်၊ အများပြည်သူတို့အား ဘေးအန္တရာယ်ဖြစ်စေမည့် သို့မဟုတ် ဖြစ်စေရန် အကြောင်းရှိသည်ဟု ကော်မတီ က သတ်မှတ်ထားသော ပစ္စည်းများကို မိမိနေအိမ်၊ မိမိ အဆောက်အအုံ သို့မဟုတ် မိမိပိုင်နက်အတွင်း သိုလှောင်ထားခြင်းမပြုရ။

(စ ) အစားအသောက် ထုတ်လုပ်ခြင်း သို့မဟုတ် အစားအသောက် ရောင်းချခြင်းလုပ်ငန်း လိုင်စင်ရရှိသူမည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အောက်ပါကိစ္စရပ်တစ်ရပ်ရပ်ကို လုပ်ကိုင်ခြင်းမပြုရ-

(၁ ) တစ်နေရာမှ တစ်နေရာသို့ လုပ်ငန်းရွှေ့ပြောင်းခြင်း။

(၂) လုပ်ငန်းကို တစ်နှစ်ထက်မနည်းသော ကာလကြာအောင် ပိတ်ထားပြီးမှ အသစ် ပြန်လည် ဖွင့်လှစ်ခြင်း။

(၃ ) လုပ်ငန်းကို မူလအတိုင်းအတာထက် တိုးချဲ့လုပ်ဆောင်ခြင်း။

(ဆ) မည်သူမျှ ကူးစက်ရောဂါ ဖြစ်ပွားစေနိုင်သဖြင့် ကော်မတီက ပိတ်ပင်ထားသော အစား အသောက်ကိုဖြစ်စေ၊ ပစ္စည်းကိုဖြစ်စေ ရောင်းချခြင်းမပြုရ။

(ဇ ) မည်သူမျှ ကူးစက်ရောဂါဖြစ်ပွားသူကို အစားအသောက်ထုတ်လုပ်သော၊ သိုလှောင်သော သို့မဟုတ်ရောင်းချသောနေရာသို့ ဝင်ရောက်စေခြင်း၊ အလုပ်လုပ်ကိုင်စေခြင်းမပြုရ။

(စျ ) မည်သူမျှ ကော်မတီက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် ညီညွတ်ခြင်းမရှိဘဲ အများ ပြည်သူသုံး ရေကူးကန်၊ ရေချိုးခန်း၊ အိမ်သာနှင့် တည်းခိုခန်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် ခြင်းမပြုရ။

၅၈။ ရေပေးရေးနှင့်သန့်ရှင်းမှုလုပ်ငန်းများဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ တရားမဝင်ရေဆက်သွယ်ခြင်းမပြုရ။

(ခ ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အောက်ပါပြုလုပ်မှုတစ်ခုခုကို လုပ်ကိုင်ခြင်း မပြုရ-

(၁) ကော်မတီပိုင် ရေပိုက်ကိုဖောက်ခြင်း၊ ရေပိုက်ကိုဖောက်၍ မိမိနေအိမ်အတွင်းသို့ ရေကိုဆက်သွယ်ရယူခြင်း။

(၂) ကော်မတီကခွင့်ပြုထားသော ရေသွယ်ပိုက်မှ ဆင့်ပွား ပိုက်ဆက်ဖြင့် တပ်ဆင် ဆက်သွယ်ခြင်း။

(၃) ကော်မတီကခွင့်ပြုထားသော ရေသွယ်ပိုက်မှ ရေကိုပိုမို ရရှိရန် လျှပ်စစ် သို့မဟုတ် စွမ်းအင်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လက်နှိပ်တုံကင်အသုံးပြု၍ဖြစ်စေ ရေကိုရယူသုံးစွဲခြင်း။

(၄) ကော်မတီ၏ခွင့်ပြုချက်ဖြင့် မူလတပ်ဆင်ထားသော ရေနှင့်သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းအမျိုးအစား၊ အရွယ် အစားနှင့် အရေအတွက်တို့ကို ဖြည့်စွက်ပြောင်းလဲ တပ်ဆင်ခြင်း သို့မဟုတ် တိုးချဲ့တပ်ဆင်ခြင်း။

(ဂ) မည်သူမျှ ကော်မတီကတပ်ဆင်ထားသော ရေမီတာကို တရားမဝင်ပြုပြင်ခြင်း၊ ဖျက်ဆီးခြင်း၊ ဖြုတ် သိမ်းခြင်း၊ တစ်နည်းနည်းဖြင့်ပြောင်းလဲတပ်ဆင်ခြင်း သို့မဟုတ် တပ်ဆင် ထားသော ရေမီတာကို အသုံးမပြုဘဲ ရေဆက်သွယ်ခြင်းမပြုရ။

(ဃ) မည်သူမျှ ကော်မတီကတပ်ဆင်ထားသော ရေမီတာကိုပျက်စီးစေခြင်း၊ နှောင့်နှေးစေခြင်း၊ လွယ်ကူစွာ ဖတ်မရအောင် ပြုလုပ်ခြင်းမပြုရ။

(င ) မည်သူမျှ အောက်ပါပြုလုပ်မှုတစ်ခုခုကို မပြုလုပ်ရ-

(၁ )ကော်မတီကဆောင်ရွက်သည့် ရေပေးရေးလုပ်ငန်းမှရေကို ညစ်ညမ်းစေခြင်း၊

(၂ )ကော်မတီကဆောင်ရွက်သည့် ရေပေးရေးလုပ်ငန်းမှရေကို ဖြုန်းတီးခြင်း သို့မဟုတ် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အိမ်ဥပစာပြင်ပသို့ တစ်ဆင့် ဖြန့်ဝေပေးခြင်းသို့မဟုတ် ရောင်းစား ခြင်း။

(၃ )ကော်မတီကဆောင်ရွက်သည့် ရေပေးရေးလုပ်ငန်းပိုင် မြေ သို့မဟုတ် ၎င်း၏ အစိတ်အပိုင်း အပေါ်တွင် ပစ္စည်းများစုပုံခြင်း၊ မြေကိုတူးဆွခြင်း၊ မြေဖို့ခြင်း သို့မဟုတ် မြေတွင်မြှုပ်နှံခြင်း။

(၄ ) ကော်မတီပိုင်ရေလှောင်ကန်အတွင်းသို့ တိရစ္ဆာန်ကိုဝင်ရောက်စေခြင်း သို့မဟုတ် ရေလှောင်ကန်မှ သတ်မှတ်ထားသော နယ်နိမိတ်အတွင်း ရေဆေးကြောခြင်း သို့မဟုတ် ရေချိုး ပေးခြင်း။

(၅ ) ကော်မတီပိုင်ရေလှောင်ကန်အတွင်းသို့ ရေညစ်ညမ်းမှုကို ဖြစ်စေသော သို့မဟုတ် ရေ၏ အရည်အသွေးကိုကျဆင်းစေသော မည်သည့်ပစ္စည်းကိုမဆို ပစ်ချခြင်း သို့မဟုတ် မျှောချခြင်း။

(၆ )ကော်မတီပိုင်ရေလှောင်ကန်၏ သတ်မှတ်နယ်နိမိတ်အတွင်း သစ်တောများကိုထိခိုက် ပျက်စီး စေနိုင်သော ပြုလုပ်မှုတစ်ခုခုကိုပြုလုပ်ခြင်း။

(စ) မည်သူမျှ ကော်မတီ၏ ရေပေးရေး လုပ်ငန်းအတွက် ထိန်းသိမ်းထားရှိသော ရေကန်၊ ရေလှောင်ကန်၏ ကန်ပေါင် သို့မဟုတ် ဝင်းခြံနယ်မြေ၊ ပိုက်လိုင်း နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ တောခုတ်ခြင်း၊ စိုက်ခင်းများနှင့် ဥယျာဉ်များ ပြုလုပ်ခြင်း၊ ကျောက်ထုတ်ခြင်း၊ အုတ်ဖုတ်ခြင်း၊ ဆိုင်ခန်းများ တည်ဆောက်ခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ကန်ပေါင်များ၊ ဝင်းခြံများ၊ ရေပိုက်များနှင့် ဆက်စပ်ပစ္စည်းများကို ရွှေ့ပြောင်းပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်းမပြုရ။

(ဆ) မည်သူမျှ ကော်မတီပိုင် ရေပိုက်များတွင် တပ်ဆင်ထားရှိသော ရေတံခါးကို ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဖွင့်ခြင်း၊ ပိတ်ခြင်း၊ အတိုးအလျှော့ပြုလုပ်ခြင်း၊ အသစ်တပ်ဆင်ခြင်းရှိပြီး ရေတံခါးအား ဖြုတ်သိမ်းခြင်း သို့မဟုတ် နေရာရွှေ့ပြောင်းခြင်းမပြုရ။

