ရာပြတ်ဌာန

ရာပြတ်ဌာန နှင့် ပစ္စည်းခွန် အကြောင်း ရှင်းပြပေးစေလိုပါတယ်။
ရာပြတ်ဌာနဆိုသည်မှာ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းမှာရှိတဲ့ မရွှေ့မပြောင်းနိုင်သည့် မြေနှင့်အဆောက်အအုံပေါ်မှာ ရာပြတ်တန်ဖိုးသတ်မှတ်ပြီး လအလိုက် နှစ်အလိုက် ပစ္စည်းခွန်ကောက်ခံနိုင်ဖို့ တွက်ချက်စည်းကြပ်ပေးတဲ့ ဌာနတစ်ခု ဖြစ်ပါတယ်။ ပစ္စည်းခွန်ဆိုတာကတော့ မြေဖြစ်စေ၊ အဆောက်အအုံဖြစ်စေ၊ မြေနှင့် အဆောက်အအုံဖြစ်စေ ၄င်းတို့၏ နှစ်စဉ်/လစဉ် ရာပြတ်တန်ဖိုးအပေါ် သတ်မှတ်ထားသော ရာခိုင်နှုန်းများအရ ကောက်ခံတဲ့အခွန်ကို ခေါ်ပါတယ်။
ရာပြတ်တန်ဖိုးဆိုတာကရော ဘာပါလဲ။
ရာပြတ်တန်ဖိုးဆိုတာ မြေ၊ အဆောက်အအုံတွေအပေါ်ပစ္စည်းခွန်ကောက်ခံဖို့အတွက် ကော်မတီကသတ်မှတ်တဲ့ လစဉ်တန်ဖိုး၊ နှစ်စဉ်တန်ဖိုးများကို ဆိုလိုတာပါ၊ နှစ်စဉ်တန်ဖိုးဆိုတာ ပစ္စည်းခွန် စည်းကြပ်မယ့်မြေနှင့် အဆောက်အအုံကို မည်သည့်အသုံးအဆောင်ပရိဘောဂမျှ မပါဝင်ဘဲ ငှားရမ်းပါက တစ်နှစ်အတွက် ရရှိနိုင်မည်ဟု မျှော်မှန်းထားသော တန်ဖိုးငွေကိုခေါ်ဆိုသလို ပစ္စည်းခွန်စည်းကြပ်မည့် မြေနှင့်အဆောက်အအုံအပေါ် ကော်မတီက အခါအားလျော်စွာ သတ်မှတ်ပေးကာ အခြေခံစည်းကြပ်နှုန်းဖြင့်တွက်ချက်မှုများအရ ရရှိလာမယ့်တန်ဖိုးငွေလည်းပါဝင်ပါတယ်။
ပစ္စည်းခွန်ထဲမှာ ဘာအခွန်တွေထပ်ပါပါသလဲ။
ပစ္စည်းခွန်ထဲမှာ အထွေထွေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နဲ့အညစ်အကြေးခွန်ဆိုပြီး အရင်တုန်းကတော့ (၄)မျိုးခွဲခြားပါဝင်ပါတယ်။ယခုအခါမှာတော့ ရေခွန်နဲ့အမှိုက်နဲ့အညစ်အကြေးခွန်(သန့်ရှင်းရေးခွန်)တို့ကို သက်ဆိုင်ရာဌာနများက အဖိုးအခအဖြစ်ကောက်ခံပေးနေတဲ့အတွက် အထွေထွေခွန်နဲ့မီးခွန်တို့ကိုသာ အဓိကထားကောက်ခံလျှက်ရှိပါတယ်။
ကောက်ခံရရှိတဲ့ အခွန်ငွေတွေကို ဘယ်နေရာတွေမှာ အသုံးပြုပါသလဲ။
ရန်ကုန်မြို့တွင်း အများပြည်သူဆိုင်ရာ လမ်းများ၊ တံတားများ၊ ရေမြောင်းများ၊ စျေးများ၊ ပန်းခြံများ၊ အားကစားကွင်း စသည်များ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရာမှာ ကုန်ကျတဲ့စရိတ်များနဲ့ လမ်းများ၊ တံတားများ၊ ပန်းခြံများမှာ မီးထွန်းပေး ရတဲ့ ကုန်ကျစရိတ်တွေမှာ ပြန်လည်အသုံးပြုပါတယ်။
အခြားဌာနတွေမှာ ရှိတဲ့ ရာပြတ်ဆိုတာနဲ့ ဘာတွေကွာခြားပါသလဲ။
ဘဏ်ရာပြတ်၊ အကောက်ခွန်ရာပြတ်၊ ပြည်တွင်းအခွန်ရာပြတ်၊ ကျောက်မျက်ရတနာ ရာပြတ်စတဲ့ ရာပြတ်တွေနဲ့ မတူပါဘူး။ ကျွန်တော်တို့ ရာပြတ်ဌာနဆိုတာကတော့ ပစ္စည်းခွန် (Property Tax) ကောက်ခံဖို့အတွက်သာ မြေနဲ့အဆောက်အအုံတွေပေါ်မှာ တန်ဖိုးတွက်ချက်ပေးတဲ့ဌာနတစ်ခုဖြစ်ပါတယ်။ ကာလတန်ဖိုးကို ဖြတ်ဆိုပေးရတာမျိုးမဟုတ်ပါဘူး။ အများပြည်သူ ကတော့ ပစ္စည်းခွန်ကို မြူနီစပယ်ခွန်၊ ကွာတာကြေး၊ အိမ်ခွန်၊ စည်ပင်ခွန်လို့ သိကြပါတယ်။