(ဇ) မည်သူမျှ မြို့တော်နယ်နိမိတ်ပြင်ပမှဆက်သွယ်သည့် ရေပို့ပိုက်မကြီး သို့မဟုတ် မြို့တွင်း ပင်မ ရေပိုက်များပေါ်တွင် လမ်း၊ မီးရထားသံလမ်း၊ တံတား သို့မဟုတ် အဆောက်အအုံကို ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်းမပြုရ။

(စျ) မည်သူမျှ ကော်မတီပိုင် ရေကန်၊ ရေလှောင်ကန်များအတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ လှေလှော်ခြင်း၊ ရေကူးခြင်း၊ ငါးဖမ်းခြင်း၊ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်း မပြုရ၊ ရေလှောင်ကန်မှ သတ်မှတ်ထားသော နယ်နိမိတ်အတွင်း ရေချိုးခြင်း၊ အဝတ်လျှော်ဖွပ်ခြင်း၊ မြေတူးခြင်း၊ မြေဖို့ခြင်း၊ ယာဉ်များရေဆေးခြင်းနှင့် အခြားကိစ္စရပ်များအတွက် ရေကိုရယူခြင်း၊ အသုံးပြုခြင်းမပြုရ။

(ည) မည်သူမျှ မိမိနေထိုင်သော ခြံ၊ မြေ၊ အဆောက်အအုံ၊ အထပ်မြင့်များရှိ မိလ္လာပိုက်၊ ရေဆိုးပိုက် များအတွင်းမှ အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်သော သို့မဟုတ် ငြိုငြင်စေမှုကို ဖြစ်စေသောအရာ၊ အညစ်အကြေး သို့မဟုတ် အနံ့ဆိုးထွက်သောအရာကို မြစ်ချောင်းများ၊ ရေမြောင်းများ အတွင်းသို့ စီးထွက်စေခြင်း၊ စိမ့်ထွက်စေခြင်း သို့မဟုတ် စွန့်ပစ်ခြင်းမပြုရ။

(ဋ ) မည်သူမျှ မိမိ၏အဆောက်အအုံ အဝန်းအဝိုင်းမှထွက်ရှိသော အညစ်အကြေး သို့မဟုတ် ရေဆိုးကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင်မိလ္လာပြွန်စနစ်သို့ ဆက်သွယ် စွန့်ပစ်ခြင်းမပြုရ။

၅၉။ စျေးများဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ စည်ပင်သာယာစျေးအတွင်း စည်းကမ်းဖောက်ဖျက်၍ စျေးရောင်းချခြင်း မပြုရ။

(ခ ) မည်သူမျှ စည်ပင်သာယာစျေးဧရိယာအတွင်း မှတ်ပုံတင်ခွင့်ပြုထားသော စျေးသည်မှအပ ခွင့်ပြုချက် မရရှိဘဲ စျေးရောင်းချခြင်း၊ တည်ခင်းခြင်း၊ ပြသခြင်း၊ ကြော်ငြာခြင်းမပြုရ။

(ဂ ) မည်သူမျှ မမှန်ကန်သည့်အလေးချိန်ခွင်၊ အချိန်အတွယ်၊ အတိုင်းအတာတို့ဖြင့် ရောင်းချခြင်းမပြုရ သို့မဟုတ် ထိုအလေး၊ ချိန်ခွင်၊ အချိန်အတွယ်၊ အတိုင်းအတာများကို စစ်ဆေးရန် တောင်းဆိုသည်ကို ပျက်ကွက်ခြင်းမရှိစေရ။

(ဃ) မည်သူမျှ စည်ပင်သာယာစျေးနယ်နိမိတ်အတွင်း ယာယီ သို့မဟုတ် အမြဲတမ်း အဆောက်အအုံကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းမပြုရ။

(င ) မည်သူမျှ လူတို့စားသုံးရန်မသင့်သော သား ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံစသည့် အစားအသောက် များ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသည့် ဆေးဝါး၊ အစားအသောက်၊ လူသုံးကုန်၊ အသုံးအဆောင် ပစ္စည်းများနှင့် အခါအားလျော်စွာ အမိန့်ထုတ်ပြန်၍ တားမြစ်ထားသည့်ပစ္စည်းများကို စည်ပင်သာယာစျေးနယ်နိမိတ်အတွင်း ရောင်းချခြင်း၊ တည်ခင်းခြင်း၊ သိုလှောင်ခြင်း မပြုရ။

(စ ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာစျေးအတွင်း ကော်မတီက သတ်မှတ်ထားသော နေရာမှအပ အခြားနေရာများတွင် မော်တော်ယာဉ်နှင့် အနှေးယာဉ်များကို ယူဆောင်ခြင်း၊ မောင်းနှင် စီးနင်းခြင်းမပြုရ။

(ဆ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာစျေး နယ်နိမိတ်အတွင်းတွင် မီးဖိုခြင်း၊ အမှိုက်မီးရှို့ခြင်း၊ ချက်ပြုတ်ကြော်လှော်ခြင်း မပြုလုပ်ရ။

(ဇ ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာစျေးအတွင်း လျှပ်စစ် ဓါတ်အားနှင့် ရေ ဆက်သွယ်အသုံးမပြုရ။

(စျ ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာစျေးအတွင်း သတ်မှတ်ထားသည့် လျှပ်စစ် ဓါတ်အားထက် ပိုမိုသုံးစွဲခြင်းမပြုရ။

(ည) မည်သူမျှ စည်ပင်သာယာစျေးအတွင်း အများပြည်သူကို အနှောင့်အယှက် ဖြစ်စေသော ပြုလုပ်မှု တစ်ခုခုကို မပြုလုပ်ရ။

(ဋ ) မည်သူမျှ စည်ပင်သာယာစျေးအတွင်း ကော်မတီကသတ်မှတ်ပေးထားသော နေရာတွင်မှအပ အခြား နေရာတွင် အစားအစာအလို့ငှာ တိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ အမွှေးနုတ်ခြင်း၊ ရောင်းချခြင်း၊ ရောင်းချရန်အတွက်ပြင်ဆင်ခြင်းမပြုရ။

(ဌ ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ စည်ပင်သာယာစျေးအတွင်း အလှူငွေနှင့် အခြားရန်ပုံ ငွေများကောက်ခံခြင်း၊ ဖျော်ဖြေပွဲများပြုလုပ်ခြင်း၊ မျက်လှည့်ပြခြင်း၊ ဟောပြောခြင်း၊ တရားပွဲများ၊ နတ်ပွဲများ၊ အခြားပွဲများ ကျင်းပခြင်းမပြုရ။

(ဍ ) စည်ပင်သာယာစျေးအတွင်း ကော်မတီ၏ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းထားသော စျေးသူစျေးသား ကိုယ်စားလှယ်များပါဝင်သည့် စျေးသာယာရေးအဖွဲ့များသည်ခွင့်ပြုချက်မရှိဘဲ အဖွဲ့အား ပြင်ဆင်၊ တိုးချဲ့ ဖွဲ့စည်းခြင်း၊အလှူငွေကောက်ခံခြင်း၊ စျေးလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရ။

၆၀။ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက စီမံပြုလုပ်ထားသော လမ်းလယ်ကျွန်း၊ မြက်ခင်းအဝိုင်း၊ တြိဂံမြက်ခင်း၊ ပျိုးခြံ၊ ပန်းဥယျာဉ်၊ ကွက်လပ်မြေနေရာ သို့မဟုတ် လမ်းလယ်ပန်းခုံ စိုက်ပျိုးထားသည့် မြက်ခင်း၊ အပင် သို့မဟုတ် တပ်ဆင်ထားသည့် ပစ္စည်း များကို ယူဆောင်ခြင်း၊ ဖျက်ဆီး ခြင်း သို့မဟုတ် ပျက်စီးစေခြင်း မပြုရ။

(ခ ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကစီမံပြုလုပ်ထားသော လမ်းလယ် ကျွန်း၊ မြက်ခင်း အဝိုင်း၊ မြေကွက်လပ်၊ မြေနေရာ၊ တြိဂံမြက်ခင်း၊ ပျိုးခြံ၊ ပန်းဥယျာဉ်၊ အားကစားကွင်း နေရာ၊ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး မြေနေရာ၊ မြေယာရှုခင်း နေရာများတွင် ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ကျူးကျော်ခင်းကျင်းခြင်း၊ လူဝင်ရောက်နေထိုင်ခြင်း၊ ကစားခုန်စားပြုလုပ်ခြင်း၊ စျေးရောင်းချခြင်း မပြုရ။

(ဂ ) မည်သူမျှ ပန်းဥယျာဉ်၊ ကွက်လပ်မြေနေရာ သို့မဟုတ် ရှုခင်းနေရာအတွင်းရှိ ရေကန်၊ ရေကန်ပေါင် သို့မဟုတ် ရေလှောင်ကန်ကို ဖျက်ဆီးခြင်း သို့မဟုတ် ပျက်စီးစေခြင်း မပြုရ။

(ဃ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော သစ်ပင်များ၊ စိုက်ပျိုးထားသောသစ်ပင်များကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ခုတ်ထွင်ခြင်း၊ ချိုးဖဲ့ခြင်း၊ ချိုင်ခြင်း၊ ရွှေ့ပြောင်းခြင်း သို့မဟုတ် ခုတ်လှဲခြင်းမပြုရ။

(င ) မည်သူမျှ ခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင် ပန်းဥယျာဉ်များ၊ ရှုခင်းနေရာများနှင့် ကွက်လပ် မြေနေရာ များတွင် အဆောက်အအုံ ဆောက်လုပ်ခြင်း၊ အပင်စိုက်ပျိုးခြင်း၊ အားကစားကွင်း ပြုလုပ်ခြင်း သို့မဟုတ် ပြပွဲပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ပွဲလမ်းသဘင်များ၊ အခမ်းအနားများ ကျင်းပခြင်း မပြုရ။

(စ ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အစိုးရဌာနအဖွဲ့အစည်းများက ဆောင်ရွက်သည့် ကိစ္စမှအပ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ စီးပွားရေးအလို့ငှာ ပျော်ရွှင်ဖွယ်အားကစားကွင်းများ၊ ကျန်းမာရေး လေ့ကျင့်ခန်း အားကစားကွင်းများ၊ အားကစားရုံများ၊ အားကစားခန်းများ၊ ရေကူးကန်များနှင့် အားကစားနည်းပညာသင်တန်းကျောင်းများ ဖွင့်လှစ်လုပ်ကိုင်ခြင်း မပြုရ။

(ဆ) သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေနိုင်သည့် မီးရှို့ခြင်း၊ သစ်ပင်များ ခုတ်ထွင်ခြင်း၊ ရေနေသတ္တဝါများ၊ တိရစ္ဆာန်များ ဖမ်းဆီးခြင်းမပြုရ။

(ဇ ) ပန်းခြံများအတွင်းရှိ ရေကန်အတွင်းသို့ စီးပွားရေးလုပ်ငန်းများမှ ရေဆိုးများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း သန့်စင်ခြင်းမပြုဘဲ စွန့်ပစ် ခြင်း မပြုရ။

(စျ ) ဘီးတပ်လက်တွန်းလှည်း သို့မဟုတ် မသန်စွမ်းသူများ အသုံးပြုသည့် ယာဉ်ကိရိယာများမှအပ မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက စီမံပြုလုပ်ထားသော ပန်းခြံ၊ ပန်းဥယျာဉ် များအတွင်း အများပြည်သူ အပန်းဖြေလမ်းလျှောက်ရန်အတွက်သာ သတ်မှတ်ထားသော လမ်းအတွင်း စက်တပ် ယာဉ်၊ စက်မဲ့ယာဉ်များ ဝင်ရောက်မောင်းနှင်ခြင်း၊ စကိတ်စီးခြင်း မပြုရ။

၆၁။ အဆောက်အအုံဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ် ခြင်းလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ၊ အားပေးကူညီခြင်းမပြုရ။

(ခ ) မည်သူမျှ ကော်မတီကအဆောက်အအုံဆောက်လုပ်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရန် တားမြစ် ထားသောအဆောက်အအုံကို ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း မပြုရ။

(ဂ ) မည်သူမျှ ကော်မတီက အဆောက်အအုံ ဆောက်လုပ်ခွင့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းထား သော၊ အပြီးသတ် ပယ်ဖျက်ထားသော အဆောက်အအုံကို ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်းမပြုရ။

(ဃ) မည်သူမျှ ကော်မတီကခွင့်ပြုထားသည့် အဆောက်အအုံပုံစံနှင့် ကွဲလွဲခြားနားသည့် အဆောက်အအုံကို ဆောက်လုပ်ခြင်းမပြုရ။

(င ) မည်သူမျှ ဆောက်လုပ်ပြီးသော အဆောက်အအုံ တစ်ခုတွင် ဖြစ်စေ၊ ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းတစ်ခုတွင်ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်ခြင်း၊ အသုံးပြုခြင်း မပြုရ။

(စ ) မည်သူမျှ ကော်မတီကသတ်မှတ်သော မြို့နယ် သို့မဟုတ် လမ်းရှိလူနေထိုင်ရန်အတွက် ဆောက် လုပ်ထားသော အဆောက်အအုံတွင် ကော်မတီက ခွင့်မပြုသည့် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ခြင်း မပြုရ။

(ဆ) မည်သူမျှ ပစ္စည်းသိုလှောင်ရန်အတွက် ဆောက်လုပ်ထားသည့် အဆောက်အအုံတွင် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ နေထိုင်ခြင်းမပြုရ။

(ဇ ) မည်သူမျှ ကော်မတီက ထုတ်ပေးထားသော လိုင်စင်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကန်ထရိုက်တာ၊ ဗိသုကာအင်ဂျင်နီယာ၊ အဆောက်အအုံ အင်ဂျင်နီယာ သို့မဟုတ် အင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခြင်းမပြုရ။

(စျ ) မည်သူမျှ ကော်မတီက လူနေထိုင်ခြင်းမပြုရန် တားမြစ်ချက် သင်္ကေတ အမှတ်အသား ရေးမှတ်ထားသည့် အဆောက်အအုံ သို့မဟုတ် အဆောက်အအုံ၏ တစ်စိတ်တစ်ဒေသအတွင်း ဝင်ရောက်နေထိုင် ခြင်းမပြုရ။

(ည) မည်သူမျှ ကော်မတီက ဖြိုဖျက်ထားသည့် အန္တရာယ်ရှိ အဆောက်အအုံရှိရာ မြေကွက်အတွင်း ဝင်ရောက် နေထိုင်ခြင်းမပြုရ။

(ဋ ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်းရှိ အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် စမုတ်ဆောင်၊ လသာဆောင်၊ ဆင်ဝင်၊ နေကာ၊ တံစက်မြိတ်၊ လှေကားထစ်၊ အုတ်ခုံ၊ အုတ်မြစ်၊ ဆင်ခြေလျှော၊ ဓါတ်ဆီဆိုင်၊ ဓါတ်ဆီပန့်၊ မိလ္လာကန်၊ လူကူးခုံးကျော်တံတား၊ ယာယီမဏ္ဍပ် သို့မဟုတ် အခြားအဆောက်အအုံကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းမပြုရ။

(ဌ ) မည်သူမျှ ကော်မတီက ခွင့်ပြုထားသည့် အတိုင်းအတာထက်ပို၍ ကော်မတီပိုင်လမ်းပေါ်တွင် ဆောက်လုပ်ရေးပစ္စည်းများကို စုပုံထားခြင်းမပြုရ။

(ဍ ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကြော်ငြာဆိုင်းဘုတ်စိုက်ထူခြင်း၊ တပ်ဆင်ခြင်း၊ ကပ်ခြင်း၊ ချိတ်ဆွဲခြင်း သို့မဟုတ် ရေးဆွဲခြင်းမပြုရ။

(ဎ ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မူလရှိသောမြေအမြင့်ကို နှိမ့်ခြင်း၊ နိမ့်သွားစေခြင်း၊ မူလနိမ့်သည့်မြေ၊ မူလချိုင့်ဝှမ်း သို့မဟုတ် မူလရေအိုင်၊ ရေကန်ကိုမြေဖို့ခြင်း၊ ပုံသဏ္ဌန် ပြောင်းလဲခြင်း မပြုရ။

၆၂။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ ခြံထွက်အမှိုက်၊ စက်ရုံ၊ အလုပ်ရုံထွက်အမှိုက်၊ တည်ဆောက်ရေးလုပ်ငန်းထွက် အမှိုက်၊ စီးပွားရေးလုပ်ငန်းထွက်အမှိုက်၊ ဆေးရုံ၊ ဆေးခန်း စွန့်ပစ်ပစ္စည်းများ၊ ဘေးအန္တရာယ်ဖြစ်စေသော စွန့်ပစ်အမှိုက်များ၊ အီလက်ထရောနစ် စွန့်ပစ် အမှိုက်များနှင့် စက်ဆုပ်ဖွယ် အရာများကို ကော်မတီက သီးသန့် သတ်မှတ်ထားသည့် နေရာမှအပ သာမန်အမှိုက် စွန့်ပစ်ရန် စီမံထားရှိသည့် အမှိုက်ပုံး၊ အမှိုက်ကန်နှင့် အမှိုက်ပုံရန် သတ်မှတ်ထားသည့် နေရာတွင်လည်းကောင်း၊ အခြားနေရာတွင် လည်း ကောင်း စွန့်ပစ်ခြင်း မပြုရ။

(ခ ) မည်သူမျှ အဆောက်အအုံမြေညီထပ်နှင့် အထပ်အလွှာအဆင့်ဆင့်မှ အမှိုက် သို့မဟုတ် စက်ဆုပ် ဖွယ်အရာကို ရေမြောင်းအတွင်းသို့ဖြစ်စေ၊ အများပြည်သူနှင့် သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ ခြံဝင်းအတွင်းသို့ဖြစ်စေ၊ လှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက်စေခြင်း သို့မဟုတ် စွန့်ပစ် စေခြင်းမပြုရ။