ပြည်တွင်းအခွန်နဲ့ ရာပြတ်ဌာနက ကောက်ခံတဲ့အခွန် ဘာကွာခြားပါသလဲ။
ပြည်တွင်းအခွန်ကတော့ လူကြီးမင်းတို့ရရှိတဲ့ ဝင်ငွေအပေါ်မှာ ဝင်ငွေခွန်၊ ကုန်သွယ်မှု အပေါ်မှာ ကုန်သွယ်လုပ်ငန်းခွန်၊ အိမ်ခြံမြေရောင်းဝယ်ပြုလုပ်ပါက တံဆိပ်ခေါင်းခွန်၊ ရင်းနှီးမြှုပ်နှံခွန် စတာတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ခံနေတာဖြစ်ပြီး ရာပြတ်ဌာနက ကောက်ခံတဲ့ ပစ္စည်းခွန်ကတော့ ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်းမှာရှိတဲ့ လူကြီးမင်းတို့ရဲ့ မြေနဲ့အဆောက်အအုံများကို ကိုယ်ပိုင် အသုံးပြုခြင်း သို့မဟုတ် ငှားရမ်းထားခြင်းအပေါ် လစဉ်၊ နှစ်စဉ် စည်းကြပ်ကောက်ခံရတာဖြစ်လို့ ပြည်တွင်းအခွန်နဲ့ လုံးဝကွဲပြားခြားနားပါတယ်။
ပစ္စည်းခွန်ကို မဆောင်မနေရ ဆောင်ရပါသလား။ မဆောင်ရင် ရပါသလား။
ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်းမှာ မြေနှင့်အဆောက်အအုံပိုင်ဆိုင်မှုရှိရင် ပစ္စည်းခွန်ကို မဆောင်မနေရပေးဆောင်ရမှာ ဖြစ်ပါတယ်။ကော်မတီကစည်းကြပ်ပြီးဖြစ်တဲ့အခွန်ကို မပေးဆောင်ရင်တော့ စည်ပင်သာယာတည်ဆဲဥပဒေများအရ အရေးယူခြင်းခံရနိုင်ပါတယ်။
ဘယ်လိုအဆောက်အအုံတွေကို ပစ္စည်းခွန်ကင်းလွတ်ခွင့်ပြုပါသလဲ။
ဘာသာရေးအတွက် အများပြည်သူ သီးသန့်အသုံးပြုတဲ့ မြေနှင့်အဆောက်အအုံများ၊ ကော်မတီပိုင်မြေနှင့် အဆောက်အအုံများ၊ သင်္ချိုင်းမြေများကိုတော့ ဥပဒေအရ ပစ္စည်းခွန်စည်းကြပ်ကောက်ခံခြင်းမပြုပါဘူး။ ဒါပေမယ့် ဘာသာရေးနှင့်ပတ်သက်သော်လည်း မြေနှင့်အဆောက်အအုံများမှာ စီးပွားရေးတစ်ခုခုလုပ်ကိုင်ရင် ဒါမှမဟုတ် ငှားရမ်းထားရင် ပစ္စည်းခွန်စည်းကြပ်ကောက်ခံပါတယ်။
ရာပြတ်ဌာနက ကောက်ခံနေတဲ့ အခွန်နှုန်းထားတွေက ဘာလို့ တစ်ခုနဲ့တစ်ခုကွာခြားနေပါသလဲ။
မြို့နယ်အတန်းအစားတွေမတူတာ၊ လမ်းအကျဉ်း / အကျယ်၊ လမ်းမကြီး / ငယ် ကွာတာ၊ အဆောက်အအုံ ပုံသဏ္ဍာန်နဲ့အမျိုးအစားတွေ ကွဲပြားတာ၊ အသုံးပြုပုံတွေ ခြားနားတာတွေကြောင့် ပစ္စည်းခွန်နှုန်းထားတွေ အနည်းအများကွာခြားသွားတာ ဖြစ်ပါ တယ်။
ပစ္စည်းခွန်များကို အဆင်ပြေချောမွေ့စွာ လွယ်လင့်တကူပေးဆောင်နိုင်ရေးအတွက် ဌာနအနေနဲ့ဘယ်လိုတွေဆောင်ရွက်ပေးနေပါသလဲ။