(ဂ) မည်သူမျှ ပန်းဥယျာဉ်၊ ပန်းခြံ၊ အားကစားကွင်း၊ ကွက်လပ်မြေများအတွင်းသို့ဖြစ်စေ၊ ရေမြောင်း အတွင်းသို့ဖြစ်စေ၊ အများပြည်သူနှင့် သက်ဆိုင်သော လမ်းပေါ်သို့ဖြစ်စေ၊ နောက်ဖေးလမ်းကြား သို့ဖြစ်စေ၊ အမှိုက် သို့မဟုတ် စက်ဆုပ်ဖွယ်အရာကိုလှဲချခြင်း၊ ပစ်ချခြင်း၊ သွန်ချခြင်း၊ ကျရောက် စေခြင်း သို့မဟုတ် စွန့်ပစ်စေခြင်းမပြုရ။

(ဃ) မည်သူမျှ အမှိုက်ပုံး၊ အမှိုက်ကန် သို့မဟုတ် အမှိုက်ပုံရန်သတ်မှတ်ထားသော နေရာတွင် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ တူးခြင်း၊ ဆွခြင်း သို့မဟုတ် ပြန့်ကျဲစေခြင်း မပြုရ။

(င ) မည်သူမျှ အမှိုက်ပုံနေရာတွင် စုပုံပြီးသောအမှိုက်ကို မြေဆွေးအဖြစ် ပြောင်းလဲ အသုံးပြုရန်ဖြစ်စေ၊အခြားနည်း အသုံးပြုရန်ဖြစ်စေ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ယူဆောင်ခြင်းမပြုရ။

(စ ) မည်သူမျှ စက်ရုံ၊ အလုပ်ရုံနှင့်စီးပွားရေး လုပ်ငန်းတစ်ရပ်ရပ်မှ စွန့်ပစ်သော ရေဆိုးများကိုကော်မတီက သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ထားခြင်းမရှိဘဲ ရေမြောင်း များနှင့် မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ်ခြင်း၊ စီးဆင်းစေခြင်းမပြုရ။

(ဆ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲ သုသာန်တွင် မြေမြှုပ်ထားသော သို့မဟုတ် ဂူသွင်းထားသော အလောင်းကိုတူးဖော်ခြင်းသော်လည်းကောင်း၊ အအေးတိုက်အတွင်း ထားရှိသောအလောင်းကို ပြန်လည်ယူဆောင်ခြင်းသော်လည်းကောင်း မပြုရ။

(ဇ ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရရှိဘဲ ဂူကိုဖောက်ထွင်းခြင်း၊ ဖျက်ဆီးခြင်း၊ ပြောင်းရွှေ့ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းမပြုရ။

(စျ ) မည်သူမျှ ခွင့်ပြုချက်မရှိဘဲ -

(၁ )သုသာန်မှအပ အခြားနေရာတစ်ခုခုတွင် အလောင်းကို သင်္ဂြိုဟ်ခြင်း၊ အအေးခန်း ဖြင့် ထားသိုခြင်း မပြုရ။

(၂ )မိမိပိုင်အဆောက်အအုံကို အအေးတိုက်၊ အသုဘရှုအဆောင် သို့မဟုတ် မီး သင်္ဂြိုဟ်စက် အဖြစ် တည်ဆောက်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် လုပ်ကိုင်ခြင်းမပြုရ။

(ည) မည်သူမျှ ကော်မတီကထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရှိဘဲ အသုဘယာဉ် လုပ်ငန်း သို့မဟုတ် ခေါင်းအမျိုးမျိုးပြုလုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ခြင်း မပြုရ။

(ဋ ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အလောင်းသယ်ယာဉ်များနှင့် အသုဘယာဉ်များကို ကော်မတီက သတ်မှတ်ထားသည့် နေရာမှအပ အခြားနေရာတွင် ထားရှိခြင်း မပြုရ။

(ဌ ) မည်သူမျှ မည်သည့်စွန့်ပစ်အမှိုက်အမျိုးအစားကိုမဆို ကော်မတီကသတ်မှတ်ထားသော နေရာမှအပ မိမိပိုင်ခြံဝင်း၊ လုပ်ငန်းခွင်၊ အခြားပြင်ပမည်သည့်တစ်နေရာရာတွင်မဆို မီးရှို့ခြင်းမပြုရ။

(ဍ ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ စွန့်ပစ်အမှိုက်များကို သိမ်းဆည်းခြင်း၊ ထိုသို့ သိမ်းဆည်း အမှိုက်များကို ကော်မတီကသတ်မှတ်ထားသော အမှိုက်စွန့်ပစ်ရန်နေရာနှင့် အခြား နေရာများသို့ သယ်ယူစွန့်ပစ်ခြင်းမပြုရ။

(ဎ ) မည်သူမျှစက်ရုံ၊ အလုပ်ရုံနှင့်စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်မှ လေထုညစ်ညမ်းမှုဖြစ်စေနိုင်သော စွန့်ပစ်အခိုးအငွေ့များကို သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ သန့်စင်စေရန် ဆောင်ရွက်ထား ခြင်းမရှိဘဲ လေထုအတွင်းသို့ စွန့်ပစ်ခြင်း၊ စွန့်ထုတ်ခြင်းမပြုရ။

၆၃။လမ်းနှင့်တံတားဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်း သို့မဟုတ် တံတားကို ပိတ်ဆို့ခြင်း၊ ဖျက်ဆီးခြင်း၊ ဖြိုဖျက်ခြင်း၊ ပိုင်းဖြတ်ခြင်း သို့မဟုတ် ညစ်ညမ်းစေခြင်း မပြုရ။

(ခ ) မည်သူမျှ ကော်မတီပိုင်လမ်းနှင့် သတ်မှတ်သည့် လမ်းများပေါ်တွင် အောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို မပြုလုပ်ရ-

(၁ )ကျွဲ၊ နွား၊ ဆင်၊ မြင်း၊ မြည်း၊ လား၊ သိုး၊ ဆိတ်၊ ဝက်ကိုမောင်းနှင်ခြင်း၊ ဆွဲငင်ခြင်း၊ စီးနင်း ခြင်း၊ ချည်ထားခြင်း သို့မဟုတ် ထိန်းကျောင်းခြင်း။

(၂ )သဲ၊ မြေကြီး၊ ရွှံ့၊ ကျောက်စရစ်၊ ကျောက်ခဲ၊ အုတ်၊ အုတ်ကျိုး၊ အုတ်ပဲ့၊ သစ်တို သစ်စ၊ လွှစာမှုန့်၊ ကောက်ရိုး၊ တိရစ္ဆာန်ချေး၊ ညစ်ညမ်းသည့် အရည်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးစွန့်ပစ်အရည် သို့မဟုတ် ပစ္စည်းစသည်တို့ကို စွန့်ပစ်ခြင်း သို့မဟုတ် ဖိတ်စင်စေခြင်း။

(၃ )ကော်မတီက ခွင့်ပြုချက်မရှိဘဲ ကုန်ပစ္စည်းများကို ရောင်းချရန်ခင်းကျင်းခြင်း သို့မဟုတ် ပြုပြင်မွမ်းမံရန် နေလှန်းခြင်း၊

(ဂ ) မည်သူမျှ ကော်မတီပိုင်လမ်းများပေါ်တွင် အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို မပြုလုပ်ရ-

(၁ )ကျင်ကြီးစွန့်ခြင်း၊ ကျင်ငယ်စွန့်ခြင်း သို့မဟုတ် ရေချိုးခြင်း။

(၂ )ယာဉ်တစ်မျိုးမျိုးကို ရေဆေးခြင်း၊ ပြင်ဆင်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ညအိပ်ရပ်နားခြင်း။

(၃) ကစားခြင်း၊ စွန်လွှတ်ခြင်း။

(ဃ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကော်မတီကသတ်မှတ်သည့် လမ်းတွင် မောင်းနှင်ခွင့်မပြု သော မော်တော်ယာဉ် အမျိုးအစားကိုဖြစ်စေ ခွင့်ပြုသည့် ဝန်ချိန်ထက်ပိုသော မော်တော်ယာဉ်ကို ဖြစ်စေ မောင်းနှင်ခြင်းမပြုရ။

(င)မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်းအပေါ် အုပ်မိုး၍ ဖြစ်စေ၊ အစွန်းထွက်၍ဖြစ်စေ၊ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ဆောက်လုပ်ရေး ပစ္စည်းများ စုပုံထားခြင်း မပြုရ။

(စ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာလမ်း၊ စင်္ကြန်များပေါ်တွင် ကုန်ပစ္စည်း များ၊ ဆောက်လုပ်ရေး ပစ္စည်းများ၊ အိမ်ထောင်ပရိဘောဂများ၊ အဆောက်အအုံများ ချထားခြင်း၊ ဆောက်လုပ်ခြင်း၊ ပစ္စည်းများ စုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း သို့မဟုတ် ပြုပြင် မွမ်းမံ၊ နေလှန်းခြင်း မပြုရ။

(ဆ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ လမ်းအောက်ကဖြစ်စေ၊ လမ်းအပေါ်က ဖြစ်စေ၊ လူကူး လမ်းဖောက်လုပ်ခြင်းမပြုရ။

(ဇ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ကိုယ်ပိုင်လမ်းဖောက်လုပ်ခြင်းမပြုရ။

(စျ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီကတပ်ဆင်ထားသော လမ်းအမည်နှင့် လမ်းအမှတ်များကို ဖျက်ဆီးခြင်း၊ ရွှေ့ပြောင်းတပ်ဆင်ခြင်း သို့မဟုတ် အခြားအမည်ကို ပြောင်းလဲရေး သား၍ တပ်ဆင်ခြင်းမပြုရ။

(ည) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မူလသဘာဝ မြစ်ချောင်း၊ မြစ်ထွက်ပေါက်ကို ဖြစ်စေ၊ ယင်း၏ အစိတ်အပိုင်းကိုဖြစ်စေ၊ ကော်မတီပိုင် ရေမြောင်းကိုဖြစ်စေ၊ မြေအောက်ရေမြောင်းကို ဖြစ်စေ၊ သဘာဝအလျောက်ရှိပြီးသား ရေစီးကြောင်းရေမြောင်းကိုဖြစ်စေ၊ တစ်နည်းနည်းဖြင့် ပိတ်ဆို့ခြင်း၊ ရေလမ်းကြောင်း ပြောင်းလဲစေခြင်း၊ ရေစီးရေလာကို အနှောင့်အယှက် ဖြစ်စေခြင်း၊ မြေဖို့ခြင်း သို့မဟုတ် လွှဲပြောင်းစီးဆင်းစေခြင်းမပြုရ။

(ဋ) မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း မော်တော်ယာဉ်လိုင်း အသစ် ဖွင့်လှစ်တည်ထောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းမပြုရ။

(ဌ) အများပြည်သူသုံးလမ်းဘေးရေမြောင်းငယ်၊ ရေမြောင်းကြီး၊ မြစ်၊ မြစ်ထွက်ပေါက်၊ ချောင်းများ အတွင်းသို့ စွန့်ပစ်ပစ္စည်းများ၊ ရေဆိုးများ စွန့်ပစ်ခြင်း၊ ထားရှိခြင်းမပြုရ။

(ဍ) အများပြည်သူဆိုင်ရာ လမ်းနယ်နိမိတ်များပေါ်တွင် အကြောင်းမဲ့ ယာဉ်များကြာမြင့်စွာ ရပ်တန့်ခြင်း၊ ပြုပြင်ခြင်း၊ ထားရှိခြင်းမပြုရ။

(ဎ) အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် ယာဉ်များသွားလာခြင်း၊ ရပ်နားခြင်းတို့အတွက် အနှောင့် အယှက်ဖြစ်စေနိုင်သည့် အတားအဆီးများချထားခြင်းမပြုရ။

(ဏ) အများပြည်သူဆိုင်ရာ လမ်းနယ်နိမိတ်များပေါ်တွင် ညစ်ညမ်းအောင်မပြုရ။

(တ) အဆောက်အအုံများဆောက်လုပ်ရာတွင် ကားပါကင်၊ မီးစက်၊ ထရန်စဖော်မာတို့ကို မိမိပိုင်ဧရိယာ အတွင်းမှအပ သုံးစွဲခြင်းမပြုရ။

(ထ) အထပ်မြင့်များတွင် မိမိပိုင်ဧရိယာအတွင်းမှ ထွက်ရှိလာသော ရေဆိုးများကို အများပြည်သူဆိုင်ရာ ရေမြောင်းများ၊ မြစ်ချောင်းများအတွင်းသို့ ခွင့်ပြုချက်မဲ့ စွန့်ထုတ်၊ ဖောက်လုပ်၊ စီးဆင်းစေခြင်း မပြုရ။

(ဒ) မိမိပိုင်ဧရိယာအတွင်း ဝင်ထွက်သွားလာရန် ယာဉ်ဝင်ထွက်နေရာများကို ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ခြင်း၊ ခွင့်ပြုသတ်မှတ်သည့်ပုံစံမှကွဲလွဲ၍ ဆောင်ရွက်ခြင်းမပြုရ။

(ဓ) ခွင့်ပြုချက်မရှိဘဲ အများပြည်သူပိုင်လမ်း၊ စင်္ကြန်များ တူးဖော်ခြင်းမပြုလုပ်ရ။

(န) မည်သူမျှ လက်ရှိမြေပြင်အနေအထားကို ခွင့်ပြုမဲ့တူးဆွခြင်း၊ မြေဖို့ခြင်း၊ ပြုပြင်ခြင်းတို့ကို မပြု လုပ်ရ။

၆၄။ ယာဉ်၊ ကူးတို့၊ ပွဲရုံနှင့်ပုဂ္ဂလိကငွေချေးလုပ်ငန်းများအခွန်စည်းကြပ်ခြင်းနှင့် ကောက်ခံခြင်းဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ယာဉ်ရပ်နား စခန်းဖွင့်လှစ်ခြင်း၊ မော်တော်ယာဉ်ရပ်နားခ၊ မော်တော်ယာဉ် စောင့်ရှောက်ခ ကောက်ခံခြင်း မပြုရ။

(ခ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကသတ်မှတ်ထားသည့် နေရာနှင့် လမ်းမှအပ စည်ပင် သာယာပိုင်လမ်းများနှင့်မြေများပေါ်တွင် ၃ တန်အထက် ကုန်တင်ယာဉ်များ၊ ကုန်သေတ္တာတင် နောက်တွဲ ယာဉ်များကို ညအိပ်ရပ်နားခြင်း သို့မဟုတ် ဝင်ရောက်ခြင်းမပြုရ။

(ဂ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မိမိပိုင်မြေ သို့မဟုတ် မိမိလက်ဝယ်ရှိမြေကို အခကြေးငွေယူ၍သော်လည်းကောင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်းလုပ်ပိုင်ခွင့်ပေး၍သော် လည်းကောင်း၊ ယာဉ်ရပ်နားစခန်း၊ ယာဉ်ရောင်းဝယ်ရေး စခန်း သို့မဟုတ် ယာဉ်မောင်းသင်ကွင်း အဖြစ် မပြုလုပ်ရ။

(ဃ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ မိမိပိုင်မြေ သို့မဟုတ် အဆောက်အအုံကို အခကြေးငွေယူ၍သော်လည်းကောင်း၊ တစ်နည်းနည်းဖြင့် လွှဲပြောင်း လုပ်ပိုင်ခွင့်ပေး၍သော်လည်းကောင်း၊ ခရီးသည်များတင်ချပြုလုပ်သည့် မော်တော်ယာဉ် လက်မှတ်ရောင်းရန်နေရာ သို့မဟုတ် မော်တော်ယာဉ်များဝင်ထွက်ရပ်နားဂိတ်ထိုးရန် နေရာအဖြစ် မပြုလုပ်ရ။

(င) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင် လမ်း၊ လမ်းမြေ သို့မဟုတ် လူသွားစင်္ကြံတို့တွင် အနှေးယာဉ် ရပ်နားရန်နေရာအဖြစ် လည်းကောင်း၊ ခရီးသည်များ တင်ချပြုလုပ်သည့် မော်တော်ယာဉ် လက်မှတ်ရောင်းရန် နေရာအဖြစ်လည်းကောင်း၊ မော်တော် ယာဉ်များဝင်ထွက်ရပ်နားဂိတ်ထိုးရန် နေရာအဖြစ် လည်းကောင်း မပြုလုပ်ရ။

(စ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကထုတ်ပေးသော အနှေးယာဉ် မှတ်ပုံတင် လက်မှတ်နှင့် အနှေးယာဉ်မောင်းလိုင်စင်များမရှိဘဲ လမ်းပေါ်တွင် အနှေးယာဉ်ကို နင်းခြင်း၊ တွန်းခြင်း၊ ဆွဲခြင်း သို့မဟုတ် မောင်းနှင်ခြင်းမပြုလုပ်ရ။

(ဆ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်ထားသည့် နယ်မြေများ၊ လမ်းများနှင့် အချိန်တို့တွင် အနှေးယာဉ်ကိုနင်းခြင်း၊ တွန်းခြင်း၊ ဆွဲခြင်း သို့မဟုတ် မောင်းနှင်ခြင်းမပြုလုပ်ရ။

(ဇ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက ထုတ်ပေးသော ပုဂ္ဂလိက ငွေချေးလုပ်ငန်း လိုင်စင်မရှိဘဲ ပုဂ္ဂလိကငွေချေးလုပ်ငန်းမပြုလုပ်ရ။