ပစ္စည်းခွန်များကို အခွန်ထမ်းက ဌာနသို့လာရောက်ပေးဆောင်တဲ့အခါ ဌာနမှာ e-Challan ထုတ်ယူပြီး ဒီ e-Challan နဲ့ နီးစပ်ရာရန်ကုန်မြို့တော်ဘဏ်နှင့် ဧရာဝတီဘဏ်များမှာ အခွန်ထမ်းကိုယ်တိုင်တိုက်ရိုက်ပေးဆောင်နိုင်ပါတယ်။ အခွန်ထမ်းမှ လာရောက်နိုင်ခြင်းမရှိပါက e-Challan ကို email, Fax, Viber နည်းလမ်းများဖြင့် အခွန်ထမ်းထံပေးပို့မှာဖြစ်ပြီး လက်ခံရရှိတဲ့ Code အမှတ်ပါ ပြေစာကို Print ထုတ်ယူ၍လည်းကောင်း၊ ပေးပို့ထားတဲ့ပုံကို နီးစပ်ရာ မြို့တော်ဘဏ်၊ ဧရာဝတီဘဏ်ခွဲများတွင်ပြသပြီး ပေးဆောင်နိုင်ပါတယ်။ ဒါ့အပြင် ၄င်းဘဏ်တွေမှာ ငွေစာရင်းဖွင့်လှစ်ထားသူများအနေဖြင့် ငွေစာရင်းလွှဲပြောင်းပေးသွင်းခြင်းများပြုလုပ်နိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက www.ycdc.gov.mm ဝဘ်ဆိုဒ်ရှိ ရာပြတ်ဌာနနှင့်ဆက်သွယ်ရန် တယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ယခုဆိုရင် City Pay Application ကနေပေးဆောင်နိုင်စေဖို့ဆောင်ရွက်နေပါတယ်။
ပစ္စည်းခွန်ပေးဆောင်ခြင်းဖြင့် အခွန်ထမ်းပြည်သူများဘက်က ဘယ်လိုအကျိုးကျေးဇူး များရရှိနိုင်ပါသလဲ။
ပစ္စည်းခွန်ပေးဆောင်ခြင်းမှ ရရှိသောဝင်ငွေများဖြင့် ရန်ကုန်မြို့တော်ရဲ့ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ၊ စည်ပင်သာယာရေးဆိုင်ရာဝန်ဆောင်မှုများ၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစတဲ့လုပ်ငန်းများမှာ ပြန်လည်ကျခံသုံးစွဲခြင်းဖြစ်သည့်အတွက် ပစ္စည်းခွန်ပေးဆောင်သည့်အခွန်ထမ်းပြည်သူ တစ်ဦးချင်းအတွက် တိုက်ရိုက်လက်ငင်းအကျိုးခံစားခွင့်မရှိသော်လည်း မြို့တော်နေပြည်သူအားလုံးအတွက် နောင်အချိန်မှာ ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်အကျိုးကျေးဇူးများကို ခံစားရရှိမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း Local Government တွေဟာ ပစ္စည်းခွန်အပေါ်ရပ်တည်ပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေကြရတာဖြစ်ပါတယ်။
မြေနှင့်အဆောက်အအုံကို ပိုင်ရှင်ထံမှ ငှားရမ်းအသုံးပြုပါက ပစ္စည်းခွန်ကို မည်သူက ပေးဆောင်ရပါသလဲ။
အမှန်တစ်ကယ်အားဖြင့် အဲ့လိုဖြစ်စဉ်တွေမှာ ပစ္စည်းခွန်ပေးဆောင်ဖို့ကို ပိုင်ရှင်ဖြစ်သူရော၊ ငှားရမ်းအသုံးပြုသူရော နှစ်ဦးနှစ်ဖက်လုံးမှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် မြေနှင့် အဆောက်အအုံ၊ အခန်း ငှားရမ်းခြင်းနှစ်ဦးသဘောတူစာချုပ်ပါ အချက်များအတိုင်း ကာယကံရှင်များက လိုက်နာဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ပစ္စည်းခွန်စည်းကြပ်ရာမှာ ဌာနကို တင်ပြလာတဲ့ ငှားရမ်းခြင်းသဘောတူစာချုပ်မှာ ပါရှိတဲ့အတိုင်း ပေးဆောင်ရမည့် သူကို စည်းကြပ်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ငှားရမ်းခြင်းစာချုပ်များ ချုပ်ဆိုကြတဲ့အခါ မည်သူက ပစ္စည်းခွန်ပေးဆောင်ရမည်ဆိုတဲ့အချက်ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားပြီးမှ ချုပ်ဆိုဆောင်ရွက်သင့်တယ်လို့ အကြံပြုတင်ပြလိုပါတယ်။