(စျ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီကထုတ်ပေးသော ကူးတို့လုပ်ငန်း လိုင်စင်မရှိဘဲ ကူးတို့လုပ်ငန်းမပြုလုပ်ရ။

(ည) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ခရီးသည်တင် ယာဉ်ရပ်နားစခန်းများတွင် ကုန်တင်ယာဉ်များ၊ နောက်တွဲယာဉ်များနှင့် အခြားကန့်သတ်ထားသည့် ယာဉ်များဝင်ရောက် ရပ်နား ခြင်းမပြုရ။

(ဋ) မည်သူမျှ ကော်မတီက သတ်မှတ်ထားသည့် ယာဉ်ရပ်ရန် နေရာမှအပ အခြားမည်သည့် နေရာတွင်မှ ယာဉ်ရပ်ခြင်းမပြုရ။

၆၅။ တိရစ္ဆာန်များမွေးမြူခြင်း၊ ရောင်းချခြင်း၊ အသားထုတ်လုပ်ရုံများ တည်ထောင်ခြင်း၊ တိရစ္ဆာန်များ သတ်ဖြတ်ခြင်း၊ သားငါးများရောင်းချခြင်းဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း-

(၁) ကော်မတီကထုတ်ပေးသည့် လိုင်စင် သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ သားငါးများကို ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်းမပြုရ။

(၂) ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ နေအိမ်ဥပစာ အပါအဝင် မည်သည့်နေရာတွင်မဆို သားငါးများကို ရောင်းချခြင်းမပြုရ။

(၃) ရောဂါစွဲကပ်နေသည့် မည်သည့် တိရစ္ဆာန်ကိုမဆို စားသုံးရန်နှင့်ရောင်းချရန် အလို့ငှာ သတ်ဖြတ်ခြင်း၊ စားသုံးရန်မသင့်သော သားငါးများ ရောင်းချခြင်းမပြုရ။

(၄) ကော်မတီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရှိဘဲ မှတ်ပုံတင်ရန် လိုအပ်သည်ဟု သတ်မှတ်ထားသော အိမ်မွေးတိရစ္ဆာန်များကို မွေးမြူခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင် ခြင်း၊ ရောင်းချခြင်း မပြုရ။

(၅) ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူအား အန္တရာယ်ဖြစ်စေနိုင်သည်ဟု ကော်မတီကအခါအားလျော်စွာ သတ်မှတ်သော အခြားတိရစ္ဆာန်ကို မွေးမြူခြင်းမပြုရ။

(ခ ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီက အခါ အားလျော်စွာ သတ်မှတ်သည့် နယ်မြေဒေသတွင် ကျွဲ၊ နွားတိရစ္ဆာန်များကို ဖြစ်စေ၊ အိမ်မွေးတိရစ္ဆာန်မှအပ ကော်မတီက သတ်မှတ်သည့် အခြားတိရစ္ဆာန် တစ်မျိုးမျိုးကိုဖြစ်စေ၊ မွေးမြူခြင်း၊ ထိန်းကျောင်းခြင်း၊ မောင်းနှင်ခြင်း၊ ဆွဲယူခြင်း၊ စီးနင်းခြင်း သို့မဟုတ် သယ်ဆောင်ခြင်း မပြုရ။

(ဂ )မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း-

(၁ ) သက်ဆိုင်ရာအာဏာပိုင်က ဘာသာရေးနှင့် အခြားကိစ္စရပ်များအတွက် သတ်ဖြတ်ခွင့်အမိန့် ထုတ်ပေးသည့် ကိစ္စမှအပ ကော်မတီက ထုတ်ပေးသည့် သားသတ်ခွင့်လိုင်စင် မရှိဘဲ ကျွဲ၊ နွားတိရစ္ဆာန် အပါအဝင် တိရစ္ဆာန်များကို သတ်ဖြတ်ခြင်း မပြုရ။

(၂ ) ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကျွဲနွားပွဲစျေးများ၊ အသားထုတ်လုပ်ရုံများ တည် ထောင်ခြင်း မပြုရ။

(ဃ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ကော်မတီပိုင် သားသတ်ရုံနှင့် ကော်မတီကခွင့်ပြုသည့် သားသတ်ရုံများ၊ သတ်မှတ်နေရာများ၊ စျေးများမှအပ အခြားနေရာတစ်ခုခု တွင် ကျွဲ၊ နွားတိရစ္ဆာန် အပါအဝင် ကြက်၊ ဘဲ၊ ငှက်၊ ငုံး တစ်မျိုးမျိုးကို သိုလှောင်ခြင်း၊ အရှင် ရောင်းချခြင်း၊ သတ်ဖြတ်ခြင်းမပြုရ။

(င )မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီက သတ်မှတ်သည့် သား၊ ငါးများကို သတ်မှတ် သည့်သား၊ ငါးတင်ယာဉ်မှအပ အခြားယာဉ်တစ်မျိုးမျိုးကို အသုံးပြုသယ် ဆောင်ခြင်းသော်လည်း ကောင်း၊ သား၊ ငါးတင်ယာဉ်ဖြင့် ကော်မတီက သတ်မှတ်မထား သည့်လမ်းကြောင်းမှသယ်ဆောင် ခြင်းသော် လည်းကောင်း မပြုရ။

၆၆။ စီမံခန့်ခွဲရေးဆိုင်ရာ တားမြစ်ချက်များ

(က) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် အခြား မည်သည့် ခွင့်ပြုမိန့်၊ မှတ်ပုံတင်လက်မှတ်၊ လိုင်စင်တစ်မျိုးမျိုး ရှိစေကာမူ ကော်မတီက ထုတ်ပေးသော လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းတစ်ရပ်ရပ်ကို ဖြစ်စေ၊ တည်းခိုခန်း၊ ဘော်ဒါဆောင် လုပ်ငန်းကိုဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုရ။

(ခ )မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ယာယီဇာတ်ရုံ ဆောက်လုပ် ခြင်းမပြုရ။

(ဂ ) မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အိမ်ဆိုင်၊ ပစ္စည်းစုံဆိုင်၊ ကုန်ပဒေသာဆိုင် သို့မဟုတ် ကုန်တိုက်များ၊ ကိုယ်ပိုင်စျေးများ ဖွင့်လှစ်ရောင်းချ ခြင်းမပြုရ။

(ဃ) မည်သူမျှ ကော်မတီကထုတ်ပေးထားသော ယာဉ်ဖြင့်လှည့်လည်ရောင်းချခွင့် လိုင်စင်မရှိဘဲ မြို့တော် နယ်နိမိတ်အတွင်း ယာဉ်တစ်မျိုးမျိုးကိုအသုံးပြု၍ ထီလက်မှတ် သို့မဟုတ် ကုန်ပစ္စည်းများကို လှည့်လည် ကြော်ငြာခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရ။

(င ) မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ လမ်းဘေးစျေးဆိုင် ဖွင့်လှစ် ရောင်းချခြင်းမပြုရ။

(စ )မည်သူမျှ ကော်မတီ၏ခွင့်ပြုချက်မရဘဲ မြို့တော်နယ်နိမိတ်အတွင်း နံရံကပ်ဆိုင် ဖွင့်လှစ်ရောင်းချ ခြင်းမပြုရ။ လှေကားခွင်တွင် ဆိုင်ဖွင့်လှစ်ရောင်းချခြင်းမပြုရ။

(ဆ) မည်သူမျှ ကော်မတီခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း လုပ်ငန်းတစ်ရပ်ရပ်ကို ပတ်ဝန်းကျင် မှ ထောက်ခံမှုများရှိစေကာမူ အနာဂတ်တွင် ကော်မတီ ရည်မှန်းချက်ဖြစ်သော နိုင်ငံတကာမြို့တော် အဆင့်အတန်းနှင့် ညီညွတ်မှုမရှိ၍ မသင့်လျော်ဟု မှတ်ယူတားမြစ်ခြင်းကို လိုက်နာရန်ပျက်ကွက် ခြင်းမရှိစေရ။

(ဇ ) * xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၆၇။ **မည်သူမျှ ကော်မတီပိုင် မြေနှင့်ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့်မြေ၊ မြေကွက်လပ်များ နှင့် အရန်မြေများ ပေါ်တွင် ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ ပစ္စည်းများကို စုပုံခြင်း၊ အဆောက်အအုံများ၊ နေအိမ်များနှင့်တဲများကို ကျုးကျော်ဆောက်လုပ်ခြင်း၊ နေထိုင်ခြင်းမပြုရ။ ထို့ပြင် အခြားတစ်နည်းနည်းဖြင့်လည်း ကျူးကျော်ခြင်းမပြုရ။

*၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (အမှတ် ၄/၂၀၁၄)ဖြင့် မူလပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဇ) ကို ပယ်ဖျက်သည်။

**၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (အမှတ် ၄/၂၀၁၄)ဖြင့် မူလပုဒ်မ ၆၇ တွင် ပါရှိသော "နေထိုင်ခြင်းမပြုရ"ဆိုသည့် စကားရပ်၏နောက်တွင် "ထို့ပြင် အခြားတစ်နည်းနည်းဖြင့်လည်း ကျူးကျော်ခြင်းမပြုရ"ဆိုသည့်စကားရပ်ကို ဖြည့်စွက်သည်။


အခန်း (၂ဝ)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၆၈။ မည်သူမဆို ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ အနည်းဆုံးငွေဒဏ် ကျပ်တစ်သောင်းမှ အများဆုံးငွေဒဏ် ကျပ်ငါးသိန်း အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။

၆၉။ ပုဒ်မ ၆၈ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အဆိုပါ ဥပဒေပြဌာန်းချက်ကို ဆက်လက် ဖောက်ဖျက် ကျုးလွန်လျှင် သို့မဟုတ် လိုက်နာရန်ပျက်ကွက်လျှင် ထိုသူကို ဆက်လက်ဖောက်ဖျက် ကျုးလွန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းပြုသည့်နေ့အသီးသီးအတွက် တစ်နေ့လျှင် အနည်းဆုံးငွေဒဏ် ကျပ်တစ်သောင်းမှ အများဆုံး ငွေဒဏ် ကျပ်ငါးသောင်းအထိဖြစ်စေ၊ ထောင်ဒဏ် တစ်နှစ်အထိ ဖြစ်စေ ချမှတ်ရမည်။

၇၀။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျုးလွန်ကြောင်း သို့မဟုတ် လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ခြောက်လအထိဖြစ်စေ၊ အနည်းဆုံး ငွေဒဏ် ကျပ်တစ်သောင်းမှ အများဆုံး ငွေဒဏ် ကျပ်လေးသိန်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။

၇၁။ ပုဒ်မ ၇ဝ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အဆိုပါ ဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဆက်လက်၍ ဖောက်ဖျက်ကျုးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ထိုသူကို ဆက်လက်ဖောက်ဖျက်ကျုးလွန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းပြုသည့် နေ့အသီးသီး အတွက် တစ်နေ့လျှင် အနည်းဆုံးငွေဒဏ် ကျပ်တစ်သောင်းမှ အများဆုံးငွေဒဏ် ကျပ်ငါးသောင်း အထိ ဖြစ်စေ၊ ထောင်ဒဏ် ခြောက်လ အထိ ဖြစ်စေ ချမှတ်ရမည်။

၇၂။ မည်သူမဆို ဤဥပဒေနှင့်အညီ ကော်မတီကထုတ်ပြန်သည့်အမိန့်ကို ဖောက်ဖျက်ကျုးလွန်ကြောင်း သို့မဟုတ် လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် သုံးလ အထိဖြစ်စေ၊ အနည်းဆုံးငွေဒဏ် ကျပ်တစ်သောင်းမှ အများဆုံးငွေဒဏ် ကျပ်သုံးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။

၇၃။ ပုဒ်မ ၇၂ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အဆိုပါအမိန့်ကို ဆက်လက်၍ ဖောက်ဖျက် ကျုးလွန်လျှင် သို့မဟုတ် လိုက်နာရန်ပျက်ကွက်လျှင် ထိုသူကို ဖောက်ဖျက်ကျုးလွန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်း ပြုသည့်နေ့ အသီးသီးအတွက် တစ်နေ့လျှင် အနည်းဆုံးငွေဒဏ် ကျပ်တစ်သောင်း မှ အများဆုံး ငွေဒဏ်ကျပ် ငါးသောင်းအထိ ဖြစ်စေ၊ ထောင်ဒဏ် သုံးလ အထိ ဖြစ်စေ ချမှတ်ရမည်။

၇၄။ သက်ဆိုင်ရာတရားရုံးသည် ဤဥပဒေအရ ပြစ်မှုကျူးလွန်သူအား ပြစ်ဒဏ်ချမှတ်ရာတွင်-

(က) ချမှတ်သည့်ငွေဒဏ်ကို ကော်မတီ၏ ရန်ပုံငွေစာရင်းသို့ လွှဲပြောင်းပေးရမည်။

(ခ ) ပြစ်မှုကျူးလွန်သူက ကော်မတီပိုင် ပစ္စည်းတစ်ခုခု ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေပါက ပျက်စီးဆုံးရှုံးမှု ကြောင့် နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးငွေကို ဒဏ်ကြေးငွေအဖြစ် ထည့်သွင်း ချမှတ်ရမည်။ ထိုဒဏ်ကြေးငွေကို ကော်မတီ၏ ရန်ပုံငွေစာရင်းသို့ လွှဲပြောင်းပေးသွင်းရမည်။


အခန်း (၂၁)

အထွေထွေ

၇၅။ ကော်မတီဝင်များ၊ ခရိုင်စည်ပင်သာယာရေးကော်မတီများ နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီများ ရွေးချယ်တင် မြှောက်ရန် ရွေးကောက်တင်မြှောက်ပုံ နည်းစနစ်များကို နည်းဥပဒေတစ်ရပ် ပြဌာန်းထားရှိရမည်။

၇၆။ ကော်မတီသည် ကိုယ်ပိုင်အမည်၊ တံဆိပ်ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံ ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်တို့ရှိစေရမည်။

၇၇။ **ကော်မတီသည် စည်ပင်သာယာရေးလုပ်ငန်းများကို မိမိသဘောအလျောက် ဆောင်ရွက်ခွင့်ရှိသည်။ ကော်မတီသည် မိမိ၏ လုပ်ငန်းတာ ဝန်များနှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် မူဝါဒသဘော ပါရှိသော လုပ်ငန်းများကို လည်းကောင်း၊ မြို့တော် နယ်နိမိတ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အထူးစီမံကိန်းများနှင့် နှစ်ရှည် ရင်းနှီးမြှပ်နှံ၍ လုပ်ကိုင်ရမည့် လုပ်ငန်းများကိုလည်းကောင်း သတ်မှတ်ထားသော ရန်ပုံငွေပမာဏထက် ကျော်လွန်မည့် စည်ပင်သာယာရေး လုပ်ငန်းများနှင့် ချေးငွေရယူမှုများကိုလည်းကောင်း အစိုးရအဖွဲ့သို့တင်ပြ၍တည်ဆဲဥပဒေနှင့်အညီသက်ဆိုင်ရာ၏ခွင့်ပြုချက်ရရှိပြီးမှ ဆောင်ရွက်ရမည်။

** ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (အမှတ် ၄/၂၀၁၄)ဖြင့် မူလပုဒ်မ ၇၇ တွင်ပါရှိသော "အစိုးရအဖွဲ့၏ခွင့်ပြုချက်ရရှိပြီးမှ"ဆိုသည့်စကားရပ်ကို "အစိုးရအဖွဲ့သို့တင်ပြ၍ တည်ဆဲဥပဒေနှင့်အညီ သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရရှိပြီးမှ" ဆိုသည့်စကားရပ်ဖြင့် အစားထိုးသည်။

၇၈။ ဤဥပဒေအရ ပြစ်မှုများကို စစ်ဆေးစီရင်နိုင်ရန်အလို့ငှာ ကော်မတီသည် မြို့တော်နယ်နိမိတ် အတွင်း သင့်လျော်သည့် နေရာများ၌ တရားရုံးများနှင့်ဥပဒေရုံးများကို ထူထောင်ဖွင့်လှစ်ထားရှိနိုင်ရေး အတွက် အစိုးရအဖွဲ့မှ တဆင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် လည်းကောင်း တင်ပြဆောင် ရွက်ရမည်။

၇၉။ ဤဥပဒေအရ စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် ပြင်ပ ပုဂ္ဂိုလ်များအား လုပ်ငန်းဆောင်ရွက်ချိန်အတွင်း ပြည်သူ့ဝန်ထမ်းကဲ့သို့ ကာကွယ်စောင့်ရှောက်ပေးနိုင်သည်။

၈၀။ ဤဥပဒေပါ လုပ်ငန်းတာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်သော စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ကော်မတီဝင်များ၊ ဤဥပဒေအရ စည်ပင်သာယာရေးလုပ်ငန်းများအလို့ငှာ ခန့်အပ်ထားသည့် သို့မဟုတ် တာဝန်ပေး အပ်ထားသည့် အရာထမ်း၊ အမှုထမ်းများအပေါ် တရားမကြောင်းအရသော် လည်းကောင်း၊ ပြစ်မှုကြောင်းအရသော် လည်းကောင်း တရားစွဲခြင်းမပြုရ။

၈၁။ ကော်မတီက ခန့်အပ်တာဝန်ပေးထားသော ဓာတ်ခွဲ စမ်းသပ်စစ်ဆေးသူ၏ စစ်ဆေးချက် အစီရင်ခံစာကို ဤဥပဒေအရ စွဲဆိုသည့်အမှုများအတွက် ကျွမ်းကျင်သူ၏ စစ်ဆေးချက်ကဲ့သို့ သက်သေခံအဖြစ် လက်ခံနိုင်သည်။

၈၂။ အများပြည်သူများသည် မြို့တော်နယ်နိမိတ်အတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြည်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ပြုစုထိန်းသိမ်းရန် တာဝန်ရှိသည့်အလျောက် ဤဥပဒေအရ ထုတ်ပြန်ထားသည့် နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။

၈၃။ ဤဥပဒေမတိုင်မီ ထုတ်ပြန်ခဲ့သည့် စည်ပင်သာယာရေးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ဤဥပဒေ၏ရည်ရွယ်ချက်၊ သဘောထားများနှင့်မဆန့်ကျင်သရွေ့ ကျင့်သုံးနိုင်သည်။

၈၄။ ဤဥပဒေအရ ပေးအပ်သောတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် လိုအပ်ပါက ကော်မတီသည် သက်ဆိုင်ရာ ဌာနမှူးနှင့် စည်ပင်သာယာရေးအရာရှိ တစ်ဦးဦးကို လွှဲအပ်ဆောင်ရွက်စေနိုင်သည်။

**၈၄-က။ ဤဥပဒေအရ အရေးယူသောပြစ်မှုကို ရဲအရေးပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ် သတ်မှတ်သည်။

**၈၄-ခ။ ရန်ကုန်မြို့တော်မြူနီစီပါယ်အက်ဥပဒေ (၁၉၂၂ ခုနှစ်၊ မြန်မာနိုင်ငံ အက်ဥပဒေအမှတ် ၆) ပုဒ်မ ၂၁၄ တွင် မည်သို့ပင်ပါရှိစေကာမူ ဤဥပဒေအရစွဲဆိုသော ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ စွဲဆိုသည့် ကိစ္စတွင် ပြစ်မှုကျူးလွန်သည့်နေ့ရက်မှ (၃) နှစ်အတွင်း သို့မဟုတ် ပြစ်မှုကျူးလွန်သည်ကို သက်ဆိုင်ရာ တာ၀န်ရှိသူအရာရှိ သို့မဟုတ် အမှုထမ်းတစ်ဦးဦးက သိရှိသည့်နေ့မှ (၃) နှစ်အတွင်း တိုင်တန်းချက်အရမဟုတ်လျှင် မည်သည့်တရားရုံးကမျှ အရေးမယူရ။

** ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (အမှတ် ၄/၂၀၁၄)ဖြင့် မူလပုဒ်မ ၈၄ ၏ နောက်တွင် ပုဒ်မ ၈၄-က နှင့် ပုဒ်မ ၈၄-ခ တို့ကို ဖြည့်စွက်သည်။

၈၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ကော်မတီသည်-

(က) လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ ) လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် နိုင်သည်။

--------------------------------------------------------------------------------------

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲစည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

(ပုံ) မြင့်ဆွေ၊

ဝန်ကြီးချုပ်၊

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့။


ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၄ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥပဒေ အမှတ် ၄ ။)
၁၃၇၆ ခုနှစ်၊ တော်သလင်းလဆန်း၊ ၁၁ ရက်
(၂၀၁၄ ခုနှစ်၊ စက်တင်ဘာ လ ၄ ရက်)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေဟုခေါ်တွင်စေရမည်။

၂။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၀ ကို အောက်ပါအတိုင်း အစားထိုးရမည်-

"၁၀။ ကော်မတီ၏သက်တမ်းသည် အစိုးရအဖွဲ့၏ သက်တမ်းအတိုင်းဖြစ်သည်။

ခရိုင်စည်ပင်သာယာရေးကော်မတီနှင့် မြို့တော်စည်ပင်သာယာရေးကော်မတီတို့၏ သက်တမ်းသည် ကော်မတီ၏ သက်တမ်းအတိုင်း ဖြစ်ရမည်။"

၃။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၃ တွင်-

(က) ပုဒ်မခွဲ (ဂ)၊ (ည)၊ (ဋ) တို့ကို အောက်ပါအတိုင်း အစားထိုးရမည် -

"(ဂ) ကော်မတီပိုင်အဆောက်အအုံနှင့် မြေများကို စည်းကမ်းသတ်မှတ်၍ ငှားရမ်းခြင်း၊ အငှားချထားသည့် စာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ် ဖောက်ဖျက်သော အငှားယူသူများကို ဖယ်ရှားရှင်းလင်းခြင်း။"

"(ည) ဤဥပဒေပါ အရေးယူဆောင်ရွက်မှုများတွင် သတ်မှတ်ထားသော ဒဏ်ကြေးကို ပေးဆောင်ပါက အရေးယူဆောင်ရွက်မှုကို ရပ်ဆိုင်းနိုင်ခြင်း။"

"(ဋ) မြို့တော်နည်နိမိတ်အတွင်း လုပ်ငန်းတစ်ရပ်ရပ်ကို ပတ်၀န်းကျင်မှ ကန့်ကွက်မှုများရှိစေကာမူ ယင်းလုပ်ငန်းသည် နိုင်ငံတကာမြို့တော် အဆင့်အတန်းနှင့် ညီညွတ်မှုရှိ၍ သင့်လျော်သည်ဟု ကော်မတီက မှတ်ယူပါလျှင် အစိုးရအဖွဲ့သို့တင်ပြ၍ ခွင့်ပြုချက်ရပါက လုပ်ငန်းလုပ်ကိုင်ခွင့်ပြုနိုင်ခြင်း။ "

(ခ) ပုဒ်မခွဲ (ဋ) ၏နောက်တွင် ပုဒ်မခွဲ (ဌ) အဖြစ် အောက်ပါအတိုင်း ဖြည့်စွက်ရမည်-

" (ဌ) နိုင်ငံတော်သမ္မတကဖြစ်စေ၊ ၀န်ကြီးချုပ်ကဖြစ်စေ၊ တည်ဆဲဥပဒေနှင့်အညီ ပေးအပ်သော လုပ်ငန်းတာ၀န်များကို ဆောင်ရွက်ခြင်း။ "

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၁၆ တွင် ပါရှိသော "သက်ဆိုင်ရာအစိုးရဌာန" ဆိုသည့် စကားရပ်ကို "ပြည်ထောင်စုအစိုးရဌာန၊ တိုင်းဒေသကြီးအစိုးရဌာန"ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၅။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၃၂ နှင့် ပုဒ်မ ၆၆၊ ပုဒ်မခွဲ (ဇ) တို့ကို ပယ်ဖျက်ရမည်။

၆။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၇ တွင်ပါရှိသော "နေထိုင်ခြင်းမပြုရ"ဆိုသည့် စကားရပ်၏နောက်တွင် "ထို့ပြင် အခြားတစ်နည်းနည်းဖြင့်လည်း ကျူးကျော်ခြင်းမပြုရ"ဆိုသည့် စကားရပ်ကို ဖြည့်စွက်ရမည်။

၇။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၇၇ တွင် ပါရှိသော "အစိုးရ၏ ခွင့်ပြုချက်ရရှိပြီးမှ" ဆိုသည့် စကားရပ်ကို "အစိုးရအဖွဲ့သို့တင်ပြ၍ တည်ဆဲဥပဒေနှင့်အညီ သက်ဆိုင်ရာ၏ခွင့်ပြုချက် ရရှိပြီးမှ" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၈။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၈၄ ၏ နောက်တွင် ပုဒ်မ ၈၄-က နှင့် ပုဒ်မ ၈၄-ခတို့ကို အောက်ပါအတိုင်းဖြည့်စွက်ရမည်-

၈၄-က ဤဥပဒေအရ အရေးယူသော ပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုအဖြစ်သတ်မှတ်သည်။

၈၄-ခ ရန်ကုန်မြို့တော်မြူနီစီပါယ်အက်ဥပဒေ (၁၉၂၂ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပ​ဒေ အမှတ် ၆) ပုဒ်မ ၂၁၄ တွင် မည်သို့ပင် ပါရှိစေကာမူ၊ ဤဥပဒေအရစွဲဆိုသော ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ စွဲဆိုသည့် ကိစ္စတွင် ပြစ်မှုကျူးလွန်သည့် နေ့ရက်မှ ၃ နှစ်မအတွင်း သို့မဟုတ် ပြစ်မှုကျူးလွန်သည်ကို သက်ဆိုင်ရာတာ၀န်ရှိသူ အရာရှိ သို့မဟုတ် အမှုထမ်း တစ်ဦးဦးက သိရှိသည့်နေ့မှ ၃ နှစ်အတွင်း တိုင်တန်းချက်အရ မဟုတ်လျှင် မည်သည့်တရားရုံးကမျှ အရေးမယူရ။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

မြင့်ဆွေ၊
၀န်ကြီးချုပ်၊

ရန်ကုန်တိုင်းဒေသကြီ:အစိုးရအဖွဲ့။

Back to Top

  • ယနေ့ကြည့်ရှုသူ - ဦး
    ကြည့်ရှုသူစုစုပေါင်း - ဦး
  • ဘာသာစကား
  • © Copyright 2024.
    All Rights Reserved by YCDC